【 ဆောင်းပါး 】“ တရုတ်တန်းက (၁၉) လမ်း ”

【 ဆောင်းပါး 】“ တရုတ်တန်းက (၁၉) လမ်း ”

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကြီးမှာ သွားလာလည်ပတ်စရာ အထင်ကရနေရာများနဲ့ စားကောင်းသောက်ဖွယ်စုံလင်တဲ့ နေရာများဟာ များပြားစွာ တည်ရှိလို့နေပါတယ်။

ရန်ကုန်မြို့ရဲ့ သွားလာလည်ပတ်စရာ အထင်ကရနေရာများအကြောင်းကို ဖော်ပြတော့မယ်ဆိုရင် စည်ကားသိုက်မြိုက်လှတဲ့ တရုတ်တန်းကိုလည်း ကျွန်တော်တို့ ချန်ထားခဲ့လို့မရပါဘူး။ တရုတ်တန်းမှာဆိုရင် ရွှေဆိုင်တွေနဲ့ စားကောင်းသောက် ဖွယ်တွေက အပြည့်နေရာယူထားသလို နိုင်ငံခြားခရီးသွားဧည့်သည်တွေ တကူးတကကို လာရောက်‌လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ တရုတ်တန်းကို နယ်ချဲ့ဗြိတိသျှတို့က ၁၈၅၀ ခှနှစ်မှာ မြို့ကိုချဲ့ထွင်တည်ထောင်ခဲ့တယ်လို့ မှတ်သားရပြီး၊ အဓိကမြို့နယ်ကြီးနှစ်ခုအဖြစ် လသာနဲ့ လမ်းမတော်တို့ ပါဝင်လျက်ရှိပါတယ်။

တရုတ်တန်းရဲ့ အနောက်ဘက်မှာ ရွှေတောင်တန်းလမ်း၊ အရှေ့ဘက်မှာ ရွှေတိဂုံဘုရားလမ်း၊ မြောက်ဘက်နဲ့ တောင်ဘက်တို့မှာတော့ မဟာဗန္ဓုလလမ်းနှင့် ကမ်းနားလမ်းတို့ တည်ရှိပါတယ်။

ရန်ကုန်မြို့လယ်ခေါင် ဆူးလေစေတီတော်ရဲ့ အနောက်ဘက်မှာ တရုတ်တန်း တည်ရှိပြီး ရန်ကုန်မြို့ရဲ့ စီးပွားရေးအချက်အခြာ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ တရုတ်တန်းအတွင်းမှာကိုပဲ သွားလာလည်ပတ်‌စရာနေရာတွေနဲ့ တရုတ်စားသောက်ဆိုင်တွေဟာ အများအပြားတည်ရှိလို့နေပါတယ်။ အဲဒီအထဲကမှ စားကောင်းသောက်ဖွယ် စုံလင်တဲ့ လသာမြို့နယ်ထဲက (၁၉) လမ်းအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ရန်ကုန်မြို့ လသာမြို့နယ်အတွင်းမှာ တည်ရှိတဲ့ တရုတ်တန်းက (၁၉) လမ်းဟာ အနော်အထာလမ်းမကြီးနဲ့ မဟာဗန္ဓုလလမ်းကြီးတို့ရဲ့ ကြားထဲမှာတည်ရှိပါတယ်။

(၁၉) လမ်းကို တရုတ်တန်း ညဈေးလို့လည်း တင်စားခေါ်ဆိုကြပြီး မြန်မာလူမျိုးတွေ၊ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေအပြင် နိုင်ငံခြားခရီးသွားဧည့်သည်တွေ တကူးတကကို လာရောက်လည်ပတ်လေ့ရှိကြတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ အချက်အချာအကျဆုံး Downtown ဧရိယာမှာ တည်ရှိတဲ့အတွက် (၁၉) လမ်းကို သွားလာရေးဟာ အလွန်တရာမှအဆင်ပြေသလို ညနေခင်းမှာဆို အမြဲမပြတ် စည်ကားနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။လမ်းတစ်လျှောက်မှာလည်း စားသောက်ဆိုင်များ၊ အကင်ဆိုင်များနဲ့ အဖျော်ယမကာဆိုင်များက အပြည့်နေရာယူထားတဲ့အပြင် ယမကာလုလင်တွေအကြား အလွန်တရာကို နာမည်ကျော်ကြားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

လူငယ်တွေဟာလည်း လစာထုတ်ရက်၊ သောကြာနေ့ ဒါမှမဟုတ် ပင်ပန်းမှုတွေဖြေဖျောက်ချင်ကြတဲ့အခါ (၁၉) လမ်းမှာ သူငယ်ချင်းတွေကိုချိန်းဆိုပြီး စုစည်းကြတဲ့အတွက် ရန်ကုန်မြို့ရဲ့ အကြီးဆုံး Night Life တစ်ခုလို့ လည်း ဆိုရမှာဖြစ်သလို လူငယ်တွေအတွက် စိတ်လက်ပေါ့ပါးစေမယ့် နေရာတစ်ခုလို့လည်း ဆိုရမှာဖြစ်ပါတယ်။

