【 ဆောင်းပါး 】ဇာတ်ပွဲများနှင့် ဒီဇင်ဘာ

【 ဆောင်းပါး 】ဇာတ်ပွဲများနှင့် ဒီဇင်ဘာ

ဒီအချိန်ဆို ကျနော်ငယ်ငယ်ကအလွန်ပျော်သည်။ ဒီလို မိုးလေကင်းလွတ်သည့် နတ်တော်၊ပြာသိုဆို ရပ် ရွာ တွင် ဘုရားပွဲများ ကျင်းပသည့်အချိန်အခါကို ရောက်လာပြီ ဖြစ်သည်။ ငယ်စဉ်က နေခဲ့သည်အရပ်တွင် အ ပျော်ဆိုသည်မှာ တစ်နှစ်တစ်ခါကျင်းပသည့် ဘုရားပွဲသာရှိသည်။ ဘုရားပွဲဆိုသည်မှာ မြေစိုက်စေတီ ၁၈ တောင် ဘုရားရှိသည်။ ယခုလို နတ်တော်လဆန်းပြီဆို စေတီဘေးနားက လယ်တွေကို မြေညှိပြီ။ လယ်တွေက နတ်တော် မတိုင်ခင်ကတည်းက စပါးရိတ်ပြီး မြေလှန်နေပြီ ဖြစ်သည်။ နွေသီးနှံတွေမစိုက်ခင် ဒီအချိန်တွင် ထိုလယ်ကွင်း တွေမှာ အားနေပြီ။ ထိုလယ်ကွင်းရိုးပြတ်တွေကို မြေလှန်ပြီးသည့်အခါ လယ်ကွက်မှာ တလင်းပြန့်ပြန့်ဖြစ်ပြီး ဘောလုံးကန်ကြသည့် ကွင်းဖြစ်လာသည်။ တစ်ဘက်တွင် ဘုရားပွဲကျင်းပရန် စင်တွေ ဆောက်ဖို့ ပြင်ကြသလို ကျနော်တို့ ကလေးတွေက ထိုကွင်းတွင် ဘောလုံးကန်ကြ၊ စိန်ပြေးတမ်းကစားကြဖြင့် ယခုအချိန်က ပျော်စရာ ဖြစ်သည်။

ကျနော်တို့ ဘက်တွင် ဘုရားပွဲကို အနည်းဆုံး ၃ ရက်ကျင်းပသည်။ နောက်ဆုံးရက်တွင် ဆွမ်းတော်ကြီး တင်ပွဲ ကျင်းပပြီး ထိုညတွင် ဘုရားဟောဇာတ်ထုပ်ကို ကပြရလေ့ရှိသည်။တခါတရံတွင် သိုက်သမိုင်းကပြလေ့ရှိ ပြီး အများအားဖြင့် ဘုရားဟောဇာတ်တော်တွေဖြစ်သည့် ဝေဿန္တရာဇာတ်တော်၊ တေမိဇာတ်တော်တွေကို ကပြ လေ့ရှိသည်မှာ ယခုတိုင် မှတ်မိနေသည်။ ငယ်စဉ်ကာလဖြစ်သဖြင့် ဘယ်ဇာတ်တွေ လာကပြသည်ကို မမှတ်မိ တော့ သော်လည်း ဇာတ်စင်တွင် ဆလိုက်မီးသီးများ၊ကတ္တီပါလိုက်ကာများ၊တိုင်ဖုံးများ၊ ဘော်ကြယ်တလက် လက် ဖြင့် ဇာတ်စင်မှာ ခမ်းခမ်းနားနားကပြကြသည်ကို သတိရမိသည်။ ဘုရားပွဲဖြစ်သဖြင့် ဂေဇက်ဝင် ဘုရားပွဲလောက် ရုံဇာတ်တွေ လာမကဟု ဆိုနိုင်သော်လည်း ဗလာဇာတ်တွင် ရုံဇာတ်သို့ ကူးလှမ်းဖို့ ကြိုးစားနေသည် ဇာတ်အဖွဲ့များ လာကလေ့ရှိသည်ကို ထိုစဉ်ကလူကြီးများပြောစကားအရသိရသည်။

