【 ဆောင်းပါး 】“ မတူကွဲပြားမှု့ကိုတန်ဖိုးထားပါ ”

【 ဆောင်းပါး 】“ မတူကွဲပြားမှု့ကိုတန်ဖိုးထားပါ ”

အများနဲ့အလုပ်လုပ်ရတဲ့အခါမှာ အဖွဲ့အစည်းအသင်းအဖွဲ့တွေအနေနဲ့ လုပ်ကိုင်ဆောင်ရွက်ရတဲ့ အခါမှာ မိမိနဲ့အသွင်တူအမြင်တူသူတွေပါလာနိုင်ပါတယ်။ မန်နေဂျာတစ်ဦးအနေနဲ့ လုပ်ငန်းတွေကို စီမံခန့်ခွဲ ဆောင်ရွက်ရတဲ့အခါမှာ ကိုယ့်အဖွဲ့အစည်းတွင်းမှာ လူစုံပါလာနိုင်ပါတယ်။ မတစ်ရာသားသမီးတွေကို စီမံရတာဖြစ်လေတော့ ခက်ခဲမှာအမှန်ပါ။ ကိုယ်နဲ့အသွင်တူတဲ့ စရိုက်လက္ခဏာနီးစပ်တဲ့ အမြင်တူသူတွေကို စီမံခန့်ခွဲရတာတောင် စိန်ခေါ်မှုအခက်အခဲတွေရှိနိုင်တော့ ကိုယ်နဲ့အသွင်လည်းမတူ အမြင်လည်းခြားနားတဲ့ပုဂ္ဂိုလ်တွေနဲ့ဆောင်ရွက်စီမံ ရလျှင် ပိုမိုခက်ခဲမှာအသေအချာပါပဲ။ လုပ်ငန်းပိုမိုကျယ်ပြန့်လာလေလေ မတူကွဲပြားမှုတွေ ပိုမိုကြုံတွေ့ရမှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံတွင်းဒေသတွင်းစီးပွားရေးလုပ်ကိုင်နေရာမှ လုပ်ငန်းတိုးချဲ့ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ကိုင်ဆောင်ရွက်ရလေလေ မတူကွဲပြားမှု (Diversity)ကို ပိုမိုကြုံတွေ့လာမှာဖြစ်ပါတယ်။ မန်နေဂျာများအနေနဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေခြားနားမှုကို နားလည်သတိပြုရမှာဖြစ်ပြီး ဒီအချက်သည် အဖွဲ့အစည်းအတွင်း မှာရှိတဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ မျှော်လင့်ချက် (Expectation)နဲ့ အပြုအမှု(behavior) အပေါ်ဘယ်လိုသက် ရောက်မှုဖြစ်စေတယ် ဆိုတာကို နားလည်သဘောပေါက်ရမှာ ဖြစ်ပါတယ်။ 
 
 
Diversity ဆိုတာမတူကွဲပြားခြားနားတဲ့ အခြေအနေ the condition ofbeing different ကိုဆိုလိုပါတယ်။ မတူကွဲပြားမှုလို့ပြောလိုက်ရင် လူမျိုးမတူတာ၊ ယဉ်ကျေးမှုမတူတာတွေကို ပြေးပြီးမြင်တက်ကြပါတယ်။ ဒါလည်းအမှန်ပါပဲ။ စာရေးသူတို့ နိုင်ငံမှာဆိုရင် တိုင်းရင်းသားမဟုတ်သူတွေကိုပါ ထည့်ပြောရင်အများကြီး ဖြစ်သွားပါမယ်။ နောက်ယဉ်ကျေးမှုထုံးတမ်းစဉ်လာ။ အရှေ့နဲ့အနောက်ဘယ်လိုမှ မတူနိုင်ပါ။ ဒါတွေဟာ ငါတို့သူတို့ ဆိုတဲ့ Us versus them mentality ကိုတွန်းအားဖြစ်စေပါတယ်။ မတူညီမှုတွေကို နားလည်ပေးပြီးတူညီတဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် စီမံဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ တကယ်တော့ မတူကွဲပြားမှု Diversity ဆို တာ လူမျိုးမတူတာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာမတူတာတွေမျှလောက်ကို ဆိုလိုတာမဟုတ်ပါဘူး။ ဒီထက် ပိုပါတယ်။ လေးနက်ပါတယ်။ 
 
