【 ဆောင်းပါး 】ယွမ်ငွေတိုက်ရိုက်သုံးစွဲနိုင်၍ နှစ်နိုင်ငံကုန်သွယ်မှုချောမွေ့နိုင်

【 ဆောင်းပါး 】ယွမ်ငွေတိုက်ရိုက်သုံးစွဲနိုင်၍ နှစ်နိုင်ငံကုန်သွယ်မှုချောမွေ့နိုင်

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် အဓိကအားထားရာဈေးကွက်ဖြစ်သည့် မြန်မာ-တရုတ်နယ်စပ်၌ ကုန်သည်များမှ ငွေပေးချေသည့်အခါ ယွမ်ငွေဖြင့် တိုက်ရိုက်ပေးချေနိုင်ရန် ခွင့်ပြုလုပ်ဆောင်ပေး လာခဲ့ရာ ကုန် သည်များအတွက် အခက်အခဲအချို့ ပြေလည်မှုများရရှိလာစေခဲ့သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ စတင်ကာ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်ငွေနှင့် ကျပ်ငွေကို တိုက် ရိုက် အသုံးပြု နိုင်ရေးအတွက် ယွမ်ငွေစာရင်းဖွင့်လှစ်ခွင့်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုကာ လုပ်ဆောင် ပေးလာခဲ့သည်။ ကုန်သွယ်မှုများအတွက် ငွေချေရာတွင် ယွမ်နှင့်ကျပ်ကို တိုက်ရိုက်အသုံးပြု ပေးချေမှုကို မြန်မာ့ စီးပွားရေးဘဏ်နှင့် Bank of China (Hong Kong)(Yangon Branch)၊ မြန်မာ့စီးပွားရေးဘဏ်နှင့် Industrial and Commercial Bank of China (Yangon Branch) တို့ကို ဗဟိုဘဏ်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ယွမ် စာရင်းဖွင့်ထားသည့် ကုမ္ပဏီပေါင်း ရာဂဏန်းဖြင့် အများအပြားရှိလာခဲ့သည်။

“အရင်ကဆိုရင် ယွမ်ငွေကို ပြင်ပဈေးကွက်မှာ ပြန်ဝယ်ရတယ်၊ ပြီးတော့မှ ဟိုဘက်ကုန်သည်ကို ငွေချေ ရတယ်၊ ကိုယ်က ကျပ်ငွေပြန်ကိုင်ချင်ရင်လည်း ယွမ်ငွေကိုပြန်ထုတ်ရောင်းရတာမျိုးရှိတယ်၊ ငွေဈေး အတက် အ ကျပေါ်မူတည်ပြီး ကိုယ်ရတဲ့ငွေက အပြောင်းအလဲဖြစ်တာရှိသလို အရောင်းအဝယ်အပြင် ငွေကြေးနဲ့ပတ် သက်ပြီး အပြင်ဈေးကွက်ထဲမှာ ပြန်ဝယ်လိုက်၊ ပြန်ရောင်းလိုက်နဲ့ လုပ်ရကိုင်ရတာ အလုပ်ရှုပ်တာမျိုးရှိတာပေါ့၊ အပြင်ဈေး ကွက်နဲ့ လုပ်ဆောင်ရတာဆိုတော့ အပြင်ဈေးကွက်ဆိုတာ သိတဲ့ အတိုင်းပဲလေ အလိမ်အညာတွေကများတာပေါ့၊ အခုကတော့ တော်တော်လေးကို အဆင်ပြေလာတယ်”ဟုလည်း မူဆယ်အခြေစိုက် ကုန်သည်တစ်ဦးက ရှင်းပြ သည်။

