【 ဆောင်းပါး 】အလုပ်မဖြစ်တော့သည့် ဘီလူးကျွန်းလယ်ယာ

【 ဆောင်းပါး 】အလုပ်မဖြစ်တော့သည့် ဘီလူးကျွန်းလယ်ယာ

သက္ကရာဇ်၂၀၀၀ကျော်အရောက် ဘီလူးကျွန်းက လူငယ်များစွာဟာ ရှမ်းကမ်းလို့ခေါ်သည့် ထိုင်းသို့ သွားကြပြီဖြစ်သည်။ကျန်းမာရေးချို့တဲ့သူ၊ထိုင်းသို့သွားရန်စရိတ်ခက်ခဲလွန်းနေသူ၊ကိုယ်ပိုင်အလုပ်ရှိသူနဲ့ မစွန့်စားရဲတဲ့ဌာနဆိုင်ရာဝန်ထမ်းများသာလျှင် ထိုင်းသို့မသွားကြခြင်းဖြစ်သည်။

ထိုကာလတုန်းက နာမည်ကျော်ရွာလွတ်သစ်သားထည် လက်မှုလုပ်ငန်းသည်လည်း အလုပ်ဖြစ်သည် ဆိုရုံ၊မုဒွန်းက ကျောက်သင်ပုန်းကျောက်တံလုပ်ငန်းဆို ပိုဆိုး၊ဘီလူးကျွန်းထွက် ဝါးထည်ခမောက်လုပ်ငန်းဆိုလျှင်လည်း အသက်ရှူရတာမဝတဝ။ဘီလူးကျွန်း၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော လယ်ယာလုပ်ငန်းဆို လျှင်လည်း လယ်၁၀ဧက လောက်ပိုင်သည့်မိသားစုတောင် မိသားစုများလျှင် ဝမ်းဝဖို့ပင်မလွယ်။

ထို့ကြောင့်ထိုင်းဆိုသည်မှာ ဘီလူးကျွန်းသားတွေအတွက် တကယ့်ကို ထွက်ပေါက်အကြီးကြီး။ ထို့ ကြောင့် အရွယ်ရောက်လာလို့မှ ထိုင်းသို့မသွားဘူးဆိုလျှင် မျက်နှာငယ်ရသည်။ထို့ကြောင်းဆင်းရဲလွန်းသူများကလည်း မိဘတွေကို အတိုးကြီးကြီးပေးရလည်းချေးဌားခိုင်းပြီး သွားကြသည်။များသောအားဖြင့် ထိုင်းမှာအဆင်မပြေလို့ ပြန်လာသူတွေတောင် အရင်းငွေအသွားအပြန်လမ်းစရိတ်ကျေကြသဖြင့် မဆိုးလှ။

ထိုင်းသို့မြေစမ်းခရမ်းပျိုးသွားခါစ ၁၉၉၀အလွန်နှစ်များတွင် မသိသာသော်လည်း ထိုင်းသို့အလုံးအရင်းနှင့်သွားနေကြပြီဖြစ်သော သက္ကရာဇ်၂၀၀၀ဝန်းကျင်သို့ရောက်သောအခါ ဘီလူးကျွန်းဒေသတွင်း တစစကြီး ထွားလာသည့်ပြဿနာမှာ လုပ်သားရှားပါးမှုပြဿနာဖြစ်သည်။

အထူးသဖြင့် ထုထည်ကြီးမားသော လယ်ယာလုပ်ငန်းခွင်တွင် ပြဿနာကြီးတော့သည်။လယ်ဌား လုပ်သူလူငယ်များမှာ ထိုင်းသို့ထွက်ခွာသွားကြသဖြင့် နောက်ထပ် လယ်လုပ်ငန်းကျွမ်းကျင်သူရဖို့ရာမလွယ်။ ရှိသည့်လယ်လုပ်ငန်းကျွမ်းကျင်သူကျတော့လည်း ပုံမှန်ပေါက်ဈေးအတိုင်းနဲ့ဆို မလုပ်ချင်တော့။ထို့ကြောင့် အလုပ်မဖြစ်သည့် လယ်ယာလုပ်ငန်းခွင်အတွင်း လုပ်သားစရိတ်မှာ သိသိသာသာမြင့်လာသည်။

