【 ဆောင်းပါး 】အသိအလင်း မိုက်မှောင်ခွင်း

【 ဆောင်းပါး 】အသိအလင်း မိုက်မှောင်ခွင်း

လောကမှာ အမည်းနှင့်အဖြူ အပူနှင့်အအေး အမှောင်နှင့်အလင်း အရိုင်းနှင့်အယဉ် အဆိုးနှင့် အကောင်း အမဲ့နှင့်အပြုံး အရှုပ်နှင့်အရှင်းဆန့်ကျင်ဘက်များရှိ၏။

လူများစုသည် ဖြူဖြူစင်စင် အေးအေးချမ်းချမ်း သန့်သန့်ရှင်းရှင်း လင်းလင်းချင်းချင်း ကောင်းကောင်းမွန်မွန် ပြုံးပြုံးရွှင်ရွှင်နေရတာကို နှစ်သက်လေ့ရှိသည်။ လူတချို့ကတော့  မည်းမည်းသည်းသည်း ပူပူလောင်လောင် ရိုင်းရိုင်းစိုင်းစိုင်း ဆိုးဆိုးဝါးဝါး ရှုပ်ရှုပ်ပွေပွေ မှောင်မှောင်မိုက်မိုက် မဲ့မဲ့ရွဲ့ရွဲ့ နေရတာကို သဘောအကျကြီးကျတတ်ကြပြန်သည်။

လူချင်းတူသော်လည်း ခံယူချက်ချင်းမတူညီကြခြင်းဖြစ်သည်။ သိသူနှင့်မသိသူတို့၏ကွာခြားချက်လည်း ဖြစ်သည်။ အတွေးတစ်ချက် အသိတစ်ချက်ခြားနားသွားရုံနှင့် တစ်ယောက်ကလူမိုက်ဖြစ်သွားပြီး တစ်ယောက်ကလူလိမ္မာဖြစ်သွားသည်။ မသိမှုက အမှောင်ထဲကိုဆွဲခေါ်တတ်သလို အသိရှိမှု ကအလင်းရောင်အောက်မှာ နေစေသည်။

တချို့သည် အသိမရှိ၍ ဆိုးမိုက်နေသော်လည်း တကယ်တတ်သိနားလည်သူက စေတနာနှင့် လမ်းညွှန် ရှင်းပြလျှင် အသိတရားဝင်ပြီး အမိုက်မှောင်ထဲမှ အလင်းရောင်အောက်သို့ ချက်ချင်း ပြေးထွက်လာနိုင်သည်။ ထိုလူမျိုးသည် မသိမှုကို မှန်မှန်ကန်ကန်ရဲရဲဝံ့ဝံ့ တော်လှန်နိုင်သော သူရဲကောင်း ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်ပွင့်တော်မူစဉ်ကဖြစ်သည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရား ဟောကြားမည့်တရားပွဲရှိသည်။ သူခိုးနှစ်ယောက်သည် တရားနာမည့်လူတွေထံမှ ပစ္စည်းခိုးရန်ကြံစည်သည်။ ထို့နောက် တရားနာသူများနှင့်အတူရောကာ ဇေတဝန်ကျောင်းတော်ထဲသို့ဝင်ရောက်ကြသည်။ ဘုရားရှင်ရောက်ရှိလာပြီး တရားဟောကြားသောအခါ သူခိုးတစ်ယောက်သည် တရားနာသူများထံမှ တစ်စုံတစ်ခုခိုးယူရန်သတိမရတော့ဘဲ ဘုရားရှင်ဟောကြားသောတရားတော်တွင် နှလုံးသွင်းမှန်သွားသဖြင့် သောတပန်ဖြစ်သွားသည်။

