【 ဆောင်းပါး 】တံခါးတစ်ချပ်နောက်ကွယ်က အခွင့်အရေး

【 ဆောင်းပါး 】တံခါးတစ်ချပ်နောက်ကွယ်က အခွင့်အရေး

“ အလုပ်က ရှား၊ စားဝတ်နေရေးက ကျပ်၊  ဒီတံခါးတစ်ချပ်ကလည်း ပိတ်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ငယ်ငယ်ကတည်းက သင်လာတာပဲ။ ဒါပေမယ့် သိသလိုလို၊ မသိလိုလိုဖြစ်နေတာ။ အခု နိုင်ငံခြား ထွက်ဖို့ အဆင်မပြေတော့ သင်တန်းပြန်တက်နေရတယ်။”ဟု ရန်ကုန်၊ စမ်းချောင်းမြို့နယ်နေ ကိုဇော်မျိုးက ပြောသည်။

စားဝတ်နေရေးအတွက် ငွေကြေးကြွယ်ဝမှု၊ ချမ်းသာမှု၏ နောက်ကွယ်တွင် “ဘာသာစကား”သည် အဓိက ထောက်တိုင်၊ “တံခါးတစ်ချပ်”ကဲ့သို့ဖြစ်လာနေသည်။ ယနေ့ခေတ်ကာလတွင် ဝန်ထမ်းအလုပ်ဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ အနည်းဆုံး အင်္ဂလိပ်ဘာသာစကားကို  ပြောနိုင်၊ ပြောတတ်မှသာလျှင် လုပ်ငန်းအောင်မြင်ကာ လူရာဝင်နိုင်မည့် အနေအထားဖြစ်နေသည်။

သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုကို အဆင့်ထပ်မြင့်ရန် ဘာသာစကား နားလည်တတ်ကျွမ်းမှုမှာ လွန်စွာအရေးကြီးသည့်အတွက် ထို “ဘာသာစကား”ဆိုသည့် “တံခါးတစ်ချပ်”ကို ဆွဲမဖွင့်နိုင်သ၍၊ မဖွင့်မိသရွေ့ မည်မျှပင် လုပ်ငန်းကျွမ်းကျင်စေကာမူ အခွင့်အရေးများစွာ ထပ်ကာထပ်ကာဆုံးရှုံးနိုင်သည့် ခေတ်ကာလဖြစ်နေသည်။

“အခုက အင်္ဂလိပ်ဘာသာစကားတစ်ခုတည်းနဲ့ မလွယ်ဘူး။ English (4) Skills  ကျွမ်းကျင်ပေမယ့် လစာကောင်း အခွင့်အရေးက နည်းတယ်။ အချိန်အဆက်ကောင်းကောင်းနဲ့ ငွေလိုက်နိုင်မှရတယ်။ အခုကျွန် တော်တို့နဲ့ အနီးစပ်ဆုံး တရုတ်နိုင်ငံက စီးပွားရေးအရ၊ နည်းပညာအရ အင်အားကြီးလာတော့ အဲ့ဒီမှာက ကျွန်တော်တို့ အတွက် အလုပ်အကိုင် အခွင့်အလမ်းပိုများတယ်လေ။ အဲ့ဒါကြောင့်အခု တရုတ်ဘာသာ စကား သင်တန်းကျောင်းတက်နေရတယ်”ဟု ရန်ကုန်၊ အင်းစိန်မြို့နယ်နေ Civil Site Engineer  လုပ်ကိုင်သူ ကိုရန်ပိုင်စိုးက ပြောသည်။

နိုင်ငံကြီး ဖြစ်ရုံသာမက လက်ရှိနည်းပညာအရ၊ စီးပွားရေးအရ တစတစ အင်အားကြီးမားလာနေသည့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများအပြားမှာလည်း မြန်မာနိုင်ငံတွင်း ရှိနေသည်။ တရုတ်နိုင်ငံနှင့် စီးပွားရေး လက်တွဲလုပ်ကိုင်နိုင်ရန် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ မျက်စိကျနေသကဲ့သို့ တတ်သိပညာရှင် လူငယ်များလည်း အထူးစိတ်ဝင်စားနေသည့် အခြေအနေဖြစ်သည်။ မြန်မာ့နိုင်ငံရေး ပြန်လည်တည်ငြိမ်လာသည့်အခါတွင်လည်း ယခင်ထက်ပို၍ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်ရောက်လာနိုင်သည့် အခြေအနေများရှိနေသည့်အတွက် မြန်မာလူငယ်များအနေဖြင့် သက်ဆိုင်ရာနယ်ပယ်အလိုက် အလုပ်အကိုင် အခွင့်အ လမ်းကောင်းများအတွက် ကြိုပြင်ဆင်ထားသင့်ကြောင်း တရုတ်- မြန်မာအရေး လေ့လာသူများက သုံးသပ်ထားသည်။

