【 ဆောင်းပါး 】“မသေချာခြင်းများ”

【 ဆောင်းပါး 】“မသေချာခြင်းများ”

အိမ်အနီးတွင် နာရေးရှိသည်။ညက ဆုံးသွားခြင်းဖြစ်သည်။ ညလယ်တွင် ဆုံးသည်ဖြစ်သဖြင့် အတော်ကို ဒုက္ခရောက်သည်။ အိမ်နီးချင်းတွေမှာ ဘယ်လိုသတင်းမေးရမည် မသိ။ မာရှယ်လော ထုတ်ပြန်ထားသဖြင့် အပြင် လည်းမထွက်ရဲ။ သေသူကလည်း အလုပ်ထဲမှာ သေခြင်းဖြစ်သဖြင့် သေသူမိသားစုမှာ အိမ်မှာ ငိုနေရုံက ဘာမှ လုပ်မရ။ ဒီတော့ ကျနော်တို့လည်း မနက် လေးနာရီ မထိုးမချင်း သူတို့နှင့်အပြိုင် စိတ်မကောင်းစွာဖြင် အိပ်မရ။

သေသူမှာ ကျနော်ထက် ဆယ်နှစ်ကျော်ကျော်ငယ်သည်။ ယခုမှ သုံးဆယ်ကျော်ကျော်။ သူနှင့်လဘက် ရည်ဆိုင် အတူထိုင်ဖူးသည်။ တစ်ခါလား နှစ်ခါလားမသိ ဘီယာဆိုင်ထိုင်ဖူးသည်။ သူ့အမျိုးသမီးက ယခင်က ဗိုလ် ချုပ်စျေးအထည်ဆိုင်တွင် အထည်ရောင်းသည်။ ယခုတော့ သူမိန်းမမှာ အလုပ်မရှိ။ မအေဖြစ်သူနှင့်အတူနေ သ ဖြင့် သူ့တိုက်ခန်းတွင် မအေနှင့် မိန်းမအပြင် ကလေးနှစ်ယောက်ရှိသည်။ စုစုပေါင်း ၅ ယောက်ရှိသည့်မိသားစု။ ကလေးတွေက ဒီနှစ်မှာ ကျောင်းမတက်။ အကြီးမလေးက ငါးတန်း၊ အငယ်မလေးက ၃ တန်း။ ထိုသေသူက ယခင် က နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ လုပ်သည်။ နောက်တော့ ကုမ္ပဏီက ပြန်ထွက်သွားသဖြင့် တိုက်ခန်း မြေညီ ထပ် လှေကားအတက်အဆင်းတွင် ကွမ်းယာဆိုင်လေး ဖွင့်သည်။ ထိုဆိုင်ကို သူ့မိန်းမဖြစ်သူက ထိုင်တာ များ သည်။ သူက ညဘက်ဆို စားသောက်ဆိုင်တစ်ခုမှာ ကားပတ်ကင်စောင့်လုပ်သည်။ ထို စားသောက်ဆိုင်က ညဘက် ကေတီဗွီလည်းရှိ သဖြင့် မနက်မှပြန်ရသည်။ ဒီတော့ ညလူဖြစ်သည့် ထိုသူနှင့် ပြီးခဲ့သည့်နှစ်ကတည်းက သိပ်မ တွေဖြစ်။

