【 ဆောင်းပါး 】“နည်းပေးလမ်းပြ ဆုံးမပဲ့ပြင်”

【 ဆောင်းပါး 】“နည်းပေးလမ်းပြ ဆုံးမပဲ့ပြင်”

စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတစ်ခုမှာ မန်နေဂျာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရတဲ့အခါ လုပ်ငန်း အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင်မြင်ဖို့ မိမိဝန်ထမ်းများကို ဦးဆောင်ကွပ်ကဲဆောင် ရွက်ရပါတယ်။ဒီလိုဆောင်ရွက်ရတဲ့အခါမှာ မိမိဝန်ထမ်းများရဲ့စွမ်းဆောင်ရည်ကောင်းမွန်လေလေ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင်မြင်ဖို့ ပိုမိုနီးစပ်ကောင်းမွန်‌လေလေဖြစ်ပါတယ်။ ဒါကြောင့် မန်နေဂျာတစ်ဦး ဆောင်ရွက်ရမယ့်များမြောင်လှတဲ့အလုပ်တွေထဲမှာ Coaching လို့ခေါ်တဲ့ နည်းပေးလမ်းပြလုပ်ရတာ၊ Mentoring လို့ခေါ်တဲ့ လမ်းညွှန်ပြသဆုံးမပဲ့ပြင်ရတာ၊Counselling လို့ခေါ်တဲ့ တိုင်ပင်ဆွေးနွေးအကြံပေးရတာတွေ ပါဝင်ပါတယ်။
မန်နေဂျာတစ်ဦးအနေနဲ့ မိမိဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ နည်းပြတစ်ဦးပမာ ဆောင်ရွက်ပေးရတာတွေရှိပါတယ်။ နည်းပေးလမ်းပြခြင်း(တစ်နည်းအားဖြင့်)လေ့ကျင့်ပေးခြင်းဆိုတာ မိမိဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြင့်မားလာစေဖို့၊ရလဒ်ကောင်းတွေရရှိဖို့အတွက် ကူညီပေးတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်ကို ပိုင်းခြားစိတ်ဖြာသုံးသပ်မယ်။ ဒီထက်ကောင်းတဲ့ ရလဒ်တွေ ရလာအောင်၊စွမ်းဆောင်ရည်မြင့်မားလာအောင် ပိုမိုကောင်းမွန်တဲ့နည်းလမ်းတွေ ရလာအောင် မြင်တတ်လာအောင် ထိုးထွင်းသိမြင်အောင် ကူညီပံ့ပိုးပေးတာ ဖြစ်ပါတယ်။ ရလဒ်တွေကောင်းမွန်လာဖို့ စွမ်းဆောင်ရည်မြင့်မားလာဖို့အတွက် ခေါင်းဆောင်မှုပေးတာ၊ လှုံ့ဆော်ပေးတာ၊ ကူညီပံ့ပိုးတဲ့ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးတာတွေ ပါဝင်ပါတယ်။
Mentoring ဆိုတာကတော့ လုပ်ငန်းအတွေ့အကြုံရင့်ကျက်သူတစ်ဦးက လုပ်ငန်းအတွေ့အကြုံနုသူ တစ်ဦးကို လက်ဦးဆရာတစ်ဦးပမာ သင်ကြားပြသဆုံးမပဲ့ပြင်ပေးတာဖြစ်ပါတယ်။ သိသင့်သိထိုက်တာတွေကို သင်ကြားပေးတာ၊ သော့ချက်တွေကို ပြသပေးတာ၊စိတ်ဓာတ်မြှင့်တင်ပေးတာ၊ အားပေးကူညီတာတွေ ပါဝင်ပါတယ်။
 