ယခင်က ကုန်သွယ်မှုပြုလုပ်သည့်အခါ ဘဏ်ကိုမသုံးမပြုဘဲနယ်စပ်ရှိ ပြင်ကဈေးကွက်တွင် ယွမ်ကို ဝယ် ယူကာ ယွမ်ဖြင့်ပေးချေရပြီး တရုတ်ဘက်ကလည်းယွမ်ဖြင့်ပေးချေးသည့်အတွက် အဆိုပါငွေကြေးကို ရောင်းသူနှင့် ဝယ်သူ တိုက်ရိုက်သာ အသုံးပြုခွင့်ရသလို အခြားသော နိုင်ငံများမှ ကုန်ပစ္စည်းအရောင်းအဝယ်အတွက် ငွေပေးချေ မှုများပြုလုပ်ရန် ယွမ်ငွေကိုပြန်ရောင်း၍ မိမိပေးချေလုပ်ကိုင်ရမည့် ငွေကြေးကို ပြင်ပဈေးကွက်မှ ပြန်လည်ဝယ် ယူရပြန်သည့်အတွက် အခက်အခဲများစွာလည်းကြုံလေ့ရှိတတ်သည်။

ယခုအခါ ဘဏ်မှကြားခံပုံစံမျိုးဖြင့် သွားနေသည့်အတွက် ငွေကြေးစီးဆင်းမှုအပိုင်းတွင် ဒေါ်လာငွေကဲ့သို့ ခိုင်မာမှုရှိလာပြီး ကုန်ဖိုးပေးချေပြီးနောက် ပိုသည့်ယွမ်ငွေများကိုလည်း ထိုင်းဘတ်ငွေ၊ စင်ကာပူဒေါ်လာ အစရှိ သည့် မိမိနှစ်သက်သော ငွေကြေးဖြင့်လဲလှယ်ရောင်းဝယ်နိုင်သည့်အတွက် ကုန်သည်များမှာ ယခင် ကထက် အဆင်ပြေချောမွေ့မှုများကို ကြုံလာစေခြင်းဖြစ်သည်။

သို့ရာတွင် ကုန်သည်၏ဘဏ်စာရင်းအတွင်းမှ ယွမ်ငွေများကို ပြန်လည်ထုတ်ယူလိုသည့်အခါ ယွမ်အဖြစ် ထုတ်ခွင့်မရဘဲ ကျပ်ငွေဖြင့်သာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှရည်ညွှန်းထားသည့် သတ်မှတ်ငွေလဲနှုန်း ပမာဏ များအတိုင်းသာ ထုတ်ယူရန်လည်း ခွင့်ပြုထားလျက်ရှိသည်။

ထို့အပြင် ပြည်ပသို့ ပို့ကုန်တင်ပို့ရာတွင် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ယခင်က အမေရိကန် ဒေါ်လာ တစ်မျိုးတည်းဖြင့်သာ ပေးသွင်းရသော်လည်း နောက်ပိုင်းတွင် ယွမ်ငွေ၊ ဘတ်ငွေတို့ဖြင့် ပြန်လည်ပေးသွင်းရန် မြန် မာ နိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုပေးခဲ့ရာ ဒေါ်လာငွေ၏ ပြင်ပဈေးကွက်အတွင်း လဲလှယ်မှုနှုန်း အလွန်အမင်း မြင့်တက်သော အခြေအနေမှ အထိုက်အလျောက်ပြန်ကျဆင်းလာခဲ့သည်။ ပို့ကုန်လုပ်ငန်းရှင်များအတွက် ယွမ်ငွေ၊ ဘတ်ငွေနှင့် ဒေါ်လာငွေတို့ကြား လဲလှယ်မှုနှုန်း ကွာခြားချက်၊ ဒေါ်လာ နှင့် မြန်မာကျပ်ငွေကြား ကွာဟချက်များ အထိုက်အလျောက် လျော့ကျသွားစေခဲ့ခြင်းလည်း ဖြစ်သည်။