ကောက်စိုက်သည့်လုပ်ငန်းမှာ အမျိုးသမီးတို့ ရွက်ဆောင်လေ့ရှိသည့်အလုပ်မို့ ပြဿနာမရှိ။သို့သော်၊ ဈေးကတော့တက်ပြီ။စပါးရိတ်တာမျိုးကျတော့ အစဉ်အလာအရ အမျိုးသားတို့လုပ်ကြသည့်အလုပ်။သို့သော်၊ ဘီလူးကျွန်းသားတွေမရှိသလောက်ရှားနေပြီမို့ နှေးကွေးနေပြီဖြစ်သည့်သက်ကြီးလုပ်သားတို့နှင့် မကျွမ်းကျင် သည့် အမျိုးသမီးများကို စပါးရိတ်ခိုင်းရတော့သည်။

ထို့ကြောင့် တစ်ရက်နဲ့ပြီးမယ့်အလုပ်က ၂ရက်မကကြာ။ရက်ကြာတော့စရိတ်စကတက်။သို့သော်၊ ဘယ်လယ်ရှင်ကမှ မငြူစူရဲ ကြိတ်မှတ်သာခံကြ။လယ်ယာလုပ်ငန်းနဲ့ပတ်သက်သည့်နေ့စားခတွေက ဘယ်လောက်ထိဈေးတက်သွားသလဲဆို ၂ဆနီးပါးထိ တက်သွားခြင်းဖြစ်သည်။သို့သော်၊စပါးဈေးကတော့ တက် တယ်ရယ်လို့မရှိ။လယ်ပိုင်ရှင်တွေခြူသံပါအောင်ညည်းကြသည့်ကာလ။

 ၂၀၀၅ခုနှစ်ဝန်းကျင်ကိုရောက်တော့ ဘီလူးကျွန်းသားအများစုမှာ ထိုင်းအလုပ်နှင့်အသားကျ အဆင် ပြေနေပြီမို့ ဘီလူးကျွန်းသူအမျိုးသမီးများပင်ထိုင်းသို့သွားကြပြီဖြစ်သည်။ပထမ၊ထိုင်းမှာအလုပ်သွားလုပ်သည့် ယောကျာ်းက သူ့မိန်းမကို ထိုင်းသို့ခေါ်ခြင်းကစသည်။

ထိုင်းတွင်လူရည်လည်နေပြီမို့ မိန်းမအတွက်အလုပ်အကိုင်လည်းပြောထားဆိုထားပြီးသား။နှစ် ယောက်လုပ်တော့ ငွေပိုရသလို လင်မယားနှစ်ယောက် အတူနေကြရသဖြင့် အိမ်ထောင်ရေးဖောက်ပြန်မှု ပြဿနာမျိုး လည်းကင်းနိုင်သည်။

ထို့သို့ အိမ်ထောင်သည်အမျိုးသမီးတွေ ထိုင်းသို့ အလုပ်စတင်သွားလုပ်ရာမှစ၍ နောက်ပိုင်းကျတော့ အစ်ကိုမောင်ဘွားဉီးလေးတို့ရှိသော အပျိုစင်အမျိုးသမီးများပါ ထိုင်းသို့ သွားအလုပ်လုပ်တော့သည်။ဆိုတော့ ဘီလူးကျွန်းတွင် ကျန်ရစ်ခဲ့သူများက သက်ကြီးရွယ်အိုတို့သာ အဓိကဖြစ်လာတော့သည်။

ထို့ကြောင့် တစ်ချိန်က ဘီလူးကျွန်းရွာဘုရားပွဲများနှင့် ရွာအလိုက်သာရေးနာရေးတို့တွင် လူပျို၊အပျို တို့ဖြင့် စည်းကားနေသလောက် ၂၀၀၅ဝန်းကျင်မှစတင်ကာ နတ္ထိ။လယ်ယာလုပ်ငန်းခွင်တွင် ဈေးကြီးပေးဌား တာတောင် ကောက်စိုက်သမဌားမရသည့်အခြေအနေနှင့်ရင်ဆိုင်လာရတော့သည်။

ကောက်စိုက်ရာသီရောက်ပြီဆို ထိုင်းမသွားဘဲ ကျန်နေသောဘီလူးကျွန်းကကောက်စိုက်သမတို့မှာ သိပ်ထောင်လွှားလို့ကောင်းတော့သည်။ကောက်စိုက်ခ ကြိုတင်စရန်ပေးသည့်လယ်ရှင်တို့တန်းစီလို့။တချို့က စရန်လျှောက်ယူ၊ငွေခဏလှည့် တကယ့်တကယ်ကောက်စိုက်ရမယ့်အချိန်ရောက်တော့ အကြောင်းအမျိုး မျိုး ပြ ကောက်မစိုက်တော့ဘဲ စရန်ငွေပြန်ပေးခြင်းနည်းနဲ့အမြတ်ထုတ်။

