【 ဆောင်းပါး 】လွတ်လပ်ရေးရပြီးနောက်ပိုင်း စတင်ခဲ့တဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး

【 ဆောင်းပါး 】လွတ်လပ်ရေးရပြီးနောက်ပိုင်း စတင်ခဲ့တဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး

တရုတ်နိုင်ငံနဲ့  မြန်မာနိုင်ငံအကြား အပြန်အလှန်ဆက်ဆံမှုရဲ့ အစောဆုံးသမိုင်းမှတ်တမ်းကို သရေခေတ္တရာ ပျူဘုရင်လက်ထက်မှာ တရုတ်နိုင်ငံသို့ သံအဖွဲ့စေလွှတ်ခဲ့တဲ့ အေဒီ ၈၀၂ ခုနှစ်မှာ တွေ့ရှိခဲ့ရတယ်လို့ အထောက်အထားမှတ်တမ်းတွေမှာ ဖော်ပြထားကြပါတယ်။

ထိုအချိန်ကနေ စတင်ရေတွက်ပါက တရုတ်- မြန်မာနိုင်ငံအကြား အပြန်အလှန်ဆက်ဆံမှုဟာ ယနေ့အချိန်အထိ နှစ်ပေါင်း ၁၂၀၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တစ်နှစ်အကြာ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ ကွန်မြူနစ်ပါတီဥက္ကဋ္ဌ မော်စီတုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရအဖွဲ့ကို ပေကျင်းမြို့တွင် ရုံးစိုက်ခဲ့ပါတယ်။

၎င်းတို့အစိုးရဟာ တရုတ်ပြည်သူများကိုကိုယ်စားပြုတဲ့ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း၊ အစိုးရသည်သာတူညီမျှမှု၊ အပြန်အလှန်အကျိုးပြုမှု၊ အပြန်အလှန်လေးစားမှုများကို လိုက်နာကျင့်သုံးရန် စိတ်အားထက်သန်ကြတဲ့ နိုင်ငံခြားအစိုးရအားလုံးနဲ့ သံတမန်ဆက်ဆံရေးထူထောင်ဖို့ အသင့်ရှိနေကြောင်း တိအန်မင်ရင်ပြင်မှာ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဂျပန်ခေတ်မှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့အရေးတော်ပုံပါတီကို အမည်ပြောင်းလဲထားသော ဗမာပြည်ဆိုရှယ်လစ်ပါတီက တရုတ်နိုင်ငံသစ်ထူထောင်မှုကို ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒီနောက် ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော ဖဆပလအစိုးရအဖွဲ့ကလည်း တရုတ်နိုင်ငံသစ်နှင့် အစိုးရချင်း သံတမန်ဆက်ဆံရေးထားရှိရန် ပြင်ဆင်ခဲ့ပါတယ်။ထိုအချိန်က အာရှတိုက်ရဲ့ အခြားနိုင်ငံတွေဟာ တရုတ်နိုင်ငံသစ်နဲ့ ပတ်သက်လို့ အခြေ အနေကို စောင့်ကြည့်နေကြဆဲသာဖြစ်ပြီး တရားဝင်အသိအမှတ်မပြုကြသေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အသိအမှတ်ပြုကြိုဆိုမှုကို လှိုက်လှဲစွာဝမ်းသာကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံကတုံ့ပြန်ခဲ့ပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို  ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်တွင် စတင်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ အပြန်အလှန်ချစ်ကြည်ရေးခရီးများ သွားရောက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံဆက်သွယ်ရေး စတင်ခဲ့ချိန်မှစ၍ ထိုစဉ်က တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းသည် မြန်မာနိုင်ငံသို့ ကိုးကြိမ်တိုင် လာရောက်ခဲ့ပြီး ထိုခေတ်က မြန်မာသမ္မတများ၊ ဝန်ကြီးချုပ် ဦးနု၊ ဦးဘဆွေနှင့် ဗိုလ်ချုပ်ကြီးနေဝင်းတို့သည်လည်း တရုတ်နိုင်ငံသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ကြတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်သမ္မတ မစ္စတာလျှိုရှောင့်ချိသည် ၁၉၆၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အပြန်အလှန်အားဖြင့် မြန်မာခေါင်းဆောင်များလည်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြပါတယ် ။