ထိုအခြေအနေကပင် တရုတ်ဘာသာစကားကို သင်ယူရန် တွန်းအားတစ်ရပ်ဖြစ်လာနေသည်။ လက်ရှိ မြန်မာနိုင်ငံမှ လူငယ်အများစုသည် အင်္ဂလိပ်ဘာသာစကားအပြင် တရုတ်၊ ကိုရီးယား၊ ဂျပန်စသည့် ဘာသာ စကားများကိုပါ အလုပ်အကိုင်အခွင့်အလမ်းအတွက် အဓိကသင်ကြားနေကြသည်။ သက်ဆိုင်ရာ ဘာသာစကားအပြော၊ အရေး၊ အဖတ်၊ နားထောင်နိုင်စွမ်း အထိုက်အလျောက် ကျွမ်းကျင်တတ်မြောက်ပါက ဝင်ငွေ ကောင်း၊ အလုပ်ကောင်းရမည်ဖြစ်သည်။

“အခု တရုတ်စာ တက်နေတယ်။ စင်ကာပူသွားမလို့။ မန်ဒရင်း တရုတ် (Mandarin Chinese )ဘာသာ စကားကို အဓိကလေ့လာနေတယ်။ ဒီစကားကို ကျွမ်းရင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘရူနိုင်း၊ မလေးရှား၊ တရုတ် အကုန်သွားလို့ရတယ်။ ဒီနိုင်ငံတွေမှာလည်း နိုင်ငံရေးအခြေအနေကောင်းရင် တရုတ်ကုမ္ပဏီတွေ အများကြီးဝင်ဖို့ရှိနေတယ်လို့ သတင်းတွေကြားတော့ နိုင်ငံခြားမထွက်နိုင်ရင်တောင် အလုပ်ကောင်း ကောင်းရဖို့ အဆင်ပြေတယ်လေ။ ဒါကြောင့် အခုရတဲ့အလုပ်တစ်ဖက်နဲ့ ကြိုးစားသင်နေတာ။ ခေတ်အခြေအနေမျက်ခြေပြတ်လို့ မရဘူး အကုန်စောင့်ကြည့်ပြီး လိုက်နိုင်အောင် လုပ်နေရတယ်။”ဟု ရန်ကုန်မြို့တွင်း တရုတ်ဘာသာစကားသင်နေသည့် အမည်မဖော်လိုသူ လူငယ်တစ်ဦးကဆိုသည်။

မန္တလေးနှင့် ရန်ကုန်တွင် တရုတ်ဘာသာစကားသင်တန်းများစွာရှိသည့်အပြင် လက်ရှိတွင် လူမှုကွန်ရက် အွန်လိုင်းများမှ တစ်ဆင့်သင်ကြား၊ သင်ယူနေသူ များစွာရှိနေသည်။ လက်ရှိ ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ် လာနေသည့် တရုတ်နိုင်ငံသည် စီးပွားရေးအင်အားတောင့်တင်းခိုင်မာသည့်အပြင် နိုင်ငံတကာတွင်လည်း စီးပွားလုပ်ငန်း အများအပြားကို ဖြန့်ကျက်ရင်းနှီးမြှုပ်နှံထားနိုင်မှုကြောင့် ယခုနောက်ပိုင်း နိုင်ငံတကာတွင်လည်း တရုတ်ဘာသာစကားသင်ယူရန် ခေတ်စားနေလေသည်။

“ဘယ်လိုပဲ ပြောပြော တရုတ်စကားတတ်ရင် ကျွန်တော်တို့ တပန်းသာတယ်။ နယ်စပ်မှာပဲ အလုပ်သွား လုပ်လုပ်၊ တရုတ်နယ်စပ်မြို့မှာပဲ စျေးသွားရောင်းရောင်း၊ ကုန်ပဲသွယ်သွယ် သူတို့စကားတတ်ထားတော့ အဆင်ပြေတယ်လေ။ အခု ကိုယ့် နိုင်ငံထဲမှာလည်း အလုပ်က ခပ်ရှားရှားဆိုတော့ အနီးစပ်ဆုံး၊ ကုန်ကျစရိတ်အနည်းဆုံး တရုတ်ထဲဝင်ပြီး အလုပ်လုပ်ဖို့ဆိုရင်တော့ တရုတ်စကားတတ်ထားရင် အကောင်းဆုံးပေါ့။  အဲ့ဒါကြောင့် အွန်လိုင်းက သင်နေတာ။ ထိုင်းတို့၊ စင်ကာပူတို့၊ မလေးရှားတို့ဆိုရင်လည်း တရုတ်လုပ်ငန်းတွေချည်းပဲ။ တတ်ထားရင် မမှားဘူးလို့ ထင်တယ်။”ဟု အွန်လိုင်းမှ တစ်ဆင့် တရုတ်ဘာသာစကား သင်ယူနေသည့် ကိုမြတ်ထွန်းမောင်က ပြောသည်။