မတူကွဲပြားမှုရှုထောင့် အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ အဓိကရှုထောင့် (ဒိုင်မင်းရှင်း)နှစ်မျိုးရှိပါတယ်။ မူလ ရှုထောင့်(primary dimension) နဲ့ဒုတိယရှုထောင့်(secondary dimension)ဆိုပြီး ခွဲနိုင်ပါတယ်။ မူလရှုထောင့်မှာ  ကျွန်တော်တို့ ပြင်လို့မရနိုင်တဲ့အရာတွေ ပါဝင်ပါတယ်။ ဥပမာလူမျိုး၊ အသက်၊ လူမျိုးစု၊ လိင်၊ ရုပ်ပိုင်းဆိုင်ရာအရည်အသွေး၊ လိင်စိတ်စသည်များဖြစ်ပါတယ်။ ဒုတိယရှုထောင့်မှာတော့ ဝင်ငွေ၊ ပညာရေးအခြေအနေ၊ ဘာသာ တရား၊ ပထဝီနေရာဒေသ၊ မိဘအခြေအနေ၊ အိမ်ထောင်ရေးအခြေအနေ အစရှိသောအကြောင်း တရားများ ပါဝင်ပါတယ်။ လူတွေရဲ့သဘောသဘာဝအရ ဒုတိယရှုထောင့်မှာပါတဲ့ အချက်တွေထက် ပထမရှုထောင့်မှာပါတဲ့အချက် ပေါ်မှာ ပိုပြီး အထိမခံနိုင်ဖြစ်တက်ပါတယ်။ 
 
သတိပြုရမယ့် နောက်တစ်ချက်က အလုပ်သမားဈေးကွက်က အပြောင်းအလဲမြန်ပါတယ်။ လုပ်ငန်းခွင်မှာ အသက်အရွယ်ရလာသူများ တိုးပွားလာသလို၊ အမျိုးသမီးဝန်ထမ်းတွေ များပြားလာပါတယ်။ ရေကြည်ရာမျက်နုရာကို ရှာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ တိုးပွားလာပါတယ်။ (နိုင်ငံရေးစီးပွားရေးအခြေအနေအပြောင်းအလဲကြောင့် အလုပ်အကိုင်အခွင့်အလမ်းအပြောင်းအလဲရှိလာတယ်။) ဒေသတွင်း လုပ်ကိုင်ဆောင်ရွက်တာထက် နိုင်ငံတကာနဲ့ဆက်သွယ်ဆောင်ရွက်လာတဲ့အတွက် ဂလိုဘယ်ပိုဆန်လာတယ်။ ယဉ်ကျေးမှုတွေကူးလူး ဆက်ဆံယှက်နွယ်လာပါတယ်။ မတူကွဲပြားမှုတွေ၊ အထိမခံနိုင်တဲ့အရာတွေ၊ တန်ဖိုးထားမှုကွဲပြားနိုင်တာတွေကို သတိပြုပြီး၊ အပြုသဘောဆောင်တဲ့ စိတ်သဘောထားကောင်းများ၊ နားလည်စာနာမှုများ၊ အပြန်အလှန်လေးစားမှုများကို ပြုစုပျိုးထောင်ရမှာဖြစ်ပါတယ်။ မတူကွဲပြားမှုများကို လေးစားတန်ဖိုးထားရမှာဖြစ်ပါတယ်။ 
 
မတူကွဲပြားမှုများကို diversisty ဆိုတဲ့ စကားလုံးသည် လူ့အဖွဲ့အစည်းအတွင်းရှိ လူတစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့်သော်လည်းကောင်း၊ အစုအဖွဲ့တစ်ခုချင်းစီအနေဖြင့်သော်လည်းကောင်း၊ ယဉ်ကျေးမှုထုံးတမ်း အစဉ်အလာများအနေဖြင့်သော်လည်းကောင်း မတူကွဲပြားမှုအားလုံးကို ရည်ညွန်းပါတယ်။ မတူတဲ့အမြင်၊ မတူတဲ့အ‌တွေးကနေ တီထွင်ဆန်းသစ်တွေ ဖြစ်လာနိုင်ပါတယ်။ သာတူညီမျှမှုအားလုံပါဝင်ဆောင်ရွက်နိုင်မှုများကို တွန်းအားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ အခြားသူတွေဘာကိုတန်ဖိုးထားတယ်ဆိုတာကို သိနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ သဲလွန်စလေးတွေရှိပါတယ်။ အကဲခတ်ရပါမယ်။
 
(၁) အဖွဲ့အစည်းအတွင်းမှာ တစ်ဦးနဲ့တစ်ဦး ရိုးသားစွာဆက်ဆံပြောဆိုဆောင်ရွက်ဖို့လိုပါတယ်။ တစ်ဦးကိုတစ်ဦး ဖေးမကူညီဖို့ လိုပါတယ်။ 
 
