【 ဆောင်းပါး 】ဘယ်အရာနဲ့မှ မလဲနိုင်ဘူး

【 ဆောင်းပါး 】ဘယ်အရာနဲ့မှ မလဲနိုင်ဘူး

“ဘယ်သူနဲ့မှ မလဲနိုင်ဘူး ဘယ်သူတားတား နောက်မဆုတ်ဘူး ချစ်မိနေပြီ” ဆိုသည့်တစ်ချိန် ကသီချင်း လေးတစ်ပုဒ်၏စာသားအချို့ကို သတိရမိသည်။ သူ့ချစ်သူကောင်မလေးကို ဘယ်လောက်ချစ်ဘယ်လောက် တန်ဖိုးထားသလဲ ဆိုလျှင် ချစ်သူကောင်မလေးကို ဘယ်သူနှင့်မှမလဲနိုင်ကြောင်း သူတို့ချစ်ခရီးကို ဘယ်သူမှလည်း တားဆီးလို့ မရနိုင်ကြောင်းရင်ဖွင့်ထားသည့်သီချင်းလေးပါ။

တချို့က ချစ်သူကို မိဘဆွေမျိုးနှင့်လည်းလဲနိုင်သည်။ ချစ်သူကို သူတို့အသက်နှင့်တောင်လဲ နိုင်သည်။ တချို့မိဘတွေဆို သူတို့၏အလုပ်ဂုဏ် ဓနဂုဏ် ဆွေမျိုးဂုဏ်ကို သူတို့ရင်သွေးသားသမီးလေးများ၏ဘဝ သားသမီးလေးများ၏အသက်နှင့်တောင်လဲနိုင်သည်။ သူတို့၏အတ္တကသားသမီးကိုတောင်စွန့်နိုင် သည်အထိ လွန်ကဲ လာပါပြီ။

တချို့က မိမိ၏စိတ်ဆန္ဒသာယာမှုအတွက် သူများအိမ်ရာပြစ်မှားကျူးလွန်၏။ မိမိ၏  စိတ်သာယာမှုကို ကိုယ်ကျင့်သီလနှင့်လဲလှယ်ကြသူများဖြစ်သည်။

တချို့က သူများပစ္စည်းခိုးသည်။ သူများပစ္စည်းလုသည်။ သူတို့သည် ကိုယ်ကျင့်သီလကို ငွေတစ်ထောင် နှစ်ထောင်နှင့်လည်းလဲကြသည်။ အစားတစ်လုတ်အတွက် သူများအသက်ကိုသတ်ပြီး ကိုယ်ကျင့်သီလနှင့်လဲကြသည်။ ကားတစ်စီးအတွက် အိမ်တစ်လုံးအတွက် ရာထူးအာဏာအတွက် ငွေကြေးစည်းစိမ်ဥစ္စာအတွက် ကိုယ်ကျင့်သီလကို တန်ဖိုးမထားဘဲ တန်ဖိုးထားရကောင်းမှန်းလည်း မသိဘဲ ဘယ်အရာနှင့်မဆို လဲနိုင်ကြလေသည်။

သူတို့ကတော့ သူတို့၏စည်းစိမ်ချမ်းသာမှုအတွက် သူတို့၏ရာထူးအာဏာအတွက် သူတို့၏ မိသားစု နောင်ရေးအတွက် သူများ၏ပစ္စည်းဥစ္စာတွေ သူများ၏အသက်တွေ သူများ၏ဘဝတွေကို ရက်ရက်စက်စက် ဖျက်ဆီးကာ သူတို့၏ကိုယ်ကျင့်တရားကိုအပျက်ခံကြသည်။ သူတို့၏ကိုယ်ကျင့်တရားကို ဘယ်အရာနှင့် မဆိုလဲနိုင်သည့် လူမိုက်များ ဖြစ်နေပါပြီ။

