【 ဆောင်းပါး 】တရုတ်နှစ်သစ်ကူးမှာ မပါမဖြစ်တဲ့ အသီးအနှံ(၅)မျိုး

【 ဆောင်းပါး 】တရုတ်နှစ်သစ်ကူးမှာ မပါမဖြစ်တဲ့ အသီးအနှံ(၅)မျိုး  

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်နီးလာပြီဆိုတာနဲ့  ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့  တရုတ်လူမျိုးတွေရဲ့ နေအိမ်တွေမှာ အနီရောင်မီးပုံးများ ချိတ်ဆွဲထွန်းညှိတာတွေ၊ နှစ်သစ်စာတန်းနီကပ်တာတွေ၊ နှစ်သစ်ကြို အိမ်သန့်ရှင်းရေးလုပ်တာတွေဟာ ယနေ့တိုင်ဓလေ့တစ်ခုအနေနဲ့ ရှိနေတာဖြစ်ပါတယ်။

ဒါအပြင် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်(သို့)နွေဦးပွဲတော်နီလာပြီဆိုတာနဲ့  အလှူအတန်းပြုလုပ်ဖို့နဲ့ မိသားစုစုံလင်စွာနဲ့ နှစ်သစ်ကိုကျော်ဖြတ်ဖို့ လိုအပ်တဲ့ ကုန်ပစ္စည်းမျိုးစုံ၊ အသားငါးနဲ့ ရိုးရာမုန့်မျိုးစုံအပြင် အသီးအနှံမျိုးစုံကိုလည်း ဝယ်ယူထားလေ့ရှိပါတယ်။တရုတ်လူမျိုးတွေဟာ နှစ်သစ်ကူးပွဲတော်မှာ တစ်နေရာစီဝေးကွာနေတဲ့ မိသားစုဆွေမျိုးသားချင်းတွေ ပြန်ပေါင်းဆုံကြပြီး စားကောင်းသောက်ဖွယ်တွေ ချက်စားလေ့ရှိကြပါတယ်။

မိသားစု ဆွေမျိုးသားချင်းတွေစုပေါင်းပြီး ချက်ပြုတ်စားသောက်တဲ့ အသားဟင်းတစ်မျိုးကတော့ အရသာဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းတဲ့ ဝက်သားနှပ်ဟင်းက မပါမဖြစ်ပါပဲ။ အဆီတစ်ထပ်၊ အသားတစ်ထပ်နဲ့ နူးအိနေတဲ့ ဝက်သားသုံးထပ်သားဟင်းဟာ ကလေး၊ လူကြီး မရွေးအကြိုက်တွေ့ကြပြီး နှစ်သစ်ကူးပွဲတော်ရဲ့ မပါမဖြစ် ဟင်းအမယ်တစ်မျိုးပဲဖြစ်ပါတယ်။

ထို့အတူ တရုတ်နှစ်သစ်ကူးပွဲတော်ကာလ အလှူအတန်းပြုလုပ်တာနဲ့ မိသားစုတွေဆုံဆည်းတဲ့နေရာမှာ အသီးအနှံမျိုးစုံပါဝင်မှုကလည်း အရေးပါပါတယ်။ တရုတ်နှစ်သစ်ကူးမှာ မပါမဖြစ်တဲ့အသီး (၅)မျိုးရှိပြီး အဲ့ဒီအသီးအနှံတွေကတော့ လိမ္မော်သီး၊ ကြံ၊ တည်သီး၊ ကျွဲကောသီးနဲ့ နဂါးမောက်သီးတို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လိမ္မော်သီးဟာ တရုတ်နှစ်သစ်ကူးအတွက် မရှိမဖြစ်လိုအပ်တဲ့ အသီးအနှံတွေထဲက တစ်ခုဖြစ်ပါတယ်။ "လိမ္မော်ရောင်" နဲ့ "မင်္ဂလာ" တို့အဓိပ္ပာယ်တူညီကြပြီး နှစ်သစ်ကူးကာလမှာ လိမ္မော်သီးကို စားသုံးခြင်းဟာ "ကံကောင်းခြင်း" အဓိပ္ပာယ်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်  လိမ္မော်သီးဟာလည်း နွေဦးပွဲတော်မတိုင်ခင်မှာ ဝယ်ယူသူတွေများတဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးမှာ တရုတ်လူမျိုးတွေဟာ ကြံကိုလည်းဝယ်ယူလေ့ရှိကြပါတယ်။ကြံက အဆစ်အပိုင်းများပါတာနဲ့အတူ ပျားရည်ကဲ့သို့ချိုမြိန်တာကြောင့် တရုတ်နှစ်သစ်ကူးကာလနောက်ပိုင်းမှာ "တစ်ဆင့်ခြင်းတိုးတက်လာခြင်း" နှင့် “နေ့ရက်တိုင်းဟာ ချိုမြိန်စွာဖြတ်သန်းနိုင်ခြင်း” စတဲ့ လှပသောအဓိပ္ပါယ်လဲရှိပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်သူအများစုဟာ တရုတ်နှစ်သစ်ကူးပွဲတော်(သို့)  နွေဦးပွဲတော်အတွင်း ၎င်းတို့ရဲ့ အိမ် (သို့မဟုတ်)ဆိုင်တံခါးတွေမှာ ရှည်လျားဖြောင့်စင်းတဲ့ ကြံစိုက်ထူထားကြပြီး လာမယ့်နှစ်တစ်နှစ်လုံး ကြံစည်သမျှအောင်မြင်ပြီး လုပ်ငန်းတိုးတက်စေရမယ်လို့ ယုံကြည်ကြတယ်လို့ ဆိုပါတယ်။