လူကြီးများ ဘုရားပွဲအတွက် ဘယ်ဇာတ်ငှားဖို့ ရန်ကုန်ကြည့်မြင်တိုင်အရပ်သို့ သွားဖို့ ပြောသည့်အခါ ၊ ကျောက်မြောင်းအရပ်သို့ သွားဖို့ ပြောသည်အခါ ၊သင်္ကန်းကျွန်းအရပ်သွားဖို့ပြောသည့်အခါ ဘယ်ဇာတ်ကတော့ ရုံပွဲဝင်နေပြီမို မလွယ်နိုင်ဘူး သွားကြည့်ပေါ့၊ရမရ။မရလည်း သူတို့ညွှန်ပေးတာ ကောင်းသလို ကြည့်ငှားခဲ့ ဆိုသည့် မှာတာတွေ ငယ်စဉ်က ကြားရလေ့ရှိသည်။ ဒီလိုမှာရတာလည်း အကြောင်းရှိသည်။ ကျနော်တို့အရပ်က ဇာတ်အ လွန် ကြိုက်သည်။ ထိုအရပ်သား ကျနော်တောင် ဒီအသက်အရွယ်ရတာတောင် တစ်ခါတစ်လေ သန်လျင်ကျိုက် ခေါက်ဘုရားပွဲ သွားကြည့်တတ်သည်။ ဒီတော့ ကျနော်တို့အရပ်မှာ ငှားသည့်ဇာတ်က ကောင်းဖို့လိုသည်။ ကျနော် တို့  အရပ်မှာ ဇာတ်ကောင်းပြီဆိုပါက နယ်မှ ထွက်ရသည်မရှိအောင် ရွာတွေ ဆက်ကာ ငှားလေ့ရှိသည်။တော်ရိ လျော်ရိဇာတ်ဆိုပါက သုံးရက်ပြည့်အောင် ကခွင့်မရ။ ရွာကလူတွေက ဆူကြပူကြသည်။ ထို့ကြောင့် ကျနော်တို့အ ရပ် မှာ ဇာတ်ဝင်ပြီဆို ထိုဇာတ်အဖွဲ့ကို လက်ခံပြီဆိုပါက စားဖို့သောက်ဖို့ နယ်တစ် နယ်တိုးသလိုသာမှတ်ကရော့ ဟု ဆိုရမလိုဖြစ်သည်။ ထို့ကြောင့် ရန်ကုန်ဆင်းပြီး ဇာတ်ငှားသူမှာ သူငှားသည့်ဇာတ်  ကောင်းလျှင် ကောင်းသလို ရွာနှင့် နယ်တကြောမှာ မျက်နှာပွင့်သလို မျက်နှာကောင်းလည်းရသည်။ ထို့ကြောင့် ရန်ကုန်ဆင်းပြီးဇာတ်ငှားပြီဆို တော်တော်လေးစနည်းနာပြီးမှ ငှားလေ့ရှိသဖြင့် ယနေ့ နာမည်ကြီး ဇာတ်သဘင်အချို့နှင့် လူရွှင်တော်များမှာ ကျနော်တို့အရပ်မှာ ဗလာဇာတ်ကခဲ့ဘူးကြသည်က များသည်။

ဗလာဇာတ်ဆိုသည်မှာ တကယ်တော့ ကွင်းပြင်တွင် စင်ထိုးပြီး ကပြခြင်း၊ဇာတ်ပွဲကြည့်ရန်အတွက် အခ ကြေးငွေ ပေးရခြင်းမရှိခြင်းနှင့် ဇာတ်အဖွဲ့သားတွေရဲ့ စားရေးသောက်ရေးကို ထိုဇာတ်ကိုငှားသည့် ရွာက တာဝန် ယူပေးရခြင်းဖြစ်သည်။ ရုံသွင်းဇာတ်များကြတော့ ထိုပြောင်းပြန်ဖြစ်သည်။ ရုံကြီးထိုးကာ ဖျာလက်မှတ်၊ခုံလက် မှတ် ရောင်းချကာ ကပြလေ့ရှိခြင်းဖြစ်သည်။ ရုံဇာတ်ပွဲများကို ကျနော်တို့အရပ်တွင် ပဲခူးရွှေမောဓောဘုရားပွဲလို အထင်ကရ ဘုရားပွဲတော်ကြီးများတွင် ဇာတ်အဖွဲ့များ အပြိုင်အဆိုင်ကပြကြခြင်းဖြစ်သည်။ တစ်ဇာတ်နှင့် တစ် ဇာတ်၊ တစ်စင်နှင့် တစ်စင် အပြိုင်အဆိုင်လူခေါ်၊ ကြေညာဝေကြသည်မှာလည်း အတော်ကို ပျော်ဖို့ ကောင်းလှ သည်။ ငယ်စဉ်က ကျနော်နေရာအရပ်ကနေ ပဲခူးတက်ပြီး ပွဲသွားကြည့်မည်ဆိုပါက ပျော်လို့မဆုံးတော့။ ဘုရား ပေါ်တွင် စတုဒိသာကျွေးသည့် မဏ္ဍပ်များက အပုံအပင်။ဇာတ်ရုံတွေကို တစ်ရုံပြီး တစ်ရုံ ရှေ့မှ ရပ်မျှော်ရငေးရ သည် ကလည်း အရသာပင်။