သူရဲကောင်းတချို့ကတော့ ကိုယ်ကျင့်သီလကိုတန်ဖိုးထားရမှန်းသိသည်။ တကယ့်လက်တွေ့ မှာလည်း ဘယ်လိုဒုက္ခမျိုးနှင့်တွေ့တွေ့ ကိုယ်ကျင့်သီလကို မထိခိုက်စေရန်သတိထားကြသည်။ သူတို့အတွက်တော့ အသက်သာအသေခံမည် ကိုယ်ကျင့်သီလတော့အပျက်မခံနိုင်ကြပေ။ သူတို့၏ ကိုယ်ကျင့်သီလကို ဘယ်အရာနှင့်မှမလဲနိုင်သူများဖြစ်သည်။

ဓမ္မပဒဝတ္ထု ပါပဝဂ်မှ ပတ္တမြားသူခိုးဟုစွပ်စွဲခံရသောရဟန်းအကြောင်းကိုသွားသတိရမိသည်။

ရဟန်းတိဿသည် ကျောက်သွေးသမားမိသားစုအိမ်မှာ ဝင်ထွက်ဆွမ်းခံနေသည်မှာ ဆယ့်နှစ်နှစ်ကာလ ကြာခဲ့ပြီဖြစ်သည်။ ကျောက်သွေးသမားမိသားစုကလည်း ရဟန်းတိဿကို မိဘသဖွယ်ရိုသေလေးစားတန်ဖိုးထားကာ ကိုးကွယ်ခဲ့ကြသည်။

တစ်နေ့ ကျောက်သွေးသမားမိသားစုအိမ်သို့ ရဟန်းတိဿမထေရ် ဆွမ်းခံကြွနေစဉ်ဖြစ်သည်။ ကောသလ မင်းကြီး၏အမှုထမ်းတစ်ယောက်ရောက်လာသည်။ ထို့နောက် ကျောက်သွေးဆရာထံ ပတ္တမြားတစ်လုံးကိုပေးကာ အပေါက်ဖောက်၍ ကြိုးတပ်ပေးရန် ဘုရင်မင်းမြတ်ကစေခိုင်းလိုက် ကြောင်းပြောပြီးပြန်သွားသည်။ ထိုအချိန်က ကျောက်သွေးသမားသည် အသားငါးများခုတ်ထစ်နေစဉ် ဖြစ်သည်။ ထို့ကြောင့် ပတ္တမြားကို သွေးများပေကျံနေသော လက်ဖြင့်ကိုင်ကာ ကလပ်ပေါ်တင်ထားလိုက်ပြီး လက်ဆေးရန်နောက်ဖေးဘက်သို့ထွက်သွားသည်။

သူ့အိမ်မှာမွေးထားပြီးသားတစ်ယောက်ပမာသဘောထားချစ်ခင်မြတ်နိုးလှသည့် ကြိုးကြာငှက်ကအနား မှာရှိနေသည်။ ကြိုးကြာငှက်သည် သွေးများပေနေသောပတ္တမြားကို သားတစ်တစ်ခုဟုထင်မှတ်ကာ ကောက်ယူမျိုချလိုက်သည်။ ကျောက်သွေးသမားယောင်္ကျားအပြင်ပြန်ထွက်လာသောအခါ ကလပ်ပေါ်မှာ သူတင်ထားခဲ့သော ပတ္တမြားကိုရှာရာ မတွေ့တော့ပေ။ ထို့ကြောင့်သူ့ဇနီးနှင့်သားသမီးများကိုလှမ်းခေါ်ကာ ပတ္တမြားကိုယူမိလား သိမ်းမိလားမေးသည်။ တစ်မိသားစုလုံးက အဖြစ်မှန်ကို မသိသဖြင့် သူတို့မယူကြောင်းသာ တွင်တွင်ပြောကြသည်။

