【 ဆောင်းပါး 】စပ်မျိုးစပါးနှင့်မြန်မာနိုင်ငံ

【 ဆောင်းပါး 】စပ်မျိုးစပါးနှင့်မြန်မာနိုင်ငံ

တစ်နှစ်ထက်တစ်နှစ် တိုးလာသော ကမ္ဘာ့လူဦးရေ၏ စားနပ်ရိက္ခာကို ဖူလုံရန်အတွက် စပ်မျိုးစပါးစိုက်ပျိုးမှုသည် ကမ္ဘာ့စားနပ်ရိက္ခာအခက်အခဲကို ဖြေရှင်းနည်းတစ်မျိုးဖြစ်လာသည်။ စပ်မျိုးစပါးဆိုသည်မှာ မျိုးမတူသောစပါးနှစ် မျိုးကို စပ်ထားပြီး အလွန်သန်မာကြီးထွား၍ အထွက်နှုန်းကောင်းသော စပါးမျိုးဖြစ်သည်။
 
စပ်မျိုးစပါးကို တရုတ်နိုင်ငံမှ သိပ္ပံပညာရှင် ယွမ်လုံဖိန်က တီထွင်ဖန်တီးခဲ့ခြင်းဖြစ်သည်။ ၎င်းကွယ်လွန်သွားပြီဖြစ်သော်လည်း စပ်မျိုးစပါးဖြစ်ထွန်းခြင်း၏ အောင်မြင်မှုများကို နှစ်စဉ်နှစ်တိုင်း တရုတ်နိုင်ငံတွင် အထိမ်း အမှတ်များ ကျင်းပပြုလုပ်လျက်ရှိသည်။
 
ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်က တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ ချန်ဆားမြို့တွင် စပ်မျိုးစပါးသုတေသန ပြုလုပ်မှုအောင်မြင်ခြင်း နှစ် ၅၀ ပြည့် နိုင်ငံတကာပညာရပ်ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ နှစ်ပေါင်း ၅၀ အတွင်း တရုတ်နိုင်ငံတွင် စပ်မျိုးစပါး စိုက်ပျိုးသည့်ဧက သန်း ၉၀၀၀ အထိ ရှိလာပြီး စုစုပေါင်းအထွက်တိုးသည့် ဆန်စပါး ပမာဏသည် ကီလိုဂရမ် ၈၀၀ ဘီလီယံအထိ ရှိကြောင်း သိရသည်။
 
တရုတ်နိုင်ငံတွင် နှစ်စဉ်စပ်မျိုးစပါး စိုက်ပျိုးသည့်ဧရိယာပေါင်း ဟက်တာ ၁၇ သန်းကျော်ရှိပြီး နှစ်စဉ်အထွက် တိုးသည့် ဆန်စပါးပမာဏသည် တန်ချိန် ၂ ဒသမ ၅ သန်းခန့်ရှိလာ၍ နှစ်စဉ်လူဦးရေ သန်း၈၀ အတွက် ပိုမို စိုက်ပျိုးနိုင်ပြီဖြစ်သည်။
 
ထို့ကြောင့် တရုတ်နိုင်ငံ၏ ဂုဏ်ထူးဆောင်အမှတ်တံဆိပ် ချီးမြှင့်ခံခဲ့ရသော စပ်မျိုးစပါးတီထွင်ဖန်တီးသူ သိပ္ပံပညာရှင်ယွမ်လုံဖိန်၏ ကျေးဇူးတရားများကို တရုတ်နိုင်ငံတွင် အောက် မေ့တသသ ရှိနေဆဲဖြစ်သည်။
 
သိပ္ပံပညာရှင်ယွမ်လုံဖိန်သည် စပ်မျိုးစပါးနှင့်ပတ်သက်၍ အမျိုးမျိုးသုတေသန ပြုလုပ်ပြီးနောက် ၁၉၇၄ ခုနှစ်တွင် ဟူနန်ပြည်နယ်၌ စတင်စမ်းသပ်စိုက်ပျိုးခဲ့သည်။ ၁၉၇၆ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ တရုတ်နိုင်ငံတွင် စပ်မျိုးစပါး စိုက်ပျိုးမြေဧရိယာ ၁ ဒသမ ၁ ဘီလီယံဧက တိုးလားပြီး စပါးထွက်နှုန်း ကီလိုဂရမ် ဘီလီယံ ၁၀၀ အထိ တိုးလာခဲ့ ကြောင်းသိရသည်။
 