(၂) Body languge တွေကို နားလည်ဖို့ အကဲခတ်တက်ဖို့လိုပါတယ်။
 
(၃) Communication style တွေကို သတိထားဖို့လိုပါတယ်။ 
 
(၄) ရယ်စရာဟာသလေးတွေ ပြောတက်ရပါမယ်။
 
(၅) အချိန်လေးစားမှုရှိဖို့လိုပါတယ်။ အချိန်လေးစားမှုအပေါ် အကဲခတ်နိုင်ပါတယ်။ 
 
(၆) သုံးနှုန်းတဲ့စကားလုံးတွေနဲ့ ကိုယ်နေဟန်ထားအပြုအမူတွေကို သတိထားလေ့လာအကဲခတ်ရပါမယ်။
မတူကွဲပြားမှု တန်ဖိုးထားမှုရှိမရှိ တိုင်းတာနိုင်တဲ့အဆင့် အခြေအနေ သုံးရပ်ရှိပါတယ်။
 
(၁) သိမြင်နားလည်တက်ခြင်းအဆင့်(Cognitive)
 
     မတူကွဲပြားခြင်း အယူအဆနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေအကြောင်းခြင်းရာတွေကို နားလည်းသိရှိမှု။ လက်ခံမှု။
 
(၂) ခံစားနားလည်မှုအဆင့် (Affective)
 
     လူအချင်းချင်းကြားမှာရှိတဲ့ တူညီမှုခြားနားမှုများကိုနားလည်သိရှိပြီး အပြန်အလှန်လေးစားမှု၊ ဂုဏ် ယူမှု။ အသိအမှတ်ပြုမှု။
 
(၃) ပြုမှုဆောင်ရွက်မှုအဆင့်(Behavioral)
 
      မတူကွဲပြားမှုများကြားတွင် တစ်ဦးကိုတစ်ဦးနားလည်ပြီး အပြုသဘောဆောင်သော ဆက်ဆံရေးကို တည်ဆောက်နိုင်ခြင်း ဖြစ်ပါတယ်။ 
 
မန်နေဂျာတစ်ဦးအနေနဲ့ လုပ်ငန်းအဖွဲ့အစည်းအတွင်းမှာ မတူကွဲပြားမှုကို တန်ဖိုးထားလေးစားသော ယဉ်ကျေးမှုကို ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။ မိမိကစတင်ရမှာဖြစ်ပါတယ်။ မိမိကိုယ်ကို ဆန်းစစ်ရမှာဖြစ်ပါတယ်။  မိမိဟန်ပန်၊ မိမိရဲ့ပုဂ္ဂလမျက်နှာသာပေးမှု Personal biases ၊ ဦးစားပေးမှု၊ အာရုံစူးစိုက်မှုစသည်များကို သုံးသပ်ရမှာဖြစ်ပါတယ်။ အဖွဲ့အစည်းအတွင်းမှာ Unigue Culture တွေ ရှိတာကိုလည်း သတိပြုရမှာဖြစ်ပါတယ်။ ဥပမာ- Senior Management Culture နဲ့ Support staff culture မတူနိုင်တာကို နားလည်ရပါမယ်။ ဝန်ထမ်းတစ်ဦး တစ်ယောက်ချင်းစီသည် သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေး၊ သူတို့ရဲ့ယဉ်ကျေးမှုဓလေ့အရ လုပ်ကိုင်ဆောင်ရွက်ပုံ ခြားနားခြင်းကို နားလာ်အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ နားလည်အသိအမှတ်ပြုကြောင်းကိုလည်း သိစေရမှာဖြစ်ပါတယ်။ မိမိကလုပ်ငန်းအဖွဲ့အစည်းအသစ်မှာ တာဝန်ထမ်းဆောင်နေသူဖြစ်လျှင်လည်း လုပ်ငန်းအဖွဲ့ အစည်းရဲ့ Culture တစ်ဦးတစ်ယောက်ချင်းစီရဲ့ Culture ကိုနားလည်ဖို့ သင့်ကိုကူညီပေးမယ့် (သို့တည်းမဟုတ်) လမ်းညွှန်ပေးမယ့် ကိုယ်စားလှယ်တစ်ဦး ရှာထားပေးရမှာ ဖြစ်ပါတယ်။ 
 