ထိုအခါ ကျောက်သွေးသမားသည် ပတ္တမြားအနီးတွင်ထိုင်နေသော ရဟန်းတိဿတစ်ဦးတည်းသာ ကျန်တော့သည်မို့ မေးမြန်းသည်။ ရဟန်းက သူမယူကြောင်းပြောသည်။ ရဟန်းအနေနှင့်သူတွေ့သည့်အတိုင်းသာ အမှန်အတိုင်းပြောလိုက်ပါက ကြိုးကြာငှက်ကိုသတ်ပြီး ပတ္တမြားယူမှရမည်ဖြစ်၍ သူ့ ပယောဂကြောင့် ကြိုးကြာငှက် သေလျှင် သူ့သီလကျိုးပေါက်တော့မည်ဖြစ်သည်။ ထို့ကြောင့် အဖြစ်မှန်ကိုရှင်းမပြနိုင်ဘဲ သူမယူကြောင်းသာ ပြန်ပြောနိုင်ခဲ့သည်။

ကျောက်သွေးသမားလည်း ဘုရင့်ပတ္တမြားဖြစ်နေသောကြောင့် သောကအပူမီးမှ ဒေါသအပူမီး ပြောင်းကာ ရဟန်းကိုအထပ်ထပ်မေးရင်း စကားတွေကြမ်းတမ်းလာသည်။ ရဟန်းတု ရဟန်းယောင် သူခိုးစသည်ဖြင့် စွပ်စွဲ ပြောဆိုသည်။ ထို့နောက်ရဟန်းကို ကြိုးတုပ်ရိုက်နှက်နှိပ်စက်ကာ ပတ္တမြားကို မရမကတောင်းလေတော့သည်။

ဇနီးသည်က မိဘသဖွယ်သဘောထားကိုးကွယ်လာသော ဆရာရင်းရဟန်းသံဃာအပေါ် မပြစ်မှားသင့်ကြောင်း အတန်တန်တောင်းပန်သော်လည်း နားမဝင်တော့ဘဲ ရဟန်းကိုသာအမျိုးမျိုးရိုက်နှက် မေးမြန်းနေခဲ့သည်။ ရဟန်း၏ဦးခေါင်း၊မျက်နှာ၊နားရွက်နှင့်ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးမှသွေးများ ယိုစီးကျဆင်းလာတော့သည်။

ထိုအချိန်တွင်ကြိုးကြာငှက်သည် ရဟန်းထံမှကျဆင်းလာသောသွေးများကို သောက်စားရန် ရှေ့သို့ ဝင်ရောက်လာသည်။ ဒေါသမီးလောင်နေသောကျောက်သွေးသမားက ကြိုးကြာငှက်ကို ရှုပ်ရကောင်းလားဟု ခြေဖြင့်တအားကန်လိုက်ရာ ကြိုးကြာငှက်သည် တုန်းခနဲလဲကျကာ တဆတ်ဆတ်တုန်ပြီး သေသွားလေတော့သည်။

ရဟန်းက ကြိုးကြာငှက်သေသွားပြီလားဟုမေးသည်။ ကျောက်သွေးဆရာက ရဟန်းအား ကြိုးကြာလည်း သေပြီး ဒီတစ်ခါ နင်သေဖို့ပြင်တော့ဟု ပြန်ပြောသည်။

ထိုအခါတွင်မှ ရဟန်းက ဖြစ်ရပ်မှန်ကိုရှင်းပြတော့သည်။ ကျောက်သွေးဆရာသည် ကြိုးကြာငှက်၏ လည်ချောင်းကိုခွဲစိတ်ကြည့်လိုက်သောအခါ လည်စလုတ်ထဲမှ ပတ္တမြားကိုပြန်ရသည်။

သည်တော့မှ ကျောက်သွေးဆရာလည်း ရဟန်းကိုကြိုးဖြည်ပေးသည်။ အထပ်ထပ်အခါခါ တောင်းပန်သည်။ နောင်ကိုလည်း ယခင်ကဲ့သို့ပင် ဆွမ်းခံကြွမြဲကြွဖို့လျှောက်ထားသည်။