နောက်ပိုင်း ၁၉၇၁ ခုနှစ်တွင် ထိုစဉ်က ဥက္ကဋ္ဌ ဦးနေဝင်း တရုတ်နိုင်ငံသို့ သွားရောက်ပြီး တရုတ်ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မဒမ်တိန့်ရင်နောင်ကလည်း ၁၉၇၇ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယ ဝန်ကြီး ချုပ် မစ္စတာတိန့်ရှောင်ဖိန်သည် ၁၉၇၈ ခုနှစ်တွင်လည်းကောင်း၊ သမ္မတမစ္စတာလီရှင့်နင့်သည် ၁၉၈၄ ခုနှစ်တွင် လည်းကောင်း မြန်မာနိုင်ငံသို့ အသီးသီးလာရောက်ခဲ့ကြတာ တွေ့ရပါတယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်းကာလများတွင် တရုတ်ဝန်ကြီးချုပ် မစ္စတာလီပင်းသည် ၁၉၉၄ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယသမ္မတ မစ္စတာဟူကျင်တောင်သည် ၂၀၀၀ ပြည့်နှစ်တွင်လည်းကောင်း၊ သမ္မတ ကျန်ဇီမင်းသည် ၂၀၀၁ ခုနှစ်တွင် လည်းကောင်း မြန်မာနိုင်ငံသို့ အသီးသီးလာရောက်ခဲ့ကြသလို ထိုအချိန်များက မြန်မာအကြီးအကဲများလည်း တရုတ်နိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ကြတာ တွေ့ရပါတယ်။

 ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ထိုစဉ်က မြန်မာသမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ ခြောက်ကြိမ်သွားရောက်ခဲ့ပြီး ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့လည်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်ဥက္ကဋ္ဌ ဝန်ကြီးချုပ် လီခချန်းနှင့် အခြားတရုတ်ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပါသေးတယ်။

ယခင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့သည် သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ၂၀၁၇ ခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သလို ထိုစဉ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်လည်း အာဆီယံမဟုတ်သည့် နိုင်ငံများအနက် ပထမဦးဆုံး ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် သွားရောက်ခဲ့ပါတယ်။

၎င်းဟာ ၂၀၁၇ ခုနှစ် မေလတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များဆွေးနွေးပွဲ၊ ၂၀၁၉ ခုနှစ် ဧပြီလတွင် ဒုတိယအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်များသို့ တက်ရောက်ကာ တရုတ်သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့်လည်း နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့်ထူးခြားသည့် ဝိသေသလက္ခဏာအရ နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ ထိုစဉ်က မြန်မာနိုင်ငံမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယသမ္မတများနှင့် ကာကွယ်ရေးဦးစီးချုပ်တို့လည်း တရုတ်နိုင်ငံသို့ ခရီးစဉ်များ သွားရောက်ခဲ့ကြပြီး တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်သည် မြန်မာနိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြားချက်အရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး၏ ထူးခြားသည့် ဝိသေသလက္ခဏာကို ပိုမိုပီပြင်စေခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ လာရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ အခြေခံ အဆောက်အအုံ၊ နယ်စပ်စီးပွားရေး၊ ကုန်ထုတ် လုပ်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ လျှပ်စစ်ဓာတ်အားထုတ်မှုစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ အတွက် သဘောတူ စာချုပ် (Agreements) ၆ ခု၊ သဘောတူညီချက် (Implementation Agreements) ၃ ခု၊ နားလည်မှု စာချွန်လွှာ (MoUs) ၁၄ ခုနှင့် စာလွှာ (Exchange Letter) (၁၀) ခု စုစုပေါင်း (၃၃) ခု တို့ကို နှစ်နိုင်ငံအကြား အပြန်အလှန် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါတယ်။

တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာ-တရုတ် ဆက်ဆံရေး နှစ် (၇၀) ခရီး တွင် အရေးကြီးသည့်ဆက်ဆံရေး သမိုင်းမှတ်တိုင်သစ်တစ်ခု အနေဖြင့်သော်လည်းကောင်း၊ နှစ်နိုင်ငံဆက်ဆံရေး၏ ထူးခြားသည့် ဝိသေသ လက္ခဏာအား ဆက်လက် ဖော်ဆောင်မှုအနေဖြင့် သော်လည်းကောင်း ထူးခြားလေးနက်မှုများစွာ ကျန်ရှိနေမှာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်တွင် နှစ်ဖက်အကြီးအကဲခေါင်းဆောင်များရဲ့ အပြန်အလှန်ခရီးစဉ်များမှ အစဉ်အလာ ဆက်ဆံရေးကို မြှင့်တင်ပုံဖော်သွားနိုင်ခဲ့ကြတာကို  ခရီးစဉ်များအား သမိုင်းမှတ်တမ်းများက သက်သေပြနေပါတယ်။

ခန့်မောင်