တရုတ်နိုင်ငံက စတင်သုတေသနပြုလုပ်ပြီး ကျယ်ပြန့်စွာ စိုက်ပျိုးခဲ့သော စပ်မျိုးစပါးကို အခြားနိုင်ငံများတွင်လည်း မိမိတို့နိုင်ငံနှင့် သင့်တော်မည့် စပ်မျိုးစပါးများအား ရှာဖွေဖော်ထုတ်၍ စိုက်ပျိုးလျက်ရှိသည်။
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နွေရာသီစပ်မျိုးစပါးအထွက်နှုန်း တိုးလာ၍ ၎င်းတို့နိုင်ငံ၏ အစိုးရက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တောင်သူဦးရေ ၁၅ သိန်းကို စပ်မျိုးစပါးမျိုးစေ့များ အခမဲ့ပေးဝေခဲ့သည်။ လယ်မြေဟက်တာ နှစ်သိန်းတွင် စပ်မျိုးစပါး စိုက်ပျိုးခဲ့ပြီး စပါးတန်ချိန် ၉ ဒသမ ၈၃ သိန်း တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည်ဟု သိရသည်။
 
မြန်မာနိုင်ငံတွင်လည်း စပ်မျိုးစပါးကို ၁၉၉၁ ခုနှစ်ကပင် International Rice Research Instiute (IRRI) မှ စပ်မျိုးစပါးသုတေသနကို စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့၏ အကူအညီဖြင့် စပ်မျိုးစပါး နည်းပညာသင်တန်းများ ရရှိခဲ့သည်ဟုသိရသည်။
 
မြန်မာနိုင်ငံတွင် စပ်မျိုးစပါးစိုက်ဧရိယာ နည်းပါးလျက်ရှိနေသေးသည်။ ပြည်တွင်းစပါးစိုက်ဧက ၃၅ ရာခိုင်နှုန်း ခန့်ရှိပြီး စပ်မျိုးစပါးစိုက်ပျိုးဧက တစ်ရာခိုင်နှုန်းမျှသာရှိသည်။ မြန်မာ နိုင်ငံတွင် စပါးကို စိုက်ပျိုးနည်းအမျိုးမျိုးဖြင့် စိုက်ပျိုးကြပါသည်။ စပ်မျိုးစပါးတွင် အားသာချက်များလည်းရှိသလို အားနည်းချက်များ လည်းရှိသည်။
 
စပ်မျိုးစပါးက မျိုးခံစိုက်၍မရသောစပါးမျိုးဖြစ်ပြီး နှစ်စဉ်စပ်မျိုးစေ့ကို ဝယ်စိုက်ရခြင်းဖြစ်သည်။ အထွက် ကောင်းစပါးမျိုးကဲ့သို့ စိုက်ပျိုးနိုင်၍ အထွက်ကောင်းစပါးမျိုးထက် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းမျှ အထွက်နှုန်း ပိုများသည်။ တချို့က အထူးအထွက်တိုးစပါးဟူ၍ ခေါ်ဆိုကြသည်။ စပ်မျိုးစပါးစိုက်လျှင် ဓာတ်မြေဩဇာ တိုးမြှင့်သုံးစွဲရသည်။
 
မြန်မာနိုင်ငံသည် ရေခံ၊မြေခံကောင်းသော စိုက်ပျိုးရေးနိုင်ငံတစ်ခုလည်းဖြစ်၍ ရေမြေသဘာဝ အခြေခံအမျိုးအ စားကွဲများစွာရှိသည်။ စပါးစိုက်ပျိုးရေးတွင်လည်း အထွက်ကောင်းစပါး၊ အရည်အသွေးကောင်းစပါး၊ စပ်မျိုးစပါး၊ ဒေသမျိုးစပါးဟူ၍ အစုအဖွဲ့အလိုက် မျိုးကွဲများစွာ စိုက်ပျိုးကြသည်။ စပ်မျိုးစပါးစိုက်ပျိုး၍ တစ်နှစ်ထက်တစ်နှစ် အထွက်တိုး၍ အောင်မြင်သော တောင်သူများလည်းရှိသည်။
 