“ပို့ကုန်ရငွေအနေနဲ့ ဝင်လာတဲ့ ငွေတွေထဲက ၆၅ ရာခိုင်နှုန်း ကို ဗဟိုဘဏ်ပေါက်ဈေးနဲ့ ပြန် ထုတ် ပေး တယ်၊ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို ကိုယ့်ဟာကိုယ် တစ်လအတောအတွင်းမှာ စီမံခန့်ခွဲပိုင်ခွင့် ရှိတယ်ပေါ့၊ အခု ကတော့ ယွမ်နဲ့ ရောင်းမယ်ဆိုလည်း ရောင်းလို့ရတယ်၊ ဘတ်နဲ့ ရောင်းမယ်ဆိုလည်း ရောင်းလို့ရတယ်၊ ရောင်း ပြီးရင်တော့ ယွမ်ရော၊ ဘတ်ရော ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းတော့ ဗဟိုဘဏ်ကို ပေးသွင်းရလိမ့်မယ်။ ပေးပြီးရင် ရည်ညွှန်းဈေးအရ မြန်မာငွေ ပြန်ထုတ်လို့ရတယ်၊ ဘတ်နဲ့ ဒေါ်လာ ပြောင်းတဲ့ကြားမှ ကွာဟနေတဲ့ ဟာမျိုး၊ ယွမ်နဲ့ ဒေါ်လာပြောင်း၊ ယွမ်နဲ့ကျပ်ပြောင်းတာ အဲ့ဒါမျိုးတွေမှာ ကွာဟနေတဲ့ကြားက ကွာဟချက်တွေဟာ အခုလိုစနစ် ကြောင့် ကွာဟချက်တွေနည်းသွားပြီး အကျိုးရှိစေခဲ့ပါတယ်”ဟုလည်း ပွဲရုံ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ထို့အပြင် နှစ်နိုင်ငံကုန်သွယ်မှုချောမွေ့စေရေးအတွက် ကုန်ဖိုးငွေပေးချေမှုစနစ်များကို ဘဏ်စနစ်များ ကြားခံကာ စီစဉ်နိုင်ခဲ့ကြပြီး ယခုနှစ် ဇူလိုင်လအတွင်းကလည်း ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ချင်းရွှေဟော်နယ် စပ်ဂိတ်တွင်လည်း ငွေပေးချေမှုလျင်မြန်စေရန် မြန်မာဘက်မှ မြန်မာ့စီးပွားရေးဘဏ် ၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရဘဏ် စသည့် ဘဏ် ငါးခုကို တိုးချဲ့ ဖွင့်လှစ်လိုက်ပြီး ယွမ်ငွေ အကောင့်ဖွင့်ပေးကာ  သွင်းကုန်၊ ထုတ်ကုန်များအတွက် ယွမ်ငွေနှင့် ငွေပေးချေမှုကို ဝန်ဆောင်ပေးနေလျက်ရှိသည်။

တရုတ် ယွမ်ငွေ(RMB) ကို  နိုင်ငံတကာအသွင်ပြောင်းရေး ခိုင်မာစွာ တွန်းအားပေး ဆောင်ရွက်လာ မှုနှင့် အတူ နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်းရှင်းပြုလုပ်မှု၊ ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှု၊ ငွေစုဆောင်းမှု တန်ဖိုးငွေ သတ် မှတ်ခြင်း စသည့်ကဏ္ဍများတွင် တရုတ်ယွမ်ငွေမှာ  အားကောင်းလာခဲ့သည်။ တရုတ်နိုင်ငံ ပြင်ပ Greater Bay ဧရိ ယာမှာ ဖွံ့ဖြိုးမှု ရပ်ဝန်းဇုန်ဖြစ်သည့်အတွက် ယင်းဒေသမှဒေသခံများကို တရုတ်အစိုးရက ယွမ်ငွေ သုံးစွဲမှု လွယ်ကူ စေရန် အီလက်ထရွန်နစ် ငွေပေးငွေယူစနစ်များ တိုးမြင့်လုပ်ဆောင်ပေးခဲ့ရာ ယွမ်ငွေသုံးစွဲမှု အပိုင်း၌လည်း ပိုမိုမြင့်တက်လာခဲ့သည်။

ထို့ကြောင့် Greater Bay ဧရိယာ အတွင်းရှိ မကာအို၊ ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးအတွင်းရှိ မြို့ ကြီး ကိုးမြို့တို့အကြား၌ ဒေါ်လာငွေ အသုံးပြုမှုလျော့ကျလာပြီး ယွမ်ငွေမှ နေရာယူမှုများလာသည်ကို ကွမ်ကျိုး နယ်မှ PBOC ဘဏ်ခွဲ တစ်ခုက ဆိုထားသည်။