တရုတ်နှစ်သစ်ကူးပွဲတော်မှာ ဘယ်အချိန်တည်းက တည်သီးတွေ လူကြိုက်များလာမှန်းမသိပေမယ့် တရုတ်ပြည် အရှေ့မြောက်ပိုင်းက လူတွေဟာ အေးခဲထားတဲ့ သစ်တော်သီးနဲ့ အေးခဲထားတဲ့တည်သီးတွေကို စားကြပါတယ်။

တရုတ်ပြည် တောင်ပိုင်းသားတွေကတော့ တည်သီးကိုအခြောက်ခံထားတဲ့ ကိတ်ပုံစံမျိုးကို ပိုနှစ်သက်ကြပြီး တရုတ်နှစ်သစ်ကူးကာလမှာ  သစ်တော်သီး (သို့မဟုတ်) တည်သီးစားခြင်းဟာ  ကံကောင်းခြင်းတွေကို ယူဆောင်လာနိုင်တယ်လို့ သိရပါတယ်။

တည်သီးရဲ့  အနီရောင်နဲ့ လိမ္မော်ရောင်ဟာ မင်္ဂလာရှိခြင်း၊ တောင်းဆုပြည့်ခြင်းအဓိပ္ပါယ်ရတယ်လို့ ဆိုပါတယ်။ တည်သီး၊ သကြားနဲ့ ကြာစေ့ကို စီတန်းထားခြင်းက ကံကောင်းခြင်းအဆက်မပြတ်ရောက်ရှိလာကြောင်း  အဓိပ္ပာယ်ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့ပြင် ကျွဲကောသီးဟာ  အဝိုင်းပုံသဏ္ဍာန်ရှိပြီး ပြန်လည်စုံစည်းခြင်း၊ ပြည့်ဝခြင်းကို ကိုယ်စားပြုတယ်လို့ဆိုပါတယ် ။ ကျွဲကောသီးဟာ  တရုတ်စာအသံထွက်အရ စောင့်လျှောက်ခြင်း၊ ဆုတောင်းပြည့်ကျန်းမာခြင်းဆိုတဲ့ အဓိပ္ပာယ်ရှိတယ်လို့ ဆိုပါတယ်။

တရုတ်နှစ်သစ်ကူးကာလမှာ ကျွဲကောသီးစားခြင်းဟာ နေအိမ်ရဲ့ သာယာဝပြောမှုကို ကိုယ်စားပြုပြီး၊ များများစားလေ၊ များများသာယာဝပြောမှုရရှိစေတယ်လို့  ခံယူထားတာဖြစ်ပါတယ်။

ထို့အတူ နဂါးမောက်သီးဟာလည်း တရုတ်နှစ်သစ်ကူးပွဲတော်အတွက်  အထူးအရေးပါတဲ့အသီးတစ်မျိုး ဖြစ်ပြီး  အနီရောင်ဟာ နှစ်သစ်မင်္ဂလာအရောင်လို့ အဓိပ္ပာယ်ရတယ်လို့ ဆိုပါတယ်။ နဂါးမောက်သီးဟာ တရုတ် နှစ်သစ်ကူးပွဲတော်ကြီးအပြီး လာမယ့်နှစ်တွေမှာ လူတွေရဲ့ သာယာဝပြောမှုနဲ့  ပိုမိုတောက်ပမှု ရရှိစေမယ့် "ကောင်းမြတ်တဲ့အသီး"လို့ လည်း ခေါ်တယ်လို့ဆိုပါတယ်။

ဒါအပြင် နဂါးမောက်သီးဟာ အသက်အရွယ်မရွေးစားသုံးနိုင်သော အသီးတစ်မျိုးဖြစ်ပြီး ချိုတဲ့အရသာ၊ ထူးခြားသောအရသာနဲ့  အာဟာရဓာတ်ကြွယ်ဝခြင်းတို့ကြောင့် ဝမ်းမှန်ပြီးအပူကိုကျစေပါတယ်။ အသားအရေကိုလည်းလှပစေကာ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့အတွက် တရုတ်လူမျိုးတွေနှစ်သက်ကြတယ်လို့ သိရပါတယ်။

တရုတ်နှစ်သစ်ကူးကိုတော့ တရုတ်နိုင်ငံအပြင် ပြည်ပရောက် တရုတ်လူမျိုးတွေကလည်း သူတို့ရောက်ရှိ နေတဲ့ နိုင်ငံတွေမှာ ကျင်းပကြပါတယ်။ တရုတ်ပြည်မကြီး၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘော ဒီးယား၊ မောရစ်သျှ၊ သြစတေးလျနဲ့ ဖိလစ်ပိုင်တို့မှာ တရုတ်နှစ်သစ်ကူးကို အကြီးအကျယ်ဆင်နွှဲလေ့ရှိပါတယ်။

တရုတ်နှစ်သစ်ကူးကာလကို ရောက်ပြီဆိုတာနဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ အသီးအနှံတွေကလည်း တွဲဖက် ပါနေဦးမှာ ဖြစ်ပါတယ်။

ခန့်ဇင်သူ ၊ ကရင်လေး (အိမ်မဲ)