【 ဆောင်းပါး 】ရှေးတရုတ်ဘုရားကျောင်းများနဲ့ ရန်ကုန်မြို့ (အပိုင်း - ၁)

【 ဆောင်းပါး 】ရှေးတရုတ်ဘုရားကျောင်းများနဲ့ ရန်ကုန်မြို့ (အပိုင်း - ၁)        

နှစ်သက်တမ်း ၁၅၀ နီးပါးရှိနေသည့် ဖူဆန်ဘုရားကျောင်း

ရန်ကုန်မြို့တွင် နှစ်သက်တမ်းရာကျော်နေသည့် အဆောက်အအုံပေါင်းများစွာရှိသလို ယင်းအဆောက်အအုံများမှာ တစ်ခုချင်းစီအလိုက် သမိုင်းမှတ်တမ်းများလည်း ရှိကြသည်။ ယင်းအနက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ် ကုက္ကိုင်းတွင် တည်ရှိသည့် ဖူဆန်ဘုရားကျောင်းမှာလည်း အပါအဝင်ဖြစ်သည်။

တရုတ်နိုင်ငံ၊ ဖူးကျန့်ပြည်နယ်၊ အန်ရှီးစီရင်စုမှ မြန်မာပြည်သို့ ရောက်လာကြသော တရုတ်လူမျိုးများ ဖြစ်သည့် ဟုတ်ကင်း လူမျိုးများမှ ဆင်းသက်လာသူများက လွန်ခဲ့သော ၁၈၇၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တည် ထောင်ခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းများ၌ ဖော်ပြထားသည်။ ထိုဘုရားကျောင်းသည် တရုတ်ဗုဒ္ဓရဟန်းတော်ကို ရည်မှန်း၍ ကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး မဟာယာနဗုဒ္ဓဘာသာကျောင်းတစ်ခုလည်းဖြစ်သည်။

၁၈ ရာစုခေတ်တွင် ရန်ကုန်မြို့မြောက်ပိုင်း၌ နေထိုင်သည့် ကိုင်းစိုက်ပျိုးသူ၊ တရုတ်ပြည်ဖူးကျင့်အန်း ချည်းနယ်သား တရုတ်လူမျိုးတို့သည် အားကိုးရာ ရိုးရာပူဇော်သော ချိန်စွိကျောစူမဟာထေရ်ဘိုးတော်ကို ကိုးကွယ်ရန် လက်ရှိမြေနေရာကိုပေးလှူ၍ ကျပ် ၆၀၀ မတည်လှူဒါန်းခဲ့ကြောင်း၊ ထိုမှဘုရားကျောင်းအတွက် စုစုပေါင်း ၇၂၈၂ ကျပ်ကို ကောက်ခံရရှိခဲ့ပြီး တန်လင်ဖင်၊ ကျင်စီကျောင်း စသည့်ပုဂ္ဂိုလ်များမှ ဂေါပကဖွဲ့၍ ကန်ထရိုက်တာ ဝူးလင်ကျန်ကို ဆောက်လုပ်စေခဲ့ပြီး ၁၈၇၅ ခုနှစ်၊ ဇန်နဝါရီလတွင် အောင်မြင်စွာပြီးစီးပြီးနောက် တည်ထားကိုးကွယ်ခဲ့သည်ဟုလည်း မှတ်တမ်းအချို့တွင် ဖော်ပြထားလျက်ရှိသည်။

ထိုချိန်စွိကျောစူ၏ မူလဘုရားကျောင်းသည် တရုတ်ပြည်တွင် လက်ဖက်ခြောက်ထွက်ရှိသည့် အန်ချည်းပြည်နယ် ချိန်စွိရန် ခေါ်  ပိန်ရန် ဒေသတောင်တွင် ပူဇော်ထားလျက်ရှိသည်။ မှတ်တမ်းများအရ ချိန်စွိကျော့စူသည် မူလက ဆေးသမားတော်တစ်ဦးဖြစ်ပြီး ပရဟိတလုပ်ငန်းကိုလုပ်ဆောင်၍ လူမှုအကျိုးပြုနေသော ကုသိုလ်ကောင်းမှုပြုသည့် ဆရာလည်းဖြစ်သည်။ ငယ်စဉ် အမည်မှာ တန်အိန်ကျော် ခေါ် တန်ဝေယုံ ဟု အမည်ရပြီး ၁၀၄၄ ခုနှစ်၊ တရုတ်နှစ်ဆန်း(၆)ရက်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

