【 ဆောင်းပါး 】နယ်နိမိတ်မျဉ်းပေါ်က နှစ်နိုင်ငံရဲ့ ရွာလေးတစ်ရွာ

【 ဆောင်းပါး 】နယ်နိမိတ်မျဉ်းပေါ်က နှစ်နိုင်ငံရဲ့  ရွာလေးတစ်ရွာ

တရုတ်-မြန်မာ နယ်နိမိတ်မျဉ်းမှာ နှစ်ပြည်တစ်ရွာလို့နာမည်ပေးထားတဲ့ ရွာလေးတစ်ရွာရှိပါတယ်။အဲ့ဒီ ရွာကလေးက ယူနန်ပြည်နယ်ရဲ့ ပြည်နယ်ခွဲတစ်ခုဖြစ်တဲ့ တယ်ဟုန်းပြည်နယ်မှာရှိတာဖြစ်ပြီး ရွှေလီမြို့နဲ့ ဆိုရင် ၈ ကီလိုမီတာပဲ ကွာဝေးပါတယ်။  မြန်မာနိုင်ငံဘက်မှာဆိုရင်တော့ ရှမ်းပြည်နယ် ၊ မူဆယ်မြို့ နယ်စပ်မှာ တည်ရှိနေတာဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းတွေအရ ၁၉၆၀ ခုနှစ်မှာ ဝန်ကြီးချုပ် ဦးနုနဲ့ တရုတ်နိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်းတို့ တရုတ်-မြန်မာနယ်နိမိတ်ကို တိုင်းတာခွဲခြားကြရာမှာ နယ်စပ်မျဉ်းက တရုတ်မြန်မာနယ်စပ် မှတ်တိုင်အမှတ် ၇၁ မှာရှိတဲ့ ရွာကိုနှစ်ပိုင်း ဖြတ်သွားတာကြောင့် ရွာတစ်ရွာတည်းကို နှစ်နိုင်ငံခွဲယူရတာဖြစ်တဲ့အတွက် နှစ်ပြည်တစ်ရွာလို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။

အဲဒီရွာမှာ ရှမ်းလူမျိုး‌တွေအများစုနေထိုင်ကြတာဖြစ်ပြီး ၂၀၁၂ ခုနှစ်ကစတင်ကာ  ရွှေလီနိုင်ငံခြားရေး ခရီးသွားလာမှု ကုမ္ပဏီတစ်ခုက တရုတ်-မြန်မာ ခရီးသွားလုပ်ငန်းကိုမြှင့်တင်ဖို့နဲ့ ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် နှစ်ပြည်တစ်ရွာကို အဆင့်မြင့်တင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ပြည်တစ်ရွာကိုရောက်ပြီဆိုတာနဲ့  တရုတ်နိုင်ငံရဲ့ အဝင်ဂိတ် မုခ်ဦးကိုတွေ့ရပြီး မြန်မာနိုင်ငံဘက်မှာတော့ လူဝင်မှုကြီးကြပ်ရေးရုံး ဆိုင်းဘုတ်ပြာပြာကို မြင်ရပြီး ဖြူနီကြား မောင်းတန်တပ်ထားတာကို  မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်-မြန်မာနယ်စပ်ကို ဖြတ်ကျော်ရင် ဒဏ်ငွေ ယွမ် ၅၀၀ ရိုက်တာ ခံရမယ်လို့ တရုတ် မြန်မာ ၂ ဘာသာနဲ့ သတိပေးထားတဲ့ဆိုင်းဘုတ်ကလည်း ရှိနေပါတယ်။

နယ်စပ်မျဉ်းရဲ့ နှစ်ဘက်လုံးမှာ လူနေအိမ်တွေ ရှိနေပြီး  ရွာကတော့တစ်ရွာတည်းပါပဲ။ နှစ်ပြည်တစ်ရွာလို့ မသတ်မှတ်ခင်က အဲ့ဒီရွာကို မြန်မာဘက်မှာ မန်လျှိုးရွာ (မန်ဟီးရိုးမြို့)လို့ခေါ်ပြီး တရုတ်ဘက်မှာ ရင့်ကျင်းရွာလို့ ခေါ်ပါတယ်။ အဲ့ဒီရွာမှာ  ရှမ်းလူမျိုး တွေနေထိုင်တာများပြီး အချို့နေရာမှာဆိုရင် နယ်နိမိတ်ဆိုတာက သတ်မှတ် ချက်သာရှိပြီး အတားအဆီး မရှိပါဘူး။