ထိုသူနှင့် ကျနော်မှာ အိမ်ချင်းကပ်နေသော်လည်း  မတွေ့ဖြစ်တာကြာပြီ။ သူက ညနေ ၃ နာရီဆို သွားပြီ။ ကျနော်က မနက်ဆို ၆ နာရီထ၊ နောက် ၇ နာရီခွဲဆို အလုပ်သွားသည်။ ညနေဆို ၆ နာရီမှ အလုပ်ကပြန်ရသည်။ ဒီတော့ မတွေ့ဖြစ်တာလည်း ဖြစ်သည်။ ဒီတော့ သေသည့်သူနှင့် ပတ်သက်ပြီးသိသမျှက ဒီမျှသာ။ စီးပွားရေး အဆင်ပြေသလား၊မပြေသလားလည်းမသိ။ ဒီနေ့အချိန်အခါက လူတိုင်းဘုံတူညီမှုမှာ အဘက်ဘက်က အဆင် မပြေမှုများပင် ဖြစ်သည်။ဒီတော့ ဒီအကြောင်းကို မေးလေ့မရှိ။ ရှောင်လေ့ရှိသည်။ မေးလို့ ဖြေလို့လည်း ကိုယ်မှာ သူပြဿနာကို ဖြေရှင်းပေးနိုင်သည့် အားကမရှိ ။ ဒီအခြေအ‌နေမှာ တစ်ယောက်နှင့် တစ်ယောက် အဆင်ပြေလား မပြေလားဆိုသည်ကို မမေးတာက ဒီခေတ်၏ ယဉ်ကျေးမှုတစ်ရပ်လိုပင် ။

မနက်ကျတော့ အလုပ်မသွားခင် သေသည့်အိမ်ကို ကျနော်ဘာကူလုပ်ပေးရမလဲ မေးဖို့ အိမ်ကူးသည်။ သေသူ၏ တိုက်ခန်းက တတိယထပ်။ ဒီတော့ မြေညီကနေ လေးထပ်မြှောက်ကို တက်ရင်း အပေါ်ရောက်မှာ သူမိခင်နှင့် ကလေးတွေကိုသာတွေ့ရသည်။ သူ့မိန်းမဖြစ်သူက အလုပ်ကိုလိုက်သွားပြီး စီစဉ်စရာ ရှိတာ စီစဉ် နေသည်။ သူ့တိုက်ခန်းတွင် ကျနော်လို သတင်းမေးလာသူလမ်းထဲမှလူအချိုနှင့် အိမ်သုံးပစ္စည်းတွေ ကျိုးတို့ ကျဲတဲနှင့်။  သူ့အမေက ကျနော်ကိုမြင်တော့ မျက်ရည် စမ်းစမ်းဖြင့်။ တစ်မိသားစုလုံးကိုဦးဆောင်နေသူ တစ် ယောက်ကွယ်လွန်ခြင်းက  သားသမီးများကိုသာမက ဘွားအေ ဖြစ်သည့် သူ့မိခင်ဖြစ်သူတွင်ပါ စိတ်အား ငယ် ခြင်းများကို အတိုင်းသားတွေ့ရသည်။

ဖြစ်သည်က နေမကောင်းတဲ့ကြားက အလုပ်မှာလူလျော့တဲ့အထဲ့ ပါသွားမှာစိုးလို့ အလုပ် သွားဆင်းတာ။ မနေ့ကတည်းက သွေးတိုးနေလို့ သူမိန်းမက သွေးကျဆေး သောက်သွားဦးပြောသေးတာ။ အလုပ် ထဲရောက်မှ သောက်မယ်လို့ ပြောပြီး အလုပ်သွား။ ဟိုမှာသောက်ဖို့မေ့ပြီး ဖြစ်တာဆိုပြီး မအေက မျက်ရည်ကျလေသည်။ နောက်တော့ “ငါ့သားက မသေခင်ကတည်းက နမိတ်ကြိုပြောနေတာ ၊ အလုပ်လုပ်ရင်းနဲ့ပဲ သေမယ်လို့။ အခု သူ ပြောတဲ့အတိုင်းဘဲ” ဟု ပြောကာ မျက်ရည်ကျလေသည်။ဘွားအေမျက်ရည်ကျတော့ မြေးတွေလည်း တရှုံ တရှုံ ဖြင့်။ စိတ်ထဲမကောင်းလှ။ အလုပ်မပြုတ်အောင်..ဆိုတာက ဒီအချိန်မှာ အားလုံးကြုံနေရသည့် ကြီးမားသည့် လှိုင်းလုံး ကြီးလို။