ချွမ်ကျူးအိမ်စွန်မြို့၊ ရှောင်ကူး ရွာသားဖြစ်သလို ဘွဲ့အမည်မှာ ရှောင်အိန်ဖြစ်ပြီး မျက်နှာမည်းဘိုးတော်၊ ချိန်စွိကျင်လန်၊ ကျော့စူကုန်း၊ ဘုန်းလှိုင်ကျောစူး၊ ရှောင်အိန်းကျော့စူး စသည့် အမည်များရှိသလို စုစုပေါင်း အမည် ခုနစ်မျိုးရှိသည်ဟု ဆိုထားသည်။ ချိန်စွိကျောစူသည် ငယ်ရွယ်ကတည်းကပင် သာသနာ့ပါရမီဖြည့်သူ တစ်ဦးဖြစ် ခဲ့ပြီး တာယွမ်ကျောင်းတွင် ကိုရင်ဘဝဖြင့် သီတင်းသုံးခဲ့သည်။ သက်သတ်လွတ်အစားအစာများကိုသာ ဘုန်းပေးပြီး ငါးပါးသီလမြဲမြံအောင် ကျင့်ကြံ နေထိုင်သူလည်းဖြစ်သည်။ တာယွမ်ကျောင်းတွင် ဖိနှိပ်ခံရသဖြင့် ကိုးထိုက်တောင်ပေါ်တွင် ဓနိကျောင်းဆောက်ပြီး တစ်ကိုယ်တည်း တရားကျင့်ကြံ၍ နေထိုင်ခဲ့သည်။ နောင်တာကျင့် တောင်ပေါ်က ဈာန်ရနေသော ဆရာတော်ကြီး မိန်ရုံး၏ တရားပြလမ်းညွှန်ပေးမှုဖြင့် သုံးနှစ်သုံးမိုးတရားကျင့်ကြံကာ ၅ လပိုင်း ၆ ရက်တွင် တရားထူးတရားမြတ်များ ရရှိခဲ့သည်ဟု ဆိုထားသည်။ ထိုသို့ တရားထူးတရားမြတ်များရသည့်အပြင် ဆေးသမားတော်ကျမ်းလည်းရရှိခဲ့ပြီး မာကျန်းလ်မြို့၌ ဆေးကုသမှုများ ပေးခဲ့သည်။