အဲဒီရွာမှာ  အနေကြာတဲ့ ဒေသခံတွေကတော့ သူဘက်ကိုယ်ဘက်ခွဲထားတာမရှိပဲ ဝင်ထွက်သွားလာမှု တွေလုပ်နေတာလည်းရှိနေလို့ဆိုပါတယ်။အထူးသဖြင့်တော့ မြန်မာဘက်ခြမ်းက ကျောင်းသား၊ကျောင်းသူတွေ တရုတ်ပြည်ဘက်ခြမ်းမှာ ကျောင်းသွားတက်တာတွေရှိတဲ့အတွက် နှစ်နိုင်ငံတာ ဝန်ရှိသူတွေက ဝင်ထွက်ခွင့်ပြု ထားတာဖြစ်တယ်လို့ သိရပါတယ်။

ရွာလေးထဲကို ဝင်လိုက်ပြီဆိုတာနဲ့ သန့်ရှင်း သာယာမှုကိုမြင်တွေ့ခံစားရမှာ ဖြစ်ပြီး ကျေးလက်အငွေ့ အသက်တွေကိုပါ ခံစားရမှာဖြစ်ပါတယ်။ ရွာလယ်လမ်းအတိုင်း လျှောက်သွားရင်း  ရေတွင်းတစ်တွင်းကို တွေ့ရမှာ ဖြစ်ပြီး  ရေတွင်းမှာ ရေခပ်ပုံးတစ်ပုံးကို ရေငင်မောင်းတန်ထိပ်မှာ တပ်ဆင်ထားပါတယ်။ ရေငင်မောင်းက မြန်မာနိုင်ငံဘက်မှာရှိပြီး ရေတွင်းထဲကရေကို နှစ်နိုင်ငံလုံးက အသုံးပြုကြတယ်လို့ဆိုပါတယ်။ အဲ့ဒီရေတွင်းမှာ နှစ်ပြည် တစ်ရွာရေတွင်းလို့ ရေးထားတဲ့ စာတန်းကို မြန်မာ တရုတ် ၂ ဘာသာ နဲ့ ရေးထိုးထားတယ်။

နှစ်ပြည်တစ်ရွာရေတွင်းကနေ ဆက်လက်လျှောက်သွားတော့ ဒန်းတစ်ခုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီ ဒန်းကို  စီးရင်နှစ်နိုင်ငံရောက်နိုင်တယ်လို့ စာရေးထားပြီး  နှစ်နိုင်ငံနယ်စပ်ပေါ်မှာ ဒန်းကိုဆင်ထားတာဖြစ်ပါတယ်။ ဒန်းကို လွှဲပြီးစီးလိုက်ရင် တရုတ်နိုင်ငံမြေပေါ် ရောက်လိုက် မြန်မာ့မြေပေါ် ရောက်လိုက် ဖြစ်အောင် လုပ်ထားတာဖြစ်ပါတယ်။

ဒန်းရှိရာနေရာကနေ ရွာထဲကိုဆက်သွားမယ်ဆိုရင် အိမ်တွင်းလက်မှုပညာအသက်မွေးဝမ်းကျောင်း ပြုလုပ်တာတွေ ၊အမှတ်တရပစ္စည်း အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ အပန်းဖြေစရာနေရာတွေ ဖန်တီးထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ကျေးရွာအတွင်းဆက်သွားမယ်ဆိုရင် မြန်မာနိုင်ငံမှာ အထင်ကရတွေဖြစ်တဲ့  ရွှေတိဂုံစေတီပုံစံ တည်ထားတဲ့ ရွှေရောင်တဝင်းဝင်းနဲ့ စေတီပုထိုး၊  ကျိုက်ထီးရိုးစေတီပုံစံ တည်ထားတဲ့စေတီတော်နဲ့ ပုဂံမှာရှိတဲ့ဘုရားစေတီ ပုံစံတည်ဆောက်ထားတဲ့ စေတီပုထိုးပုံစံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင်  ကြာပန်းတွေစိုက်ထားတဲ့ရေကန်၊ အင်းလေးကန်ပုံစံပြုလုပ်ထားတဲ့ ရေကန်နဲ့အတူ ခြေထောက် နဲ့ လှေလှော်ပြီး ခရီးသွားတွေ အပန်းဖြေလို့ရအောင်လည်း  ပြုလုပ်ပေးထားပါတယ်။