ဒုတိယသူခိုးကတော့ သူ့အာရုံက ဘုရားရှင်၏တရားကိုနှလုံးမသွင်းနိုင်ဘဲ တရားနာနေသူ တစ်ယောက်၏ အသပြာငွေကို ခိုးဖို့သာကြံစည်နေသည်။ တရားနာနေသူအလစ်တွင် ပုဆိုးအစွန်း၌ ထုပ်ထားသောအသပြာငွေ ငါးပဲကိုအသာလေးခိုးယူလာခဲ့သည်။ အိမ်ရောက်သောအခါ ဇနီးသည်ထံ ငွေကြေးပေးလိုက်ပြီး အစားအသောက်များဝယ်ယူကာ အလျှံပယ်ချက်ပြုတ်စားသောက်ကြသည်။

ခိုး၍ရရှိသောငွေကြေးဖြင့် ကောင်းကောင်းစားကောင်းကောင်းသုံးနေသော သူခိုးသည် သောတပန်ဖြစ်သွားသောသူခိုးကို သူ့လိုပညာဉာဏ်မရှိသောကြောင့်သူ့လို  ကောင်းကောင်းမသုံးနိုင် မစားနိုင်တာဟု ကဲ့ရဲ့ အပြစ်တင်၏။

သူခိုးဘဝမှသောတပန်ဖြစ်သွားသူက သူနှင့်သူ့သူငယ်ချင်းတို့၏အဖြစ်အပျက်များကိုပြောပြပြီး မေးမြန်းလျှောက်ထားသောအခါ ဘုရားရှင်က ဒေသနာတစ်ပုဒ်ကိုဟောတော်မူသည်။

“မိုက်မဲသူဖြစ်သော်လည်း မိမိမိုက်သည့်အဖြစ်ကိုသိ၏။ ထိုအသိကြောင့်ပင် ထိုသူသည်ပညာရှိမည်၏။ မိုက်မဲသူဖြစ်ပါလျက် ကိုယ့်ကိုယ်ကိုယ်ပညာရှိဟုထင်နေသူသည် မိမိအကြောင်းကိုမိမိကိုယ်တိုင်မသိသောကြောင့် လူမိုက်မည်၏။”

တချို့လူတွေကတော့ ကိုယ်တိုင်လည်းအသိမရှိ သူများဆုံးမလည်းအလေးအနက်မထားတတ်ကြပါ။ သို့သော်လည်း လူကြီးမိဘများ မိသားစုဝင်များ သူငယ်ချင်းမိတ်ဆွေများက သူ့အပေါ်ကောင်း စေချင်သော စေတနာထားကာ စိတ်ရှည်ရှည်နှင့် တဖြည်းဖြည်းနားဝင်အောင်ပြောပြတာမျိုး၊ ပြောဆို ဆုံးမတတ်သောဆရာသမား ရဟန်းသံဃာများထံ ပရိယာယ်တစ်နည်းနည်းနှင့် ဆွဲဆောင်ခေါ်သွားတာမျိုးကြောင့်လည်း အချိန်မီအသိဉာဏ် ဝင်သွားတတ်တာမျိုးရှိပါသည်။

အနာထပိဏ်၏သားကာလသတို့သားရှိ၏။ ဖခင်သူဌေးကြီးက သောတပန်ပုဂ္ဂိုလ်ဖြစ်သည်။ ထို့ ကြောင့် ဘုရား တရား သံဃာရတနာသုံးပါးကို များစွာရိုသေသည်။ သားဖြစ်သူ ကာလကတော့ ဘုရားရှင်အိမ်သို့ကြွလာလျှင် ရှောင်ထွက်သွားသည်။ ရဟန်းသံဃာကိုလည်း ဘယ်တော့မှရှိခိုးဦးချခြင်းမပြု။ ဦးချကန်တော့လျှင် လုံချည် နွမ်းသည် ပေကျံသည် ဒူးပွန်းသည်ဟု ဆင်ခြေအမျိုးမျိုးပေးသူဖြစ်သည်။ နေ့စဉ်နေ့တိုင်း မိခင်ထံမှ ငွေအသပြာ တောင်းကာ အပေါင်းအသင်းများနှင့် သုံးဖြုန်းနေလေသည်။