စပ်မျိုးစပါးကို စိုက်ပျိုးခြင်းသည် စပါးစိုက်ဧရိယာများ တိုးချဲ့စိုက်ပျိုးခြင်းမဟုတ်ဘဲ စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေမည့် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ သို့သော်အ ထွက်ကောင်းစပါးကဲ့သို့ စပါးဆစ်ပိုးများ ဖျက်ဆီးတတ်သည့်အတွက် စိုက်ခင်းတွင် ပိုးမွှားကျရောက်မှုမရှိအောင် အမြဲစစ်ဆေးပေးရန် လိုအပ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် စိုက်ဧရိယာတိုးချဲ့စိုက်ပျိုးအနေဖြင့် မိုးစပါးနှင့်နွေစပါးကို အဓိကထား စိုက်ပျိုးလျက်ရှိသည်။ မိုးရွာသွန်းမှု၊ ရေရရှိမှုနှင့် သီးနှံစိုက်ပျိုးမှုပုံစံအမျိုးမျိုးအရ မေလမှအောက်တိုဘာလအထိ မိုးစပါးစိုက်ပျိုးကြပြီး နိုဝင်ဘာလမှ ဧပြီလအထိ နွေစပါးစိုက်ပျိုးကြသည်။
 
စပ်မျိုးစပါးသည် အထွက်ကောင်းစပါးမျိုးများကဲ့သို့ပင် မိုးရာသီနှင့်နွေရာသီနှစ်မျိုးလုံးတွင် စိုက်ပျိုးနိုင်သည်။ တစ်ဧကအထွက်နှုန်း မြင့်မားရန်ကို မျှော်မှန်းကြသော တောင်သူများက ဒေသစပါးမျိုးများနေရာတွင် စပ်မျိုးစပါးကို ပြောင်းလဲစိုက်ပျိုးလာကြသည်။
 
တရုတ်နိုင်ငံ၊ ကျန်းစူပြည်နယ်ရှိ မျိုးစေ့ကုမ္ပဏီလုပ်ငန်းက မြန်မာနိုင်ငံတွင် စပ်မျိုးစပါးမျိုးစေ့ကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ရောင်းချခဲ့သည်။ စပ်မျိုးစပါးကို တရုတ်-မြန်မာနှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုလည်း အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရသည်။
 
စပ်မျိုးစပါးနည်းပညာနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ လယ်ယာစိုက်ပျိုး‌ရေးပညာရှင်များက မြန်မာနိုင်ငံမှ လယ်ယာ စိုက်ပျိုး‌ရေးအတက်ပညာရှင် လူဦးရေ ၆၀ကို ခေတ်မှီမျိုးစေ့ပျိုးထောင်ခြင်းနှင့် ထုတ်လုပ်ခြင်းနည်းပညာကို သင်တန်းများပေးခဲ့သည်။ မော်လမြိုင်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဖြစ်သော ရုက္ခဗေဒပညာရှင် ဒေါက်တာ စမ်းစမ်းအေးသည် စပ်မျိုးစပါး စမ်းသပ်မြေသုံးကွက် ထူထောင်ခဲ့ကြောင်း သိရသည်။
 
မြန်မာနိုင်ငံတွင် စပ်မျိုးစပါးနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ မျိုးစေ့ထုတ်လုပ်ရေးနည်းပညာလေ့ကျင့်ရေး သင်တန်း များကို အလျဉ်းသင့်သလို ပေးခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ထွန်ယက် စိုက်ပျိုးနိုင်သောမြေ၏ ကိုးရာခိုင်နှုန်းအောက်သာ ရှိသော်လည်း စပ်မျိုးစပါး နည်းပညာကြောင့် ကမ္ဘာ့စားနပ်ရိက္ခာကို အထိုက်အလျောက် ဖြည့်ဆည်းနိုင်ပေးနိုင်ခဲ့သည်။ ရေခံမြေခံ ကောင်းသော မြန်မာနိုင်ငံတွင်လည်း လူဦးရေ တိုးတက်လာသည့်အလျောက် ဆန်စပါးစားနပ်ရိက္ခာ ဖူလုံရေးသည် အဓိကဖြစ်လာပေသည်။
 
အမွန်