မြန်မာပြည်ကို တကူးတက မလာလည်နိုင်သေးတဲ့ တရုတ်နိုင်ငံသားတွေအတွက်ကတော့  “နှစ်ပြည် တစ်ရွာ”  ဟာ မြန်မာပြည်က ထူးခြားတဲ့ နေရာတွေက အငွေ့အသက်လေးတွေကို ဒီနေရာမှာ တစုတစည်းတည်း မြင်တွေ့ခွင့်ရအောင် ဖန်တီးထားတာဖြစ်ပါတယ်။ကိုဗစ်ကာလ မတိုင်ခင်ကဆိုရင် တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့  နှစ်ပြည်တစ်ရွာကို တရုတ်နိုင်ငံက ခရီးသွားဧည့်သည်တွေသာမက မြန်မာနိုင်ငံက ခရီးသွားဧည့်သည်တွေပါ အများအပြားသွားရောက်လည်ပတ်ကြတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

နှစ်ပြည်တစ်ရွာကို ကိုဗစ်ကာလမတိုင်ခင်က ရုံးပိတ်ရက်တွေဖြစ်တဲ့ သင်္ကြန်ကာလ၊ တရုတ် နှစ်သစ်ကူး ကာလနဲ့ အားလပ်ရက်တွေမှာဆိုရင် ခရီးသည် သိန်းဂဏန်းလောက် အဲ့ဒီကျေးရွာလေးကိုသွားရောက် လည်ပတ်ကြတဲ့အတွက်  ကားရပ်စရာ နေရာတောင် မလောက်တဲ့အထိဖြစ်တယ်လို့လည်း ပြောကြပါတယ်။ လာလည်တဲ့ သူတွေအနေနဲ့ တစ်ဦးကို ဝင်ကြေး ယွမ် ၃၀ပေးရပြီး ပုံမှန်အခြေအနေတွေတုန်းက လာရောက်လည်ပတ်သူများတဲ့အတွက် ဝင်ကြေးကရတဲ့ ဝင်ငွေက  တစ်ရက်ကို ကျပ် သိန်း ၁၅၀ အထက်မှာ ရှိတယ်လို့  ဆိုပါတယ်။

မြန်မာနိုင်ငံက ခရီးသွားဧည့်သည်တွေအနေနဲ့ နှစ်ပြည်တစ်ရွာကို သွားလည်မယ်ဆိုရင် မူဆယ်ကနေ တစ်ဆင့်တရုတ်နိုင်ငံရွှေလီမြို့ကနေ နေ့ချင်းပြန် သွားနိုင်ပေမယ့် လက်ရှိမှာ ကိုဗစ်ရောဂါကူးစက်ချိန်ကစပြီး တရုတ်ဘက်က ဝင်ထွက်ခွင့်ပိတ်ထားတဲ့အတွက် သွားရောက်လည်ပတ်လို့ မရသေးပါဘူး။

“နှစ်ပြည်တစ်ရွာ”မှာ တရုတ်-မြန်မာနှစ်နိုင်ငံလုံးရဲ့ ရိုးရာဓလေ့ထုံးစံနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို တစ်နေရာထဲမှာ လေ့လာနိုင်တာဖြစ်တဲ့အတွက် တရုတ်ခရီးသွား ဧည့်သည်တွေသာမက မြန်မာခရီးသွား ဧည့်သည်တွေလည်း သွားရောက်လေ့လာသင့်တဲ့ ရွာလေးတစ်ရွာဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

 

ကရင်လေး (အိမ်မဲ)