ဖခင်သူဌေးကြီးသည် သားဖြစ်သူကို လိမ္မာစေချင်သည်။ ဘုရားတရားသံဃာရတနာသုံးပါးကို ကြည်ညို စေချင်သည်။ သားဖြစ်သူက သူဖြစ်စေချင်သလို မဖြစ်လာသောအခါ ပထမတော့ စိတ်ညစ်မိသည်။ သားသမီးကို ကောင်းစေချင်သောမိဘတို့၏မေတ္တာအရ သားကာလ၏အနာဂတ်အတွက် တွေးရင်းတွေးရင်း အကြံတစ်ခုရသွားသည်။ သားဖြစ်သူက အသပြာငွေ မက်မောသည်ကို သိထားသဖြင့် သားအကြိုက်လိုက်ပြီး အသပြာနှင့်ဆွဲဆောင်ရန်ဆုံးဖြတ်လိုက်သည်။

သို့နှင့်သားဖြစ်သူကို ဘုရားကျောင်းသို့သွား၍ ဥပုသ်စောင့်ပြီးတရားနာလျှင် အသပြာတစ်ရာပေးမည်ဟု ပြောရာ ကာလကသဘောတူသည်။ ဇေတဝန်ကျောင်းတော်သို့ရောက်သောအခါ ကာလသည်တရားသံမကြားနိုင်သော ချောင်တစ်ချောင်မှာ ဝင်အိပ်နေသည်။ နံနက်စောစောပြန်လာတော့မှ တရားနာပြန်လာသလို ဟန်ဆောင်နေသည်။ မိဘများက ခရီးဦးကြိုဆိုကာ တရားနာရာမှပြန်လာသော သားဖြစ်သူကို ဝမ်းသာအားရနှင့် စားဖွယ်သောက်ဖွယ်များကိုကျွေးသည်။ ကာလက သခင်ဆီမှ အသပြာတစ်ရာကိုအရင်တောင်းသည်။ ပြီးတော့မှ အစားအသောက်များကိုစားသည်။

သား၏အခြေအနေသည် လုံးဝပြောင်းလဲမှုမရှိသဖြင့် သေသေချာချာတရားမနာခဲ့မှန်းရိပ်မိလိုက်သည်။ ထို့ ကြောင့် နောက်တစ်နေ့တွင် ဘုရားရှင်ဟောသောတရားဂါထာတစ်ပုဒ်ရအောင်မှတ်သားခဲ့လျှင် အသပြာတစ်ထောင်ပေးမည်ဟုပြောသည်။ အသပြာမက်သောကာလလည်း သဘောတူကာ ဘုရားကျောင်းသို့လာခဲ့သည်။ သည်တစ်ခါတော့ ဘုရားရှင်နှင့်အနီးဆုံးနေရာယူကာ တရားနာသည်။ သူနာကြားမှတ်သားထားသော တရား တစ်ဂါထာသည် သေသေချာချာမှတ်သားကျက်မှတ်နေသော်လည်း မေ့သွားလိုက်ပြန်သတိရလိုက်နှင့် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။

တကယ်တော့ဘုရားရှင်က ထိုသို့ဖြစ်စေရန်တန်ခိုးတော်နှင့်တမင်ပြုလုပ်ထားခြင်းဖြစ်သည်။ ကာလ လည်း တရားဂါထာကို ရွတ်ရင်းရွတ်ရင်း တရား၏အနက်အဓိပ္ပါယ်အနှစ်သာရကို တဖြည်းဖြည်း သဘောပေါက်လာသည်။ မကြာမီမှာပင် ဉာဏ်စင်ရကာ သောတပန်ဖြစ်သွားလေတော့သည်။