ပြီးခဲ့တဲ့ နှစ်အတွင်း Greater Bay ဇုန်တဝိုက်တွင် ယွမ်ငွေ အလွှဲအပြောင်းပြုလုပ်သည့် ပမာဏတန်ဖိုး စုစုပေါင်းမှာ ယွမ် ၁၇ ဒသမ ၂ ထရီလီယံ (ဒေါ်လာ ၂ ဒသမ ၆၅ ထရီလီယံ) ခန့် ရှိခဲ့သည်ဟု ဆိုထားသည်။        လူဦးရေ သန်း ၇၀ ကျော် မှီတင်းနေထိုင်သည့် ကွမ်တုံ၊ ကွမ်ကျိုး၊ ရှန်ကျန်း အစရှိသည့် ပြည်နယ်များမှာ စီးပွားရေး ဖွံ့ဖြိုးသည့် ပြည်နယ်များဖြစ်လာပြီး ၂၀၁၉ နှစ်ကုန်စာရင်းများအရ ယင်းဒေသများမှ ဝင်ငွေ စုစုပေါင်းအနက်မှ ဒေါ်လာ ၁ ဒသမ ၆၅ ထရီလီယံတို့မှာ နိုင်ငံ၏ GDP အတွင်းသို့ စီးဝင်တိုးပွားစေသည်ကို အခိုင်အမာမြင်တွေ့ နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ပို့ကုန်များအတွက် အဓိကဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသည်လည်း ကုန်သွယ်ရေး တန်ဖိုးများ တစ်နှစ်ထက်တစ်နှစ် တိုးလာသလို ယခု ၂၀၂၂ ခုနှစ်၏ ပထမခုနစ်လအတွင်းတွင် ၂၀ ဒသမ ၇ ရာ ခိုင်နှုန်း တိုးလာပြီး စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် ယွမ် ၃ ဒသမ ၃၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၉၂ ဒသမ ၆ ဘီလီယံ) ရှိကြောင်းကို တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အချက်အလက်များ၌ ဖော်ပြထားလျက်ရှိသည်။

ထိုကဲ့သို့ ယွမ်နှင့်ကျပ်ကို တိုက်ရိုက်အသုံးပြုပေးချေမှုအတွက် ခွင့်ပြုလာခြင်းများမှာ မြန်မာ-တရုတ် နှစ် နိုင်ငံ ကုန်သွယ်မှုကို တိုးမြှင့်နိုင်ရေးအတွက် အထောက်အကူများဖြစ်စေပြီး ကုန်စည်စီးဆင်းမှု လျင်မြန် ချောမွေ့ စေကာ နှစ်နိုင်ငံငွေပေး ချေမှု နှင့် စာရင်းရှင်းလင်းမှုစနစ်များ လွယ်ကူချောမွေ့စေနိုင်မည်ဖြစ်သည်။

ယွမ်ငွေကို တိုက်ရိုက်သုံးစွဲရန်အတွက် ဘဏ်စာရင်းဖွင့်လှစ်ဆောင်ရွက်မှုကို မြန်မာ့စီးပွားရေးဘဏ် သာမက အခြားဘဏ် များကိုလည်း လုပ်ကိုင်ခွင့်ပြုသွားမည့် စီစဉ်မှုများက လာမည့်အနာဂတ်ကာလအတွင်း ကုန်သွယ်မှုချောမွေ့စေရေးကို ဦးတည်ကာ အထောက်အကူကောင်းများ ဖြစ်လာနိုင်မည်ဖြစ်သည်။ ထိုအစီအ စဉ်များက ပြည်တွင်းငွေကြေး သုံးစွဲမှုကို တိုးမြှင့်လာစေကာ ASEAN Financial Integration ၏ ရည်ရွယ်ချက် များအတိုင်း ဖော်ဆောင်သလို ဖြစ်လာစေကြောင်း ရေးသားလိုက်ရပေသည်။ 

ဧပရယ်လ်