သူတစ်ပါးကို တိုးတက်အောင်ကူညီ
 
နည်းပြတစ်ဦးအနေနဲ့ မန်နေဂျာရဲ့အလုပ်က မိမိလက်အောက်ဝန်ထမ်းတွေကို အရည်အချင်းတိုးတက်လာစေဖို့ စွမ်းဆောင်ရည်မြင့်မားလာဖို့ ရလဒ်တွေပိုကောင်းလာဖို့ ကူညီပေးရမှာဖြစ်ပါတယ်။ ကူညီပံ့ပို့ပေးတယ် ဆိုရာမှာ ညွှန်ကြားချက်ပေးတာ (instruction)၊လမ်းညွှန်မှုပေးကာ (guidance)၊အကြံ ဉာဏ်ပေးတာ (Advice)၊ အားပေးတာ (encouragement)တွေပါဝင်ပါတယ်။
ထိရောက်တဲ့နည်းပြတွေသည် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်း ကျင် ကောင်းအခြေအနေကောင်းကို အရင် ဖန်တီးလေ့ရှိကြပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ ဆောင်ရွက်ရာမှာ မိမိ ဝန်ထမ်းရဲ့ အလုပ်တွေဝင်ရောက်စီစဉ်ဆုံးဖြတ်တာမျိုးမလုပ်မိဖို့ အရေးကြီးပါတယ်။ လုပ်ငန်းစဉ်တစ်ခုလုံးကို နားလည်အောင်ကြိုးစားဖို့နဲ့ ပြဿနာဖြေရှင်းရာမှာ ပူးပေါင်းဖြေရှင်းပေးဖို့လိုပါတယ်။ ပြဿနာတွေကို ဘယ်လို ဖြေရှင်းရတယ်။နောက်နောင်ပြဿနာတွေကြုံလာရမယ့်အချိန်မှာ ဝန်ထမ်းကိုယ်တိုင် ဖြေရှင်းနိုင်ဖို့ မိမိကနည်းပေးလမ်းပြသင်ကြားပေးနေတယ်ဆိုတာကို သင်ကြားခံဝန်ထမ်းနားလည်သိရှိလာအောင် သင်ကြားပေးထားဖို့ အလွန်အရေးကြီးပါတယ်။ အဲဒီလိုသေသေချာချာ သင်ကြားမထားရင် ပြောပြမထားရင် နောက်နောင် ပြဿနာ ကြုံလာတိုင်းမိမိကို အပူကပ်လာမှာ အားကိုးနေမှာဖြစ်ပါတယ်။ ကိုယ့်ပြဿနာကိုယ်ရှင်းဖို့၊ ကိုယ့်အားကိုကိုယ်ကိုးဖို့ လေ့ကျင့်ပေးထားရမှာဖြစ်ပါတယ်။
နည်းပြမန်နေဂျာအနေနဲ့ ကိုယ့်နည်းပေးလမ်းပြလုပ်နေရတဲ့ကိုယ့်ဝန်ထမ်းအကြောင်း ပိုမိုသိလေလေ သူ့ ကို ပိုမိုကူညီနိုင်လေဖြစ်ပါတယ်။ ပြဿနာတွေရဲ့ အရင်းအမြစ်တွေကို ပိုမိုတွေ့ရှိမှာ၊ကူညီဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ပြည့်ဝတဲ့ တုံ့ပြန်မှုတွေပေးနိုင်မှာဖြစ်ပါတယ်။
နည်းပေးလမ်းပြတာ (Coaching)နဲ့ သင်ကြားပေးတာ(teaching)မှာ ကွာခြားချက်လေးတွေရှိပါတယ်။ နည်းပြကောင်းတွေက “လူတစ်ဦးတစ်ယောက်ချင်းစီမှာ သူတို့ရဲ့ ပြဿနာတွေအတွက် ဖြေရှင်းနိုင်တဲ့ အဖြေတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီအဖြေရဖို့ အကူအညီလိုအပ်ကောင်းလိုအပ်နိုင်တယ်”လို့လက် ခံယုံကြည်ကြပါတယ်။ နည်းပေးလမ်းပြတာ(တစ်နည်း)လေ့ကျင့်ပေးခြင်း(Coaching)ဆိုတာသည် လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်ကို အမြင့်ဆုံးမြှင့်တင်ပေးနိုင်ဖို့ အလားအလာကို ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။ သင်ပေးတယ်ဆိုတာမျိုးထက် သင်ယူဖို့ ကူညီပေးတာမျိုးဖြစ်ပါတယ်။
လေ့လာသင်ယူမှုဆိုတာနဲ့ စပ်လျဉ်းလို့ The competence cycle model of Learning လေ့လာမှုဆိုင်ရာ ကျွမ်းကျင်မှုစက်ဝန်းပုံစံဆိုတာရှိပါတယ်။ အဲဒီစက်ဝန်းပုံစံမှာ ကိုယ့်ရဲ့အရည်အချင်းတွေကို ခွဲခြားသိမြင်နိုင်အောင် ကူညီပေးနိုင်တဲ့ အဆင့်ပုံစံလေးခုပါဝင်ပါတယ်။
 
