【 ဆောင်းပါး 】မြန်မာပြည်က တရုတ်နှစ်သစ်ကူးပွဲတော်ဆိုတာ…

【 ဆောင်းပါး 】မြန်မာပြည်က တရုတ်နှစ်သစ်ကူးပွဲတော်ဆိုတာ… 

ကမ္ဘာ့ပေါ်မှာရှိတဲ့ နိုင်ငံအသီးသီးနဲ့လူမျိုးအသီးသီးမှာ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ရိုးရာ နှစ် သစ်ကူးပွဲ တော်တွေ ရှိကြပါတယ်။အဲ့ဒီအထဲမှာ မကြာခင်ကျရောက်တော့မယ့်  တရုတ်လူမျိုးတွေရဲ့  တရုတ် နှစ်သစ်ကူးပွဲ တော်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ  နွေဦး၊ နွေ၊ ဆောင်ဦး၊ ဆောင်း ဆိုပြီး  ရာသီဥတုလေးခုရှိတဲ့အတွက် တရုတ် နှစ်သစ် ကူးပွဲတော်ကို   နွေဦးလရဲ့ အစမှာကျင်းပတာကြောင့်  နွေဦးပွဲတော်လို့ ခေါ်ဆိုကြတာ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နှစ်သစ်ကူး (သို့မဟုတ်) နွေဦးပွဲတော်ကို   တရုတ်ရိုးရာယဉ်ကျေးမှုနဲ့  သမိုင်းဝင်တဲ့ တရုတ်နိုင်ငံ တွေမှာ  ကျင်းပတဲ့ အရေးပါဆုံးသောပွဲတော်ဖြစ်ပြီး   တရုတ်ရာသီဥတုလေးခုရှိရာမှာ  ပထမဆုံးသော နွေဦး၏ အစနဲ့  တရုတ်လ ပြက္ခဒိန်အရ နှစ်သစ်အစမှာကျင်းပတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံလိုပဲ ကိုယ်ပိုင်သတ်မှတ်ထားတဲ့ နေ့၊ရက်၊ ပြက္ခဒိန်ရှိပြီး တရုတ်နှစ်သစ် ကူး ရက် ကျင်းပရာမှာလည်း မြန်မာနိုင်ငံလိုပဲ  နိုင်ငံတစ်ကာသုံးပြက္ခဒိန်နဲ့မသတ်မှတ်ပဲ  တရုတ်လ ပြက္ခဒိန်နဲ့သာ ဆုံးဖြတ်သတ် မှတ်ထားတာဖြစ်တယ်လို့သိရပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်ကို ပျမ်းမျှ ၁၆ရက်ကြာ ကျင်းပ လေ့ရှိပြီး  ၂၀၂၃ ခုနှစ်အတွက် တရုတ်နှစ်သစ်ကူးပွဲတော်ကာလက  ဇန်နဝါရီလ ၂၁ရက်ကနေ ဖေဖော်ဝါရီလ ၅ရက်နေ့အထိ ဖြစ် ပါတယ်။ ပွဲတော်မစခင် တစ်လလောက်အလိုကတည်းက ဈေးဝယ်ခြင်း၊ အိမ်သန့် ရှင်းရေး လုပ်ခြင်း၊ နေရပ်ပြန် ခြင်းများကို ပြုလုပ်ကြတယ်လို့ သိရပါတယ်။

ယခုနှစ်မှာ ကျင်းပမယ့် တရုတ်နှစ်သစ်ကူးပွဲတော်ကတော့  ယုန်နှစ်ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးဟာ  တိရစ္ဆာန် အမျိုးမျိုးနဲ့  ဘာကြောင့်ဆက်စပ်နေသလဲဆိုတော့ ရှေးခေတ်တွေကတည်းက တရုတ်လူမျိုးတွေဟာ နှစ်တွေကို ကိုယ်စားပြုဖို့ ရာသီခွင်အတွက် တိရစ္ဆာန်တွေကို  အသုံးပြုလာကြတာဖြစ် တယ်လို့သိရပါတယ်။ ရာသီ ခွင်အတွက်  တိရစ္ဆာန် ၁၂ကောင်ရှိပြီး  ၁၂နှစ်မှာ တစ်ကြိမ်စီ ပြန်လည်ကျရောက်တယ်လို့ဆိုပါတယ်။ ရာသီခွင် ၁၂မျိုးကတော့  ကြွက် ၊ နွား ၊ ကျား ၊ ယုန် ၊ နဂါး ၊ မြွေ ၊ မြင်း ၊ ဆိတ် ၊ မျောက် ၊ ကြက် ၊ ခွေး ၊ ဝက် တို့ဖြစ် တယ်လို့ သိရပါတယ်။