ကျနော် အသုဘအိမ်ကနေပြန်လာပြီးအလုပ်ကို ရောက်သည်အထိ “ အလုပ်လုပ်ရင်းသေမယ်”ဆိုသည့်‌ စကားကိုသာ  နားထဲ ကြားနေမိတော့ သည်။ အလုပ်ထဲ အလုပ်လုပ်ရင်း သေမယ်ဆိုသည့် စကားမျိုးက ယခင်က သိပ်ကြားရလေ့ရှိသည့်စကားတွေ မဟုတ်။  သိပ်မကြားရ။ ကြားရလျှင်လည်း အထူးအဆန်း။ ယခုတော့ အလုပ်ထဲ မှာ သေတာတွေ ကြားလာရသည်။ ကျနော်ဘဲ စိတ်ထင်နေသည်လား။ ကျနော်တို့လို့ ဝင်ငွေနည်းလူတန်းစားတွင် သေသည်စကားက မကြာခဏ ကြားနေရသည်။

လွန်ခဲ့သည့် လေးငါးနှစ်လောက်က  မင်္ဂလာစျေးအနီး ငှက်ပျောသီးသည် စျေးရောင်းရင်းငုတ်တုတ်သေ တော့ လူတိုင်းအထူးအဆန်းကို ။ နောက်တစ်ခါတော့ ရထားပေါ်မှာ အထမ်းသည်ဦးလေးကြီးတစ်ဦး ရထားစီး နေရင် သေနေတာကို ကြုံရဖူးသည်။ ဒီတုန်းက တစ်ပတ်လောက်စိတ်ထဲမကောင်း။ သူမှာ နေမကောင်းဖြစ်နေရဲ့ သားနှင့် စျေးရောင်းရပါလားဟု။

နေမကောင်းဖြစ်ရဲ့သားနှင့်  အလုပ်ဆင်းသည့်မှာ သားဇော သမီးဇော၊မိဘဇော၊အလုပ်ဇောတွေကြောင် များသည်။ ယခုခေတ်တွင်တော့ သားဇော သမီးဇော၊မိဘဇောတွေထက်  စားဝတ်နေရေးဇောတွေ ကြောင့်က များလာသည်။ ဒီထဲ ကျနော်လဲ ပါသည်။ဘယ်သူမဆို နေမကောင်းလျှင် အိမ်မှာ နားချင်ကြသည်ဘဲ ဖြစ်သည်။ သို့သော် နားလို့မရအောင် မပြည့်စုံသည့်အခါ ထိုသို့ ဆိုးဝါးသည့် ကိုယ်ကာယဒုက္ခကို မည်သည့်စိတ်ဖြင့်ကျော်လွှား ကြရသည်ကို မိဘတိုင်းသိကြသည်။ ဒီအတွက်လည်း သားသမီးနှင့် မိဘကို ပြောလေ့လည်းမရှိကြ။

ကျနော်ဆို ဘ၀မှာ နေမကောင်းသော်လည်း အလုပ်မဆင်းလို့ မဖြစ်သည့်အခါ ကြုံရသည့်အခါ အလုပ်ထဲ နေမကောင်းတာကို အကြောင်းပြပြီး နားနေလေ့ရှိသည်။ ရထားပေါ်မှာသေနေသည့် အထမ်းသည်ကြီးကိုတွေ့ ပြီးနောက် စိတ်ထဲ ကိုယ်ချင်းစာပြီး  သူမသေခင် ဘယ်လောက်တောင် ဝေဒနာခံစားရမလဲ ၊ သက်သောင့် သက် သာနေချင်မလဲ၊ သူ့ မိသားစုကို သူ့ရဲ့နောက်ဆုံးအချိန်မှာ ဘယ်လောက်တွေ့ချင်မလဲ ဆိုတာ တွေးပြီး စိတ်မ ကောင်းဖြစ်မိသည်။