ကျနော်တို့ ငယ်စဉ် ၁၉၈၀ ကာလက ပဲခူးရွှေမော်ဓောမှာ မိုးဝင်း၊ချမ်းသာ စသည့် ဇာတ်တွေ၊ မြို့တော် သိန်းအောင်စသည်ဇာတ်တွေ၊ ပုလင်းစိန်၊ဖန်ခွက်စိန်၊ အမြည်းစိန်စသည် မွန်ဇာတ်တွေ ၊ စိန်မဟာသဘင်ဇာတ် အဖွဲ့ တွေ ရုံဇာတ်ဝင်ကြသည်။ ဇာတ်သဘင်အဖွဲတွေ တစ်ဖွဲနှင့် တစ်ဖွဲ့အပြိုင်ကကြသည်။ ဇာတ်စကပြီး နောက် တစ်နေ့ မနက်ဆို ပွဲစျေးတန်းက လဘက်ရည်ဆိုင်တွေမှာ ညက ဇာတ်တွေက ပြောတာဆိုတာ ငိုတာ လွမ်းတာ တွေ၊  လူရွှင်တော်တွေ ပြက်လုံးတွေ စမြုံပြန်ကြသည်။ ထိုခေတ်အခါက မုန့်လေပွေနှင့် ပဲခူး ရွေမော်ဓောဘုရားပွဲ က ကျနော်အတွက် အမှတ်ရစရာဖြစ် သည်။ ဇာတ်ကြည့်ပြီး ပြန်ပြီဆိုလျှင် ပွဲစျေးတန်းက ဒေသထွက်ကုန်တွေ ဝယ်ကာ ပြန်ကြရသည်က မမေ့စရာ။ယခုပြန်တွေးတော့ လွမ်းစရာ။

ဗလာဇာတ်ကြတော့ တမျိုးဖြစ်သည်။ မကခင် ညနေ မှောင်လာသည်နှင့် အောက်လင်းမီးတွေ ၊မီးစက် တွေနှင့် လင်းလင်းချင်းချင်း ဇာတ်စင်ရှေ့ရှိ ဆိုင်းကနေ ပတ်လုံးတွေ တီးလုံးစမ်းရင်း ပရိသတ်စစုသည်။ ကျနော် တို့ကလေးတွေက ညနေကတည်းက ပွဲခင်းထဲ ခင်းထားသည့်ဖျာတွေ ပေါ် ကျွမ်းတွေထိုးကျ။ တချို့က နပမ်းလုံး ကျနှင့် ကစားကြသည်မှာ ထမင်းမေ့ ဟင်းမေ့။ လူကြီးတွေကတော့ ညဘက် ပွဲကြည့်ရင်း  ပွဲခင်းထဲမှာ စားဖို့ ယွန်းအုပ်တွေနှင့် အိပ်ချင်ပြေ လဘက်သုပ်တွေ၊ မုန့်တွေ ပြင်ရဆင်ရနှင့် တော်ရုံနှင့် အိမ်ကထွက်မလာနိုင်။ တခါတလေ ညလယ်ထမင်းစားတတ်သူတွေအတွက် ထမင်းနှင့် ဟင်းထည့်လာတတ်ကြတော့ ချက်ကြပြုတ်ကြ။ ဇာတ်ဆိုင်း၀ိုင်းကနေ ပတ်မနှင့် ဗြုန်းဗြုန်း ဆိုပြီး တီးသည်နှင့် အစောက ပြင်ကြဆင်ကြနေသူတွေ ရွာထဲကနေ ဇာတ်ကြည့်ဖို့ ပွဲခင်းထဲ အပြေးအလွှားရောက်လာကြပြီ။နောက်တော့ နေရာလုကြ၊ သူနေရာ ကိုယ်နေရာ မှားထိုင် နေတာတွေ စကားတွေ များကြနှင့်။ ဒီလိုဖြစ်နေတာတွေက ဇာတ်စသည်နှင့် ရပ်ကာ ဇာတ်စင်ကို အာရုံရောက် တော့သည်။ ဒီအချိန်မှာ ဘယ်သူမှ စိတ်မဝင်စား။ သူတို့စိတ်ဝင်စားတာက ဒီနှစ်ငှားတဲ့ ဇာတ်က မင်းသားချော ရဲ့လား၊ မင်းသမီး ချောရဲ့လား၊ အရင်ဇာတ်က မင်းသားမင်းသမီးကို မှီရဲ့လားနှင့်။ အစောက ရန်ဖြစ်ထားတာလည်း မေ့၊ အိမ်ကဟာတွေလည်း မေ့ကာ ဇာတ်အကြောင်း ပြက်လုံးတွေအကြောင်း ကြည့်ရင်း ယခင်နှစ်နှင့် ယခုနှစ်ကို ဆွဲကပ်ကြတော့သည်။ ဇာတ်မကောင်းလျှင်တော့  ပွဲငှားလာသူကို ဆိုဆဲကာ ကောင်း လျှင်တော့ မင်းသား မင်း သမီးတွေကို ချီးကျူးတာက ဗလာဇာတ်တွေ ကြည့်ကြသည့် ကျေးလက်နေမြန်မာတွေ၏ ရိုးရာပင်။  