တရုတ်နှစ်သစ်ကူးပွဲတော်ပြုလုပ်တာဟာ လယ်သမားတွေနဲ့  အလုပ်သမားတွေ အတွက် တစ်နှစ်တာ အတွင်း ကြိုးစားလုပ်ကိုင်အားထုတ်မှုတွေကနေ အနားယူဖို့အတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။ နောက်တစ်နှစ် မှာ ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့နဲ့  ကောင်းမွန်စွာအနားယူနိုင်စေဖို့အတွက် နှစ်သစ်ကူးပွဲတော်အတွက် ရက်ရှည် ရုံးပိတ်ရက် ပေးထားတာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် တရုတ်နှစ်သစ်ကူးမှာ ကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည်ဆုံတွေ့ပြီး  အတူတကွဖြတ်သန်းဖို့ အတွက် အရေးကြီးဆုံးသော အချိန်အခါဖြစ်တယ်လို့ သိရပါတယ်။ အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ ဖြစ်စေ၊ ပညာရေး အတွက်ဖြစ်စေ၊ တခြားအကြောင်းအမျိုးမျိုးကြောင်းဖြစ်စေ မိသားစုဝင်တွေဟာ  ကွဲကွာနေနိုင်တာ ကြောင့် တရုတ်နှစ်ကူးပွဲတော်မှာ  မိသားစုတွေ ပြန်လည်စုဝေးဖို့ အတွက် အဓိကအခွင့်အရေးတစ်ခု ဖြစ်တယ် လို့ဆိုပါ တယ်။

တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့  အရေးပါဆုံးသောအပိုင်းကတော့ နှစ်သစ်ကူးအကြိုနေ့မှာ ငါးနဲ့ဖက်ထုပ်စတဲ့ ကံကောင်းစေတဲ့ အစားအစာတွေကို  ကွဲကွာနေသောမိသားစုတွေ ပြန်လည်ဆုံဆည်းပြီး အတူစားသုံးကြတဲ့  မိသားစုထမင်းဝိုင်းလေးပဲဖြစ်ပါတယ်။ အခြားသောနှစ်သစ်ကူးနေ့ရက်တွေမှာတော့  အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ နတ်ပို့ခြင်း၊ ဘိုးဘွားများအားကန်တော့ခြင်း၊ အန်ပေါင်းပေးခြင်း စတဲ့နေ့အလိုက် ရိုးရာအတိုင်းပြုလုပ်ကြတယ်လို့ သိရပါတယ်။ဒါ့အပြင် တရုတ်နှစ်သစ်ကူးပွဲတော်မှာ  မီးရှူးမီးပန်းများပေါက်တာတွေ နဲ့ ရိုးရာအကဖြစ်တဲ့  နဂါး အကနဲ့ ခြင်္သေ့အကတွေကိုလည် ကပြလေ့ရှိပါတယ်။

နဂါးအကနဲ့ ခြင်္သေ့အကတွေက ပျော်ရွှင်ဖွယ်ကောင်းတဲ့ တရုတ်နှစ်သစ်ကူးကို မြှင့်တင်စေဖို့အတွက် အသုံးပြုတဲ့ ရိုးရာအကဖြစ်တယ်လို့သိရပြီး  နဂါး နဲ့  ခြင်္သေ့အကဟာ တရုတ်နှစ်သစ်ကူးပွဲတော်အတွက်   ကံ ကောင်း ခြင်းတွေ ကိုဆုတောင်းပေးပြီး နတ်ဆိုးတွေကို မောင်းထုတ်ပေးတဲ့  နည်းလမ်းတစ်ခု ဖြစ်တယ်လို့သိ ရပါတယ်။  မီးရှူးမီး ပန်းများပေါက်ကွဲသံဟာ မကောင်းဆိုးဝါးတွေကို ကြောက်လန့်စေကာ ကံဆိုးခြင်းတွေကို ကင်းဝေးစေ နိုင်တာ ကြောင့်  နှစ်သစ်ကူးရာသီမှာ  မီးရှူးမီးပန်းများဖောက်တယ်လို့ သိရပါတယ်။

တရုတ်နှစ်သစ်ကူးနေ့မှာ  တရုတ်လူမျိုးတွေဟာ ခေါင်းကနေ ခြေဖျားအထိ အသစ်သစ်သော အသုံး အဆောင်ပစ္စည်း များကို ဝတ်ဆင်ကြပြီး နှစ်သစ်အတွက် မျှော်လင့်ချက်အသစ်များကို စတင်ကြတယ်လို့ သိရပါ တယ်။ အထူးသဖြင့်  နှစ်သစ်ကူးနေ့မှာ  တရုတ်လူမျိုးတွေဟာ  အနီရောင်ကိုဝတ်ဆင်ကြပြီး  အနီရောင်ဟာ တရုတ်လူမျိုးတွေအတွက် ကံကောင်းစေသော အရောင်ဖြစ်ပြီး ကံကြမ္မာဆိုးတွေကို တွန်းလှန်နိုင်ကြောင်း  ယုံကြည်ကြတယ်လို့ဆိုပါတယ်။