ယနေ့ခေတ်က အလုပ်ကို မပျက်ရဲ့။ မပြုတ်ရဲ။  ဖတ်ခဲ့ဖူးသည့် အနောက်တိုင်းနိုဗယ်များထဲက ဇာတ် ဝင်ခန်းများလိုပင်။ အင်္ဂလန်ကျောက်မီးသွေးတွင်းထဲ အလုပ်လုပ်ရင်း သေဆုံးသွားသည့် ကျောက်မီးသွေး တွင်းတူးသမားတွေလို အဖြစ်မျိုးတွေ၊ နေမကောင်းဘဲ လူလျော့ခံရမှာစိုးသဖြင့် သေကာမှ သေရော ၊အလုပ်မပျက် ရဲပဲ ကျောက်မီးသွေးတွင်းထဲ သေနေသည့် ကျောက်မီးသွေးတူးသည့် သူတွေလို ။ ယခုဒီလိုမျိုး ပုံစံတူတွေ ယခု ကျနော်ဘေးမှာ တွေ့နေရလေပြီ။ဖြစ်နေလေပြီ။  

အလုပ်…။ ဟုတ်သည်။ ကျနော်ရော အလုပ်ပြုတ်မှာ မကြောက်ဘူးလား။

ကျနော်လည်း ရှိနေသည်အလုပ်ပြုတ်မှာ  ကြောက်နေရသည်။ ဒီတော့ အလုပ်က တောင်းဆိုသမျှကို မငြင်းရဲ။ အလုပ်က ပြဋ္ဌာန်းသမျှ မငြင်းဆန်ရဲ။  ကျနော်တို့ နောက်မှာရှိနေသည့် မိသားစု တွေ၊ ချစ်ရခင်ရသူတွေ ကို  အဆုံးရှုံးမခံရဲသောကြောင့် ဘာမဆို ငြင်းရန် နူတ်တွန့်ရလေသည်။

ဒီလိုနှင့် ကျနော်တို့ သက်တမ်းနှင့် ခံနိုင်ရည်အားတွေက လျော့နည်းကာ မာနတွေ ၊သိက္ခာတွေ တဖြုတ် ဖြုတ်ကြွေရလေသည်။ ဒီလိုဖြစ်လာအောင် ဘယ်သူက ဖန်တီး ခဲ့သလဲဆိုသည်ကို သိပေမယ့် ပြင်ရန်မဖြစ်နိုင် သည့်အခါ ၊ ဖယ်ရှားရန်မဖြစ်သည့်အခါ ကျနော်တို့မှာ လည်စင်းခံရုံသာ။

ကျနော်အိမ်ဘေးက ကလေးငယ်တွေရဲ့ မနက်ဖြန်ဆိုတာကို ကျနော်တညလုံးတွေးပြီးရင်မောမိသည်။ အိပ်ယာမှထရင်း သေသူ၏ အမေဖြစ်သူ  ဘုရားရှိခိုးနေသူကိုကြားသည့်အခါ မလုပ်နိုင်မကိုင်နိုင်သည့်အားကိုးရာမဲ့ အမေအိုကြီး၏ သောကနှင့် ကြေကွဲမှုကို စာနာသည်။

ခေတ်က ကျနော်တို့ကို စုတ်ပျက်သပ်အောင် ရိုက်ချသွား  သည်။ ဒီထဲမှာ စာနာချင်းတွေ၊ကိုယ်ချင်း စာတ ရားတွေ၊ သနားညှာတာ ချစ်ခင်ခြင်းတွေ ၊ လောကဝတ်တွေ စသည့် လူမှန်လျှင် လိုက်နာကျင့်သုံးရသည့် ကြီးမြတ် သည့်အရာတွေ အားလုံး ..။

မနက်ဖြန်မှာ ကျနော်တို့ရှိမည် မရှိမည်ဆိုတာ  မသေချာ။သို့သော် အလုပ်လုပ်ရင်းသေသည်သူ တွေက တော့  ဆက်ရှိနေဦးမည်ဆိုတာ သေချာလှပေသည်။

               

လင်းနိုင်ကျော်စိုး