ညနေစောင်း (၄) နာရီထိုးတာနဲ့ (၁၉) လမ်းအတွင်းကို ကားများ အဝင်၊ အထွက် မပြုလုပ်တော့ဘဲ မိသားစုလိုက်လာရောက်လည်ပတ်သူတွေ၊ ဈေးသည်တွေ၊ လူငယ်တွေနဲ့ အရောင်အသွေးစုံစုံလင်လင်စည်ကားစပြုလာပါတယ်။

ညနေ (၆) နာရီဆိုရင်တော့ (၁၉) လမ်းဟာ အသက်ဝင်သွားပြီလို့ ဆိုရမှာဖြစ်ပြီး စားသောက်ဆိုင်တွေမှာလည်း စားသုံးသူအပြည့်နဲ့ စည်ကားသိုက်မြိုက်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ (၁၉) လမ်းဟာ နာမည်ကျော်ကြားပေမယ့် လမ်းအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေနဲ့ အဖျော်ယမကာ‌ဆိုင်တွေဟာ သန့်ရှင်းသပ်ရပ်ပြီး ဈေးနှုန်းသင့်တင့်တာကြောင့် လူငယ်တွေအကြိုက်တွေ့ပြီး အမြဲမပြတ် စည်ကားနေတာလို့ ဆိုရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့ လသာမြို့နယ်ထဲက (၁၉) လမ်းဟာ ဘယ်လိုစတင်စည်ကားလာသလဲနဲ့ပတ်သက်ပြီး အတိအကျမှတ်တမ်းတင်ထားတာမျိုး မရှိပေမယ့် ဆယ်စုနှစ် နှစ်ခုကျော် သက်တမ်းရှိနေပြီဖြစ်တယ်လို့ အများကဆိုကြပါတယ်။

 (၁၉) လမ်းနေရာဟာ လွန်ခဲ့တဲ့ ကိုလိုနီခေတ်ကတည်းက စားသောက်ဆိုင်လုပ်ငန်းကို အလွန်ကျွမ်း ကျင်တဲ့ တရုတ်လူမျိုးတွေ အခြေချနေထိုင်လာခဲ့တဲ့ နေရာဖြစ်တယ်လို့ ဆိုကြပါတယ်။

(၁၉) လမ်းအတွင်းမှာရှိတဲ့ စားသောက်ဆိုင်အများစုကိုလည်း မြန်မာပြည်ဖွား တရုတ်လူမျိုးတွေ ဖွင့်လှစ်ထားတာလည်းဖြစ်ပါတယ်။ (၁၉) လမ်းရဲ့ နံဘေးမှာတော့ စဉ့်အိုးတန်းလမ်းတည်ရှိပြီး၊ စဉ့်အိုးတန်းလမ်းထဲမှာတော့ ယခု နောက်ပိုင်းခေတ်စားလာတဲ့ မောက်ချိုက်အစားအစာဆိုင်များကို မြင်တွေ့ရမှာဖြစ်ပါတယ်။

လူငယ်တွေကတော့ စဉ့်အိုးတန်းလမ်းက မောက်ချိုက်ဆိုင်တွေဟာ သန့်ရှင်းလတ်ဆတ်ပြီး အရသာ ထူးကဲ ကောင်းမွန်တယ်လို့ မှတ်ချက်ပြုကြပါတယ်။

(၁၉) လမ်းမှာ အခြားသော အဖျော်ယမကာဆိုင်တွေနဲ့ ဘားတွေလို ဖျော်ဖြေရေးအစီအစဉ်တွေ မရှိပေမယ့်လည်း တစ်ဦးတည်းဖျော်ဖြေပေးနေသူကတော့ ရှိနေပါတယ်။

သူကတော့ (၁၉) လမ်းအကြောင်း ပြောမယ်ဆိုရင် ချန်ထားခဲ့လို့ကိုမရတဲ့ (၁၉) လမ်း ခိုင်ထူးပဲဖြစ်ပါတယ်။ (၁၉) လမ်း ခိုင်ထူးဟာ ဂစ်တာတစ်လက်နဲ့ အဆိုတော် ခိုင်ထူးရဲ့ သီချင်းများကို (၁၉) လမ်းအတွင်း သီဆိုဖျော်ဖြေ‌လေ့ရှိသူဖြစ်ပြီး၊ (၁၉) လမ်းကို လာရောက်လည်ပတ်သူများအကြား နာမည်ကျော်ကြားသူတစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်ချိန်မှာတော့ (၁၉) လမ်းအတွင်းက အဖျော်ယမကာဆိုင်များဟာလည်း ယာယီပိတ်ထားတဲ့ရတာကြောင့် စည်ကားမှုတွေ ခေတ္တခဏကွယ်ပျောက်ခဲ့ရပါတယ်။

ဒါပေမယ့်  ကိုဗစ်ကပ်ရောဂါအလွန်မှာ (၁၉) လမ်းဟာ အရောင်အသွေးစုံလင်စွာနဲ့ ပြန်လည်နိုးထလာခဲ့ပြီး တရုတ်နှစ်သစ်ကူးကာလမှာ လာရောက်လည်ပတ်‌သူတွေနဲ့ စည်ကားသိုက်မြိုက်စွာ ရှိနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

မိုးသီဟန်