ကျွမ်းကျင်မှုအရည်အချင်းအဆင့်လေးဆင့်
 
(၁)သတိလစ်ဟင်းခြင်း အရည်အချင်းမရှိခြင်း(Unconscious Incompetence)
 
ကိုယ်မသိဘူးဆိုတာကို မသိတဲ့အဆင့်၊မသိတဲ့အခြေအနေမျိုးပါ။ ဥပမာအနေနဲ့ပြောရရင် ကားဆိုတာကို မမြင်ဘူး မကြားဘူးတဲ့ လူတစ်ယောက်ရဲ့ ကားနဲ့ပတ်သက်တဲ့ အသိမျိုး၊ အဆင့်မျိုးဖြစ်ပါတယ်။ သူမသိတာကို သူ မသိဘူးဆိုတဲ့အရည်အချင်းမျိုး၊အခြေအနေမျိုးဖြစ်ပါတယ်။ နောက်ဥပမာတစ်ခုထပ်ပေးရရင် ကိုယ်ပိုင်ဘာသာ စကားကလွဲရင် အခြားဘာသာစကားရှိမှန်းမသိတဲ့ ကလေးတစ်ဦးရဲ့ ဘာသာစကားနဲ့ စပ်ဆိုင်တဲ့ အသိမျိုးဖြစ် ပါတယ်။
 
(၂)ကိုယ်မသိတာကို သိလာတဲ့အဆင့် (Conscious Incompetence)
 
ကိုယ့်မှာ ကျွမ်းကျင်မှုတစ်ခုခုမရှိတာကို သိလာတဲ့အခြေအနေ၊သိလာတဲ့အဆင့်မျိုးဖြစ်ပါတယ်။ ကားကို မမြင်ဘူးတဲ့ လူတစ်ယောက်ကားမောင်းလာတာကို မြင်ဖူးပြီး ငါကားမမောင်းတတ်သေးပါလားဆိုတာကို သိလာတဲ့အဆင့်မျိုးဖြစ်ပါတယ်။ အခြားဘာသာစကားတစ်ခုပြောနေတာကို မြင်ခဲ့ကြားခဲ့ရတဲ့ကလေးအတွက် ‘ ဪ… ငါတို့ဘာသာစကားအပြင် အခြားဘာသာစကားရှိသေးပါလား။ ငါတတ်ရင်သိပ်ကောင်းမှာပဲ’ဆိုတဲ့ အသိမျိုးဝင်လာတာဖြစ်ပါတယ်။
 
(၃)အသိဉာဏ်ပညာရှိခြင်း ( Conscious Competence )
 
သိတယ်ဆိုတာကို သိတဲ့အဆင့်ဖြစ်ပါတယ်။ အသိဉာဏ်ပညာရှိပြီးလေ့လာသင်ယူတတ်မြောက်ထားပြီးပြီ ဆိုတဲ့ အနေအထားဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်လေ့လာထားတတ်မြောက်ထားတဲ့အရာကို လုပ်ဆောင်ဖို့ စဉ်းစား ဖို့လိုနေပါသေးတယ်။ ဥပမာဆိုရရင် စက်ဘီးစီးနိုင်တဲ့ကလေး စက်ဘီးတော့စီးတတ်ပြီ၊ဒါပေမယ့် ကိုယ်သွားရမယ့် နေရာကားရှင်းမရှင်း အန္တရာယ်ကင်းမကင်း၊ ဘေးဘီဝဲယာမကြည့်ဘဲ စက်ဘီးစီးမယ်ဆိုရင် ဒုက္ခတွေ့နိုင်ပါတယ်။ ပြုတ်ကျနိုင်တယ်။ လဲနိုင်မှောက်နိုင်တယ်။လေ့ကျင့်ဖို့၊တွေးတတ်ဖို့နဲ့ ကြိုးစားဖို့လိုပါတယ်။
 
(၄) မသိစိတ်တွင်ကျွမ်းကျင်မှု ( Unconscious Competence )
 