မတူကွဲပြားမှုကို ပိုမြင်လေလေ တန်ဖိုးထားတက်လေလေ လုပ်ငန်းအဖွဲ့အစည်းအတွက် အကျိုးရှိလေလေဖြစ်ပါတယ်။ လူတစ်ဦးနှင့်တစ်ဦးထင်မြင်ယူဆချက် Opinion၊ စိတ်ကူး Idea၊ အတွေး Thoughts၊ ကျွမ်းကျင်မှု Skills၊ ဗဟုသုတ Knowledge၊ ပထဝီနေရာဒေသ Geography၊ ဘဝဖြတ်သန်းမှုနောက်ခံ Back- ground၊ ဓလေ့ထုံးတမ်းစဉ်လာ Culture စတာတွေမတူနိုင်ပါ။ မတူညီမှုတွေက အတွေးအမျိုးမျိုးရလာနိုင်ပါတယ်။ စိတ်ကူးသစ်တွေ ရလာနိုင်ပါတယ်။ မတူညီမှုတွေကို တန်ဖိုးထားတက်လာပါမယ်။ တီထွင်ဆန်းသစ်မှုတွေကို တွန်းအားပေးနိုင်ပါတယ်။ အလုပ်တွေတွင်ကျယ်ပါတယ်။ 
 
မတူညီမှုတွေက အကောင်းတွေချည်းပဲဖြစ်စေတာလားဆိုတော့ မဟုတ်ပါဘူး။ သူ့မှာလည်းဘေးထွက် ဆိုးကျိုး ရှိပါတယ်။ မတူညီတဲ့ အမြင်တွေပေါ်မှာ ပဋိပက္ခတွေဖြစ်နိုင်ပါတယ်။ နားလည်မှုတွေလွဲနိုင်တယ်။ ကိုယ်နဲ့ မတူရန် သူဆိုတာမျိုးတွေ ကြုံရနိုင်တယ်။ လုပ်အားတွေဆုံးရှုံးနိုင်တယ်။ ဒါကြောင့်မန်နေဂျာအနေနဲ့ စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့၊ စနစ်တကျလေ့ကျင့်ပျိုးထောင်ဖို့ စုစည်းတည်ဆောက်ထားဖို့လိုအပ်ပါတယ်။ 
 
မတူကွဲပြားမှုဆိုသည်တွင် စိတ်ကူးသစ်များဖော်ထုတ်သည့်အခါ၊ အတွင်းအပြင်စိန်ခေါ်မှုများအတွက် ဆုံး ဖြတ်ချက်ချရသည့်အခါတွင် မတူညီသောစိတ်ကူးများ နောက်ခံအကြောင်းတရားများ၊ ထင်မြင်ယူဆချက်များကို ပေါင်းစပ်၍ လုပ်ကိုင်ဆောင်ရွက်ခြင်းများ ပါဝင်ပါတယ်။ မတူညီမှုများကို တန်ဖိုးထားခြင်းဖြစ်ပါတယ်။ မတူကွဲ ပြားခြင်းဟူသည် အမိန့်အတိုင်း လိုက်နာခြင်းမဟုတ်။ လုပ်ရိုးလုပ်စဉ်မဟုတ်။ တုံ့ပြန်ဆောင်ရွက်ခြင်းမဟုတ်။ ပြောင်းလဲဆောင်ရွက်ခြင်း။ ဖျက်လတ်တက်ကြွစွာဆောင်ရွက်ခြင်း၊ ဖန်တီးဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တစ်ဦး တစ်ယောက်တစ်စုတစ်ဖွဲ့ပေါ်တွင် အထူးဦးစားပေးဆောင်ရွက်မှုမျိုးမဟုတ် ရလဒ်ကောင်းပေါ်ထွက်ပြီး လူတိုင်းအကျိုးကျေးဇူး ဖြစ်ထွန်းရန်အတွက် ရင်းမြစ်အမျိုးမျိုးကို အပြည့်အဝတပ်ဖြန့်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
 
လုပ်ငန်းအဖွဲ့အစည်းအနေနဲ့ မတူကွဲပြားမှုများကို တန်ဖိုးထားဆောင်ရွက်တယ်ဆိုတာကို တရားဝင်ကတိကဝတ်ပြု ထုတ်ဖော်ပြောကြား ဆောင်ရွက်ဖို့လိုပါတယ်၊ လုပ်ဆောင်ချက်တိုင်းအတွက် တန်းတူသာတူညီမျှ အခွင့် အရေးရှိတဲ့ လုပ်ငန်းအဖွဲ့အစည်းအဖြစ်အလားအလာရှိတဲ့ ဝန်ထမ်းကောင်းတွေကို ဆွဲဆောင်ရာလည်း ရောက်ပါတယ်။
 
မှူးခန့်စံ