ရဟန်းက ကျောက်သွေးဆရာကိုခွင့်လွှတ်ကြောင်း သူ့သီလမပျက်ဖို့ ဖွင့်မပြောခဲ့ခြင်းဖြစ်ကြောင်း နောက်နောင် လမ်းတစ်လျှောက်သာဆွမ်းခံ၍ အိမ်တွင်းသို့ဝင်ရောက်ဆွမ်းခံတော့မည် မဟုတ်ကြောင်းပြောပြီး ဒယိမ်းဒယိုင်နှင့်ပြန်လာသည်။ လမ်းတွင် ရိုက်နှက်ခံထားရသော သူ၏ဝေဒနာ များကိုရှုမှတ်ဆင်ခြင်ရင်း ရဟန္တာလည်းဖြစ် ဝေဒနာလည်းသည်းကာ ရဟန္တာအဖြစ်နှင့်ပရိနိဗ္ဗာန်စံ သွားလေတော့သည်။

ကြိုးကြာငှက်က ကျောက်သွေးဆရာ၏ဇနီးသည်ထံမှာ ဝင်စားကာ သားယောင်္ကျား လေးဖြစ်လာသည်။ ဇနီးသည်က ထိုဘဝမှကွယ်လွန်သောအခါ နတ်ပြည်မှာနတ်သမီးဖြစ်သွားသည်။ ကျောက်သွေးဆရာကတော့ ထို ဘဝမှကွယ်လွန်သောအခါ အဝီစိငရဲမှာခံရလေတော့သည်။

ကိုယ်ကျင့်တရားကို ပတ္တမြားနှင့်လဲခဲ့သောကျောက်သွေးဆရာက အဝီစိငရဲမှာ ငရဲခံနေရရှာပြီ။

ကိုယ်ကျင့်တရားကို ပတ္တမြားနှင့်ရော လင်ယောင်္ကျားနှင့်ပါ မလဲခဲ့သည့် ကျောက်သွေးဆရာကတော်သည် နတ်ပြည်တွင် နတ်သမီးအဖြစ်စံစားခဲ့ရသည်။

ရဟန်းတိဿကတော့ ကိုယ်ကျင့်သီလကို ဘယ်အရာနှင့်မှမလဲနိုင်အောင်တန်ဖိုးထားထိန်းသိမ်းသောသူ ဖြစ်သဖြင့် ပိုမိုတန်ဖိုးကြီးမားသောရဟန္တာအဖြစ်ကို ရရှိသွားခဲ့လေသည်။

ကိုယ်ကျင့်သီလသည် လူ့လောကမှာအလွန်အရေးကြီးလှသည်။ လူတစ်ယောက်ကိုယ်ကျင့် တရားကောင်းလျှင် သူတစ်ယောက်ရှိနေခြင်းကြောင့် ဘယ်မိသားစုဝင်မှ စိတ်ဆင်းရဲခြင်းမဖြစ်နိုင်တော့ပေ။ တစ်မိသားစုလုံး ကိုယ်ကျင့်တရားကောင်းလျှင် ထိုမိသားစုကိုယ်တိုင်လည်း ပျော်ရွှင်ငြိမ်းချမ်းပြီး သူတို့ကြောင့် ဘယ်သူမှ အနှောင့်အယှက်မဖြစ်နိုင်ကြတော့ပေ။

တစ်ရွာလုံးကိုယ်ကျင့်သီလကိုထိန်းနိုင်လျှင် တစ်ရွာလုံးငြိမ်းချမ်းမည်။ တစ်မြို့လုံးကိုယ်ကျင့်သီလကို ထိန်းသိမ်းထားနိုင်လျှင် တစ်မြို့လုံးငြိမ်းချမ်းမည်။ တစ်နိုင်ငံလုံးကိုယ်ကျင့်သီလစောင့်ထိန်းနိုင်လျှင် တစ်နိုင်ငံလုံး ငြိမ်းချမ်းပြီး တစ်ကမ္ဘာလုံးကိုယ်ကျင့်သီလ ထိန်းနိုင်လျှင် တစ်ကမ္ဘာလုံးငြိမ်းချမ်းသာယာနေပေလိမ့်မည်။

ထို့ကြောင့် လူသားတိုင်း ကိုယ်ကျင့်သီလကို ဘယ်အရာနှင့်မှ မလဲနိုင်သောအသိစိတ်ဓာတ်မျိုး ပိုင်ဆိုင် နိုင်ကြပါစေလို့။

                                             ရိုက်မောင်း