ဇာတ်စကပြီ ဆိုသည်နှင့် ဘုရားရှိခိုးခန်း၊နောက်တော့ အပျိုတော်ယိမ်း။ပြီးလျှင် တစ်ခန်းရပ်ဇာတ်။ နောက် နှစ်ပါးသွားနှင့် လူရွှင်တော်များ။ဒီလိုနှင့် ညလယ်ရောက်ပြီ။ ဇာတ်ကို ခေတ္တအားလပ်ချိန်ပေးပြီ။ ဒီအချိန်မှာ စားကြသောက်ကြ၊အပေါ့သွားကြ။ ကျနော်တို့ ကလေးတွေကတော့ တညနေလုံး ပွဲခင်းထဲ ကမြင်းထားသဖြင့် ပွဲခင်းထဲ အိပ်ကြလေပြီ။ဒီတော့ ပွဲအားလပ်ချိန်မှာ ကလေးတွေနိုးကာ သေးတယ်၊ မုန်ကျွေးဖြင့်။  နောက်ဆိုင်းသံ စလျှင့်ဖြင့်  နောက်ပိုင်းဇာတ်ထုပ်စပြီ။ဒီအချိန်ဆို ည နှစ်ချက်ထိုး ။ ဇာတ်တော်ကရှည်လျှင် မိုးလင်း အထိ။  ဒီလိုနှင့် မကုန်စေချင်သည့် ဘုရားပွဲရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်လေသည်။

ယခုဆို ဒီဇင်ဘာရောက်ပြီ။ အခြေအနေအချိန်အခါတွေ မကောင်းသဖြင့် ဘုရားပွဲ ဇာတ်မသွင်းနိုင်တာ သုံးနှစ်တောင်ရှိပြီဟုဆိုသည်။ ပတ်လုံးဆင့်တီးသည့် အသံတွေကြားသည့်အခါ ကျနော်စိတ်က ရွာကိုပြန်ရောက် သည်။ ခပ်ဝေးဝေးက ဇာတ်အချီအချတွေကိုနားထောင်ရင်း ပွဲခင်းတွေကို လွမ်းနေမိသည်။ ဆိုင်းသံဗုံသံတွေနှင့် ပွဲခင်းအလယ် အိပ်ရင်း ပျော်ခဲ့ရသည့် ငယ်ဘ၀တွေကို ပြန်လွမ်းမိသည်။ ပွဲစျေးတန်းမှာ စားခဲ့ရသည့် ခဲကျည် တောက်နဲ့ ပွဲအငွေ့အသက်ကို လွှမ်းသည်။ တစ်ခါတစ်လေတော့ စိတ်က အခြေအနေတွေ အေးလို့ လူတွေ ဆန္ဒတွေ ပြည့်၀သည့်အခါ ကိုယ်လည်း မသေသေးရင်တော့ ရွာဘုရားပွဲကို သွားနွဲမိချင်သားဟု စိတ်ကတွေးမိ သည်။ ပြည့်မပြည့်တော့ မသိ။ ကိုယ်လည်း အဲလောက်ထိ အသက်ရှည်ပါ့မလားမသေချာ။ ဪ လွမ်းစရာ ခေတ်တစ်ခုပါလားဟု ။

 

 ဖြိုးဝေလှ