တရုတ်ဘာသာစကားတွင်  တရုတ်တိုင်းရင်းသားဘာသာစကား   Mandarin( Putonghua), Yue (Cantonese), Hakka(kejia), Gan, Minnan, Wu, Xiang(Hunanese)စသဖြင့် များစွာရှိပြီး ယင်းအထဲတွင် မန် ဒရင်း (Mandarin) တရုတ်ဘာသာစကားသည် အသုံးအများဆုံးဖြစ်သည်။  ကမ္ဘာပေါ်တွင် တရုတ်စကားပြောဆို သုံးစွဲသူ ၁ ဒသမ ၁ ဘီလီယံ ဝန်းကျင်အထိရှိကြောင်း၊ ယင်းအထဲတွင် ၇၉၀ မီလီယံဝန်းကျင်မှာ တရုတ်လူမျိုးများ ဖြစ်ကြောင်းသိရသည်။

တရုတ်နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့်မြန်မာနိုင်ငံအနေဖြင့် ယခုအချိန်မှသာ တရုတ်ဘာသာစကားကို ထလေ့လာနေကြသည်မဟုတ်။ လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းကပင် အင်္ဂလိပ်ဘာသာစကားပြီးလျှင် တရုတ် ဘာသာစကားကို ဒုတိယအရေးကြီးဆုံး သင်ယူရမည့်ဘာသာစကားအဖြစ်မှတ်ယူထားကြသည်။ ယင်းနောက်တွင် ထိုင်း၊ ကိုးရီးယား၊ ဂျပန် စသဖြင့် သင်ယူနေကြသည်။

“ အလုပ်အကိုင် အခွင့်အလမ်းကြောင့်လေ။ ဒါကြောင့် သင်ယူခဲ့တာ။ ကျွန်တော်ဘွဲ့နဲ့ဆိုရင် ပြည်တွင်းမှာ တစ်လ ၂ သိန်း၊ ၃ သိန်းရဖို့မလွယ်ဘူး။ အခု နယ်စပ်မှာ စကားပြန်လုပ်နေ‌တော့ တစ်လကို သိန်း ၃၀၊ တစ်ခါတလေ မုန့်ဖိုးနဲ့ဆို သိန်း ၄၀၊ ၅၀ လောက်ကိုရတယ်။”ဟု ရှမ်းပြည်နယ်၊ မြောက်ပိုင်းက နယ်စပ်မြို့ဖြစ်သည့် လောက်ကိုင်မြို့နှင့် တရုတ်နယ်စပ်မြို့ဖြစ်သည့် နန်ဆန်မြို့သို့ သွားလာနေသော စကားပြန် ဦးထွန်းသိန်းက ပြောသည်။

တရုတ်ကုမ္ပဏီနှင့် လုပ်ငန်းများသည် ၎င်းတို့ ဘာသာစကားတတ်မြောက်သူများကို ပို၍ဦးစားပေးမည်၊ လစာကောင်းပေးမည်၊ ဂျပန်ကုမ္ပဏီများနှင့် လုပ်ငန်းများသည်လည်း ထို့အတူ၊ ကိုးရီးယားသည်လည်း ထို့အ တူပင် ဖြစ်သည်။ ထို့ကြောင့် ခေတ်ကာလသည် ပထမဆုံး လိုအပ်သည်မှာ အရည်အချင်းဖြစ်ပြီး “ဘာသာစကား” သည် ဒုတိယ အရေးကြီးဆုံး “တံခါးတစ်ချပ်”ဖြစ်လေသည်။ ထို“တံခါးတစ်ချပ်” ကို မဖွင့်သ၍ အရည်အချင်း မည်မျှပင်ရှိရှိ ကြွယ်ဝမှုနှင့် အခွင့်အရေးကောင်းများကို လက်လွှတ်နေရဦးမည်မှာ မလွဲမသွေပင်။

ဘုန်းမြတ်(အုန်းတောမြေ)