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို တရုတ်နိုင်ငံမှာသာမက တရုတ်လူမျိုးတွေနေထိုင်ကြတဲ့ အိမ်နီးချင်းနိုင်ငံတွေ မှာလည်း ကျင်းပကြပါတယ်။ ယခုအခါ  တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ဟာ အာရှနိုင်ငံတွေမှာသာမက  အနောက် နိုင်ငံတွေကိုပါပျံ့နှံ့သွားပြီး  အနောက်နိုင်ငံတွေမှာလည်း တရုတ်နှစ်သစ်ကူးပွဲ တော်ကို ကျင်းပလာတာ ကို တွေ့ရ ပါတယ်။

တရုတ်နိုင်ငံဟာ  မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တာနဲ့အညီ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေ အများအပြား နေထိုင်ကြတာကြောင့် မြန်မာနိုင်ငံမှာလည်း တရုတ်ရိုးရာနှစ်သစ်ကူး ပွဲကိုနှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါတယ်။ ကိုဗစ် ၁၉ရောဂါမဖြစ်ခင်က တရုတ်နှစ်သစ်ကူကာလကိုရောက်ပြီဆိုတာနဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုး တွေ အများဆုံးနေထိုင်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ  တရုတ်နှစ်သစ်ကူးပွဲတော်ကို တရုတ်လူမျိုးတွေက မြန် မာနိုင်ငံသူ နိုင်ငံသားများနဲ့ အတူတကွ  စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့  ရှိပါတယ်။

ရန်ကုန်မှာဆိုရင် မြန်မာပြည်ဖွားတရုတ်လူမျိုးတွေအများဆုံးနေထိုင်တဲ့ လသာတစ်မြို့နယ်လုံးမှာ တရုတ်နှစ်သစ် ကူးပွဲတော်ရောက်တိုင်း စည်းကားစွာကျင်းပလေ့ရှိပြီး ပွဲတော်မကျင်းပမည့် တစ်လအလို လောက်ကတည်းက   တရုတ်ရိုးရာမီးပုံးအလှတွေကို  ရပ်ကွက်တိုင်း၊လမ်းတိုင်းမှာ ပြည့်နေအောင် အလှတပ်ဆင်ပြီးမီးထွန်းထားကြပါ တယ်။ ဒါအပြင်တရုတ်လူမျိုးတွေနေ နေအိမ်တိုင်းမှာလည်း တရုတ်ရိုးရာမီးဗုံးအလှတွေကို တင်ဆင်ထားကြပါ တယ်။

ရန်ကုန်မှာကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကတော့ ထူးခြားပါတယ်။ရန်ကုန်မြို့မှာရှိတဲ့ မြန်မာ ပြည်ဖွား တရုတ်လူမျိုး‌တွေက တရုတ်နှစ်သစ်ကူးရောက်ပြီးဆိုတာနဲ့ တရုတ်ရိုးရာယဉ်ကျေးမှုအရ ဘုရားကျောင်းသွားပြီး ကောင်းမှုကုသိုလ်ပြုတာတွေ၊ ဘိုးဘွားတွေကို ကန်တော့တာတွေ၊မိသားစုအလိုက် ညစာထမင်းလက်ဆုံစားတာ တွေ၊ ကလေးတွေကိုအန်ပေါင်းပေးဆုတောင်းပေးတာတွေ၊ တရုတ်ရိုးရာမုန့်မျိုးစုံပြုလုပ်ပြီးအတူတကွ စားသုံးကြ တာတွေ လုပ်ဆောင်ကြပါတယ်။

ဒါ့အပြင် တရုတ်နှစ်ကူးနေ့မှာ သံဃာတော်တွေနဲ့ သီလရှင်တွေကို လှူဖွယ်၀တ္ထုမျိုးစုံလှူဒါန်းတာတွေ၊ ပွဲတော်ကို လာ ရောက်ကြတဲ့သူတွေကို စတုဒီသာ ကျွေးမွေးတာတွေ၊ ရိုးရာအကပျော်ပွဲရွင်ပွဲတွေနဲ့ နဂါးအက၊ခြင်္သေအ က ပြိုင်ပွဲတွေကို ပြုလုပ်တဲ့အတွက် လာရောက်ကြည်ရှုသူ များတာတွေ့ရပါတယ်။

တစ်နှစ်မှာ တစ်ကြိမ်သာကျင်းပလေ့ရှိတဲ့ တရုတ်ရိုးရာနှစ် သစ်ကူးပွဲတော်ကို မြန်မာနိုင်ငံဖွားတရုတ်လူမျိုးတွေနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ အတူတကွယှဉ်တွဲပျော်ရွှင်ဖူးခဲ့ကြပေမယ့် ကိုဗစ် ၁၉ ကပ်ရောဂါကလမှာတော့ တရုတ်နှစ်သစ်ကူးပွဲတော်မပြုလုပ်နိုင်တာဟာ သုံးနှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။

ဒါကြောင့် တရုတ်ရိုးရာနှစ်သစ်ကူးကာလကိုရောက်တိုင်း တစ်ချိန်က စည်းကားစွာကျင်းပခဲ့တဲ အမှတ်တရတွေကို မြန်မာပြည်ဖွားတရုတ်လူမျိုးတွေသာမက  မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့စိတ်ထဲမှာ အမှတ်တရရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ကရင်လေး (အိမ်မဲ )