မနက်လင်းသောအခါ ဘုရားသခင်နှင့်သံဃံတော်များပါ ကာလသတို့သားနှင့်အတူ သူဌေးကြီး အိမ်သို့ လိုက်လာကြသည်။ ကာလသည် ဘုရားရှင်နှင့်သံဃာတော်များ၏နောက်ဆုံးမှ တည်ငြိမ်ရင့်ကျက်သော ဣန္ဒြေနှင့် လျှောက်လာသည်။ အိမ်ရောက်၍ သူဌေးကြီးက အသပြာတစ်ထောင်ပေးသော်လည်းမယူတော့ပေ။

သူဌေးကြီးက သားဖြစ်သူသည် ရတနာသုံးပါးကို ယုံကြည်ခြင်းမရှိဘဲ ငွေအသပြာနှင့်အပေါင်းအသင်းများကိုသာခင်မင်ကြောင်း ထို့ကြောင့်အသပြာနှင့်ဆွဲဆောင်ကာ ဘုရားရှင်ထံ တရားနာစေခဲ့ကြောင်းနှင့်ယခုသား ဖြစ်သူ၏ပုံစံပြောင်းပြီး အသပြာတစ်ထောင်ကိုပင် မမက်မောတော့ကြောင်း လျှောက်ထားရာ ဘုရားရှင်က တရား ဂါထာတစ်ပုဒ်ကိုဟောကြားလိုက်သည်။

“မြေပြင်တစ်ခုလုံးကို တစ်ယောက်တည်းပိုင်စိုးအုပ်ချုပ်ရသော စကြဝတေးမင်း၏စည်းစိမ်ထက် လည်းကောင်း နတ်စည်းစိမ် ဗြဟ္မာစည်းစိမ်ထက်လည်းကောင်း သောတပန်အဖြစ်သည် ပို၍မွန်မြတ်လှပေသည်။”

လောကမှာ တချို့လူများသည် ပေပေတေတေမိုက်မဲကြသည်။ သူတို့ကတော့ ကိုယ်တိုင်တွေးပြီးတော့လည်းမသိကြပါ။ သင်ပေးပြောပေးသူရှိသော်လည်းမသိကြပါ။ အများကဝိုင်းဝန်းသတိပေး သော်လည်းမသိကြပါ။ တစ်လောကလုံးကပြစ်တင်ဝေဖန်သော်လည်းမသိကြပါ။ ကိုယ်တိုင်လည်း အလင်းမဝင် အလင်းထဲမှလူတွေကို လည်း အားမကျဘဲ မသိမှုအမိုက်မှောင်ထဲမှာ ပျော်မဆုံး မော်မဆုံး တပြုံးပြုံးနှင့်မိုက်ပြီးရင်းမိုက်နေတတ်ကြသည်။

ပိုဆိုးတာက သူတို့သည် အသိနည်းနည်းဝင်ချင်သူများကိုပင် သူတို့လိုဆိုးဆိုးဝါးဝါးဖြစ်အောင် ချော့၍စည်းရုံးသည်။ ခြောက်လှန့်၍ စည်းရုံးသည်။ အစည်းရုံးခံရသူတွေကလည်း အသိနှင့်တရားပြပြီး လမ်းမှန်ရောက်အောင် စေတနာထားပြုပြင်ခြင်းမရှိသည့်အပြင် အချော့ကြိုက် အခြောက်ကြိုက်လုပ်ကာ သူတို့ပါ မိုက်အားပိုသွားတတ် ကြသည်မှာ အတော်အံ့သြစရာကောင်းလှပေသည်။

အသိမရှိတော့ အမှောင်ကြိုက်ပြီး မိုက်သည်ထက်မိုက်ကြလေတော့သည်။ ထိုသူများအတွက်တော့ မေတ္တာထားလို့မရ ကရုဏာထားလို့မရ မုဒိတာပွားလို့မရတော့သည်မို့ သဗ္ဗေသတ္တာ ကမ္မသကာ လို့သာ။

                                                          ရိုက်မောင်း