သေသေချာချာ ကျကျနနသင်ယူတတ်မြောက်ပြီးဖြစ်လို့ ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နိုင်ပြီ။ လုံလောက်တဲ့ အတွေ့အကြုံလည်းရှိပြီမို့ လွယ်လွယ်ကူကူဆောင်ရွက်နိုင်ပြီ။ မသိစိတ်ဖြင့် ပြုလုပ်ဆောင်ရွက်နိုင်တဲ့ အဆင့်၊ အခြေအနေဖြစ်ပါတယ်။ ဦးနှောက်ထဲမှာ သံမှိုနှက်ထားသလို စွဲမြဲနေပြီမို့ ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားစရာမလိုဘဲ လုပ်နိုင်ပြီဖြစ်ပါတယ်။ တကယ်လို့ ခက်ခက်ခဲခဲတွေ ဟိုတွေးဒီတွေးလျှောက်တွေးနေရင်တော့ လုပ်ချင်မှလုပ်နိုင်တော့မှာဖြစ်ပါတယ်။
လေ့လာမှုဆိုင်ရာကျွမ်းကျင်မှု စက်ဝန်းပုံစံပါ အဆင့်လေးဆင့်ဟာ နည်းပေးလေ့ကျင့်ပေးနေသူ မန်နေဂျာများကို သင်ယူခံဝန်ထမ်းများရဲ့ ကျွမ်းကျင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို နားလည်ဖို့များစွာ အကူအညီ ဖြစ်စေပါတယ်။ မတူညီတဲ့အသိ မတူညီတဲ့စိတ်အခြေအနေတွေမှာ ကွဲပြားတဲ့တုံ့ပြန်မှုတွေရနိုင်ပါတယ်။ ပြဿနာ ရှိမှန်း မသိသူအတွက် ပြဿနာဖြေရှင်းမှုမှာ ပါလာဖို့ အလားအ လာနည်းပါလိမ့်မယ်။ အသိဉာဏ်ရှိပြီးသူများအဖို့ ၊ ကျွမ်းကျင်သူများအဖို့ လေ့ကျင့်ပေးနေတာထက် တကယ့်လက်တွေ့ကျကျများများလုပ်ဆောင်ဖို့သာ လိုအပ်မှာ ဖြစ်ပါတယ်။ ကိုယ်လေ့ကျင့်ပေးနေသူတွေရဲ့ အဆင့်အခြေအနေကို မသိရင် သူတို့ရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ ကြိုးစားရာမှာ ခက်ခဲနိုင်ပါတယ်။
 
နည်းပြတစ်ဦးတွင်ရှိရမည့် ကျွမ်းကျင်မှု အရည်အသွေးများ
 
နည်းပြတစ်ဦးအနေနဲ့ သင်ကြားလေ့ကျင့်ခံဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်တိုးတက်မြင့်မားအောင် ကြိုးပမ်းမှုတွင် ထိရောက်အောင်မြင်ဖို့အတွက်နည်းပညာတစ်ဦးမှာ ရှိရမယ့် ကျွမ်းကျင်မှုတွေကို ဦးစွာဖြည့်ဆည်းထား ဖို့လိုအပ်ပါတယ်။
(၁)ကိုယ် Coaching လုပ်ရမယ့်သူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ရပါမယ်။ (Rapport & Relationship )
 
(၂)နားထောင်မှုစွမ်းရည်ကောင်းရပါမယ်။ (Listening skills)
 
(၃)ပင်ကိုယ်သိကို အသုံးပြုနိုင်ခြင်း။( Using intuition)
 
(၄)ထိရောက်သောမေးခွန်းများကို မေးတတ်ခြင်း။(Asking effective questions)
 
(၅) အပြုသဘောဆောင်သော တုံ့ပြန်ချက်ပေးတတ်ခြင်း(Giving constructive feedback)စတဲ့ အရည်အသွေးများ ပြည့်စုံရမှာဖြစ်ပါတယ်။
 
လုပ်ငန်းစဉ်တစ်ခုကို လေ့ကျင့်ပေးခြင်း (Coaching a process)
 
အောင်မြင်တဲ့ လေ့ကျင့်ပေးမှု ဖြစ်မြောက်စေရန် နည်းပြအနေနဲ့ အောက်မှာ ဖော်ပြထားတဲ့ အဆင့် တွေအတိုင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
 