အဆင့်မြင့်ကာ မြင့်မြတ်သူ (မားကျန်းလ်စံလူ) ဟူ၍ အမည်ရရှိခဲ့ပြီး စုန်းစန်ကျုံးဘုရင်ယွန်းဟုန်းလက်ထက်တွင် ဖူးကျင့် အန်းချည်း ယွမ်ချွမ်ဒေသ၌ မိုးခေါင်ရေရှားမှုကြုံကာ သီးနှံများစိုက်၍မရဘဲ ကပ်ဘေးဆိုက်သည့် အခြေအနေ ကြုံရသည့်အပေါ် ချိန်စွိကျောစူကို ပင့်ဖိတ်၍ မိုးရွာသွန်းစေရန်အတွက် မိုးနတ်မင်းထံ တောင်းဆိုဆုတောင်းပေးရန် ပင့်ဆောင်ခဲ့သည်။ ထိုသို့ ဆုတောင်းမှုများပြုလုပ်ပြီးနောက်တွင် မိုးများမှာလည်း အမှန်တကယ် ရွာသွန်းလာခဲ့သည့်အတွက် ချိန်စွိကျောစူဟု တင်စားခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ ထို့နောက်တွင် ရွာသူရွာသားများက ဘုန်းလှိုင်တောင်ပေါ် ကျောင်းဆောက်၍ သီတင်းသုံးစေခဲ့ပြီး ယင်းကျောင်း ဆောင်အတွင်းတွင် ၁၉ နှစ်တိုင်အောင် တရားကျင့်ကြံကာ သီတင်းသုံး နေထိုင်တော်မူခဲ့သည်။ ထို့အပြင် တစ်ကိုယ်တော် အလှူခံမှုများပြုလုပ်ခဲ့ပြီး ရရှိလာသည့်အလှူငွေများဖြင့် လမ်းခင်းပေးခြင်း၊ တံတားများ တည်ဆောက်ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ထို့ကြောင့်ပင် နောက်ပိုင်းတွင် ကျန်းကျိုး၊ တိမ်ကျိုးမြို့များရှိ ဒေသခံများအားလုံးမှာ ၎င်းအပေါ် သက်ဝင်ယုံကြည်လာခဲ့ကြပြီး ကိုးကွယ်ဆည်းကပ်မှုများကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ကျေးလက်တောရွာအတွင်း လယ် သမား၊ ကိုင်းသမားများ ရောဂါမျိုးစုံ ခံစားနေရသည့်အပေါ် ချိန်စွိကျော့စူသည် ကုသပေးခဲ့ကြောင်း၊ ဒေသတစ်ခုတွင်လည်း ကလေးငယ်များကို နှစ်စဉ်နှစ်တိုင်း ဆက်သနေရပြီး အမျိုးသမီးတစ်ဦးကိုပါ အပိုင်စားယူဆောင် ၍ ခြိမ်းခြောက်နှောင့်ယှက်နေသော စုန်းတစ်ဦး၏ အန္တရာယ်ကိုလည်း ၎င်းကအမျိုးသမီးအသွင်ဖန်တီးကာ ကလေးငယ်နှင့် အမျိုးသမီးများကို ကယ်တင်ပြီး စုန်းကိုနှိမ်နင်းနိုင်ခဲ့ပြီးနောက်တွင် ပိုမိုထင်ရှားကျော်ကြားလာခဲ့သည်။ ထိုသတင်းများကြောင့် အများကကြည်ညိုလေးစားကာ အချို့မှာလည်း ဘိုးတော်အဖြစ် သတ်မှတ်ကိုးကွယ်လာခဲ့ကြသည်။

၎င်းသည် သက်တော် ၆၅ နှစ်အရွယ် စုန်ဝေကျုံးဘုရင် ကျင့်ကို့ ၏ ၉နှစ် သက်တမ်းကာလအတွင်း ၅ လ ပိုင်း ၁၃ရက်တွင် တရားပြရင်းဖြင့် ထိုင်လျက်ပျံလွန်တော်မူခဲ့သည်။ ထိုပျံလွန်တော်မူခဲ့သည့် ဖြစ်ရပ်ကို နန်းတွင်း သို့ သတင်းပို့ကြသည့်အခါ နန်းတော်မှ ချောင်းအင့်ဘိုးတော်ဟူသော ဘွဲ့ကို အပ်နှင်းချီးမြင့်ခဲ့သည်။ ချိန်စွိကျောစူ ပျံလွန်တော်မူပြီးသောအခါ ရွာသူ ရွာသားများနှင့် ဒေသခံများက ၎င်း၏ဘုန်းတော်ကို အောက်မေ့၍ အထိမ်းအ မှတ်များအဖြစ်ဖြင့် ကိုးကွယ်ဆည်းကပ်မှုများကို ပြုလုပ်ခဲ့ကြသည်။ ထိုဒေသတွင် ယခင်က တောနယ်မှ သူပုန်များစွာရှိပြီး ထူးခြားသည်မှာ ချိန်စွိကျောစူကို ကိုးကွယ်သည့်သူများကို တောနယ်သူပုန်များက အန္တရာယ်မပြုရဲကြကြောင်း ဆိုထားသည်။