ဘီလူးကျွန်းတွင်ကောက်စိုက်သမ မလုံလောက်တော့သဖြင့် ပဲခူးတိုင်းဘက်က ကောက်စိုက်သမများ ကိုခေါ်ယူရသည် အထိဖြစ်လာသည်။လယ်ရှင်၃-၄ဦးတို့က ပဲခူးကောက်စိုက်သမတွေ ဘီလူးကျွန်းလာဖို့ ခရီး စရိတ်ကို စုပေါင်းကျခံ၊ဘီလူးကျွန်းမှာနေစရာပေးပြီး ခေါ်ရသဖြင့် ကုန်ကျစရိတ်တက်ရသည်။

စပါးဈေးမတက်ဘဲ လယ်လုပ်ငန်းကုန်ကျစရိတ်သာတက်လာသည့် အခြေအနေအောက်တွင် လယ်ပိုင် ရှင်အချို့မှာ ချူသံပါအောင်ညည်းသည့်ဘဝမှ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်ခဲ့သောလယ်ကို လုံးဝရောင်းချ တော့သည်အထိဖြစ်လာခဲ့သည်။

ကျနော့်ဘကြီးဆိုလျှင် ၁၀နှစ်ကျော်အရွယ်ကတည်းက လယ်ထဲမှာလက်တိုလက်တောင်းအခိုင်းခံရ သည့်လယ်သမားပေါက်စန။ထို့နောက် လယ်သူရင်းဌားဘဝမှသည် လယ်၁၀ဧကပိုင်ဆိုင်ခဲ့သူ။သူတို့မိသားစု ၁၀ယောက်စလုံးကို လယ်၁၀ဧကနဲ့ အသက်မွေးခဲ့သူ။၂၀၀၅ခုနှစ်ဒီဘက်သို့ရောက်သောအခါ ဝမ်းမဝရုံမက ဖြူကာပြာကာ ဘဝသို့ရောက်လာသဖြင့် လယ်၁၀ဧကစလုံးကို ရောင်းချခဲ့ရသည်။သူ့လို့ လယ်ရောင်းချလိုက်သူတို့ မှာမနည်း။

၂၀၁၀ ပြည့်နှစ် ရောက်လုအချိန်ကျတော့ ထိုင်းသို့အလုပ်သွားလုပ်ကြသူများမှာ ကျနော်တို့မွန်ပြည်နယ်တင်မက မြန်မာတစ်နိုင်ငံလုံးအနှံ့ ဖြစ်လာ၍ ကောက်စိုက်ရာသီမိုးဦးတွင် ဘီလူးကျွန်းဆီသို့ ပဲခူးဘက်ခြမ်းက ကောက်စိုက်သမတို့ပင် အလာပါးလာတော့သည်။

ထို့အတွက်မည်သို့မည်ပုံ ခရီးဆက်ကြသလဲမသိ။ တစ်ခုတော့ကောင်းသွားသည်။ လုပ်သားရှားပါးခြင်း ပြဿနာကို ဖြေရှင်းစရာတစ်ခုတည်းသော နည်းလမ်းမှာ လူအစားစက်ကို သုံးရသဖြင့် ဘီလူးကျွန်းလယ်ယာ လုပ်ငန်းခွင်မှာ စက်မှုလယ်ယာအသွင်ဆောင်လာခဲ့သည်။

တချို့က ထိုင်းကနေရလာတဲ့ငွေနဲ့ လယ်ယာလုပ်ငန်းသုံးစက်တွေဝယ်ကာ ကိုယ့်လယ်မှာလည်းသုံး၊ တခြားလယ်မှာလည်း အဌားလုပ်။ဘယ်လောက်ထိအလုပ်ဖြစ်သလဲတော့မသိ။လယ်ယာလုပ်ငန်းကတော့ ဒီနေ့အထိ အလုပ်မဖြစ်သေးတာတော့ သေချာသည်။လယ်ယာလုပ်ငန်းခွင်အလုပ်ဖြစ်ဖို့ဆိုတာက ဘက်ပေါင်းစုံအား စိုက်ထုတ်ပေးနိုင်မှ။ လယ်ယာလုပ်ငန်းဖွံ့ဖြိုးရေးသည် တိုင်းပြည်အတွက်အရေးကြီးသဖြင့် တစ်ချိန်တွင် တကယ်အလုပ်ဖြစ်သော လုပ်ငန်းခွင်အဆင့်သို့ ရောက်အောင် ကျနော်တို့ဝိုင်းဝန်းကြဖို့ လိုပေမည်။

ငြိမ်းဆက်