(၁)လုပ်ရမယ့်အလုပ်ကို ရှင်းပြပြီးလုပ်ငန်းစဉ်ကို သရုပ်ပြဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ (Explain and then demonstrate)
 
(၂ )လေ့ကျင့်နေတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ (Observe)
 
(၃)သီးခြားတုံ့ပြန်ချက် ချက်ချင်းပေးရပါမယ်။ (Provide immediate specific feedback)
 
(၄) လူတစ်ဦးရဲ့စွမ်းဆောင်ရည်ကို ယုံကြည်ကြောင်းပြသဖို့လိုပါတယ်။ ( Express confidence in the Person’s ability )
 
(၅)နောက်ဆက်တွဲ လုပ်ဆောင်ချက်တွေကို သဘောတူခြင်း။ ( Agree on follow-up actions )စတဲ့ အဆင့်တွေအတိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။
 
လက်ဦးဆရာ
 
မြန်မာမှုနယ်ပယ်မှာတော့ “ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ” လို့ဆိုကြပါတယ်။ ကိုယ့်သားသမီး လိမ္မာရေး လူကောင်းလူမွန်ဖြစ်ရေး ကြီးပွားတိုးတက်ရေးအတွက် ဆုံးမပဲ့ပြင်ပေးတဲ့ မိဘနှစ်ပါးသည် လက်ဦးဆရာ မည်ထိုက်သလို လုပ်ငန်း ခွင်မှာ ကိုယ့်လက်အောက်ဝန်ထမ်းတွေ မသိတာတွေ သိလာအောင် မတတ်တာတွေ တက်လာအောင် ဝန်ထမ်းကောင်းတွေဖြစ်လာအောင် ဆုံးမပဲ့ပြင်ပေးတဲ့ မန်နေဂျာကောင်းတွေဟာ လက်ဦး ဆရာပမာဖြစ်ပါတယ်။ ဆုံးမပဲ့ပြင်တယ် လမ်းညွှန်မှုပြုတယ်ဆိုတာ ကျယ်ပြန့်တဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။
အတွေ့အကြုံနုနယ်သူကို အတွေ့အကြုံရင့်ကျက်သူက အလုပ်အကိုင် အသက်မွေးဝမ်းကြောင်းဆိုင် ရာ ရည်ရွယ်ချက်တွေ အောင်မြင်စေဖို့ ကူညီလမ်းပြပေးတာဖြစ်ပါတယ်။ လမ်းညွှန်ပြသသူအနေနဲ့နည်းပြတာဝန်အပြင် အတိုင်ပင်ခံ (Counselors)များအဖြစ်ပါ ဆောင်ရွက်ပေးကြပါတယ်။ အသစ်ဝင်လာသူများအတွက် အဖွဲ့ အစည်းရဲ့ရည်မှန်းချက်တွေ၊ယဉ်ကျေးမှုနဲ့ တိုးတက်မှုဆိုင်ရာ စံနှုန်းများကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေဖို့ ကူညီပေးပါတယ်။ အထူအပါး နားလည်ဖို့၊ထောင်ချောက်တွေကို ရှောင်ရှားတတ်ဖို့၊မသေချာ မရေရာမှုတွေ အတွက် ဖြစ်ရတဲ့ စိတ်ဖိစီးမှုတွေ သောကတွေကို လျော့ချနိုင်ဖို့ ကူညီပေးပါတယ်။
သုတေသနရလဒ်တစ်ခုရဲ့ အဆိုအရ ကုမ္ပဏီကြီးတွေရဲ့ ၅၂ ရာခိုင်နှုန်းသော ကုမ္ပဏီကြီးတွေမှာ ကုမ္ပဏီတွင်း နည်းပေးလမ်းပြလေ့ကျင့်မှုအစီအစဉ် (Internal Coaching Programs )များကျင့်သုံးကြလေ့ရှိတယ်လို့ သိရပါတယ်။ လုပ်ငန်းအဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ ပေါက်ရောက်အောင်မြင်ဖို့အတွက် မန်နေဂျာများအနေနဲ့ Coaching and Mentoring ကို စနစ်တကျ အာရုံစိုက်ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
 
မှူးခန့်စံ