ချိန်စွိကျောစူသည် အမျိုးသမီးအသွင်းဖန်ဆင်း၍ စုန်းလက်မှ ကယ်တင်ခဲ့ဖူးသည့်အတွက် ချိန်စွိကျောစူ၏ ရုပ်ပွားတော်အဖြစ် ထုလုပ်သည့်အခါတွင် ခြေသေးမအသွင်ထုလုပ်ပြီး ကိုးကွယ်ကန်တော့ခဲ့ကြသည်။ ထိုသို့ ခြေ သေးမအသွင် ထုလုပ်ပူဇော်ခဲ့ကြသည့်အတွက် ကျော့စီကုန်းဟူ၍လည်း နာမည်တွင်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

ထို့နောက်တွင် ချိန်စွိကျောစူ၏ မွေးနေ့ဖြစ်သော တရုတ် ၁ လပိုင်း လဆန်း ၆ ရက်တွင် ပူဇော်ပွဲကျင်းပခဲ့ပြီး အချို့မှာ ယင်းနေ့အပြင် တရားထူးတရားမြတ်ရသည့် တရုတ် ၅ လပိုင်း လဆန်း ၆ ရက်တွင်လည်း ပူဇော်ခဲ့ကြသည်။ ပူဇော်ကန်တော့သည့်အခါတွင် အချို့သောဘုရားကျောင်းများ၌ လေးစားသည့်အနေဖြင့် ဝက်နှင့် အခြားသော အသားသုံးမျိုးဖြင့် ပူဇော်ကန်တော့လေ့ရှိကြသည်။ ချိန်စွိကျောစူမှာ ငယ်ရွယ်စဉ်ကတည်းက တရုတ် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီးဘဝဖြင့် တရားကျင့်ကြံခဲ့ပြီး သက်သတ်လွတ်အစားအသောက်များကိုသာ ဘုန်းပေးသုံးဆောင်တော်မူသည့်အတွက် အချို့သော ဘုရားကျောင်းများတွင်မူ အသားနှင့် အရက်တို့ဖြင့် ပူဇော်မှုကို တားမြစ်၍ အသားအစား ကိတ်မုန့်၊ သစ်သီး အစရှိသည့် သက်သတ်လွတ် စားသောက်ဖွယ်ရာများဖြင့်သာ ပူဇော်ကန်တော့ကြသည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ကုက္ကိုင်းရှိ ဖူဆန်ဘုရားကျောင်းတွင်လည်း ယင်းကဲ့သို့ ပူဇော်ကန်တော့လေ့ရှိသလို ပူဇော်ကန်တော့ရန် လာရောက်သူများဖြင့် နှစ်စဉ်စည်ကားလေ့ရှိသည်။

“အရင်ကတော့ ပူဇော်ပွဲ မတိုင်ခင် တစ်ရက်ညနေကတည်းက မုန့်လှူတဲ့သူတွေက ဘတ်စကတ်ဘောကွင်းထဲမှာ တစ်ကန့်တစ်ကန့်နဲ့ အလှူရှင်တွေနေရာယူပြီး ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ဆန်ပြုတ်၊ အာလူးဟင်းပလာတာ၊ အအေး၊ ရေခဲမုန့်အစုံပေါ့၊ အလှူရှင်တွေ ကြိုက်ရာ လှူကြတယ်၊ ညလုံးပေါက်ပဲ ညဘက် ၁၂ လောက်ဆို နဂါးတွေဘာတွေပါ လာကတတ်တယ်၊ အခု ကိုဗစ်နောက်ပိုင်း မလုပ်ဖြစ်တော့ဘူး”ဟူ၍လည်း ယင်းပူဇော်ပွဲသို့ ရောက်ခဲ့သူတစ်ဦးက ပြန်ပြောပြခြင်းလည်းဖြစ်သည်။

ထိုဘုရားကျောင်းကို ထိန်းသိမ်းသူ မစ္စတာယန်က ၁၉၆၀ ခုနှစ်တွင် ဘုရားကျောင်း ပြန်လည်ပြုပြင်ထိန်းသိမ်းရာ၌ ပါဝင်ခဲ့ပြီး ဘုရားကျောင်းကို နှစ်ပေါင်းများစွာ စီမံအုပ်ချုပ်နေသလို ရန်ကုန်မြို့အလယ်ရှိ ခိန့်ဟုတ်ဗုဒ္ဓဘာ သာဘုရားကျောင်းမှ ကွပ်ကဲနေသည်ဟု ဆိုထားသည်။ ဘုရားကျောင်းဝင်းအတွင်းတွင် စားသောက်ဆိုင်တစ်ခုနှင့် ဘတ်စကတ်ဘောကစားကွင်းတစ်ခုရှိပြီး ဘုရားကျောင်းဝင်ပေါက်ရှေ့ ညာဘက်၊ ဘုရားကျောင်း အလယ်နေရာလောက်တွင် ရေပန်းတစ်ခုတည်ရှိသည်။ ဘုရားကျောင်းဝင်း အတွင်းတွင် တရုတ်ကျောက်ဆစ်ရုပ်များ၊ တရုတ်ဗိသုကာဟန်များဖြင့် တန်ဆာဆင်ကာ ဖန်တီးလုပ်ဆောင်ထားသည်။ တရုတ်ဟန် အဝိုင်းသဏ္ဌာန်ရှိ လ သာဆောင်များပါဝင်ပြီး ကျောက်စားပွဲများ၊ ထိုင်ခုံအပုများဖြင့် တန်ဆာဆင်ယင်ထားသည်။ တစ်ခုသော လသာဆောင်၏ နံဘေး၌ တရုတ်ဆယ့်နှစ်ရာသီခွင်ရုပ်များအဖြစ်ထားရှိပြီး တရုတ်တံတားနှင့် မျှော်စင်ပုံ ပန်းချီ ကားအသေးစားလည်း ဆင်ယင်ထားလျက်ရှိသည်။

၂၀၀၈ ခုနှစ်တွင် ဘုရားကျောင်းကို ပြန်လည်၍ ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ခဲ့သလို နှစ်စဉ် တရုတ်နှစ်သစ်ကူးနေ့နှင့် ချိန်စွိကျောစူ မွေးနေ့တွင် ဘုရားကျောင်းသည် ဘုရားရှိခိုးရန် လာရောက်သူများစွာဖြင့် စည်ကား လျက်ရှိသည်။ ကိုဗစ်ဖြစ်ပွားပြီးနောက်ပိုင်း ရောဂါဘယကန့်သတ်ချက်များအရ အကျဉ်းချုံး၍ကျင်းပခဲ့ရသော်လည်း ယခုနောက်ပိုင်း ကိုဗစ်ဖြစ်ပွားမှုလည်း သိသာစွာလျော့နည်းလာမှုနှင့်အတူ ၂၀၂၃ ခုနှစ်တွင် နှစ်သစ်ကူးပွဲတော်နှင့် ဆုတောင်းပူဇော်ပွဲများကို စည်ကားအောင် ပြန်လည်ကျင်းပလာခဲ့ကြသည်။ ဘုရားကျောင်း၏ ဖန်တီးတည်ဆောက်ထားပုံမှာ တရုတ်ပန်းခြံတစ်ခုနှင့် ဆင်တူသလို ရောက်ရှိလာသူများအတွက် စိတ်အေးချမ်းမှုများလည်းရစေခဲ့သည်။ တင့်တယ်သည့် ဟန်ပန်များဖြင့် ဖွဲ့စည်းတည်ရှိနေသလို နှစ်ပေါင်း ၁၅၀ နီးပါးသက်တမ်းရှိသည့် ရန်ကုန်မြို့တွင် သက်တမ်းရှည်ဘုရားကျောင်းကြီးတစ်ကျောင်း၏ အကြောင်းကို ယခုလိုရေးသားဖော်ပြလိုက်ရပေသည်။

ဧပရယ်လ်