【 ဆောင်းပါး 】“ အငြင်းပွားစရာ သမိုင်းပြဿနာများရေးရခြင်းအကြောင်း”

【 ဆောင်းပါး 】“ အငြင်းပွားစရာ သမိုင်းပြဿနာများရေးရခြင်းအကြောင်း”

 ကျွန်မသည် သမိုင်းပညာရှင် တစ်ဦးမဟုတ်ပါ။ ကျွန်မတို့အထက်တန်းကျောင်းတက်  နေစဉ်ကာလက တိုင်းပြည်ကို သိပ္ပံပညာဖြင့် ဖွံ့ဖြိုးတိုးတက်စေရမည်။ လက်မှုလယ် ယာမှ စက်မှုလယ်ယာသို့ ဟူသော ကြွေး ကြော်သံများ ခေတ်စားနေချိန်ဖြစ်ပါသည်။ ၈ တန်းအောင်လျှင် ဝိဇ္ဇာ-သိပ္ပံ ကြိုက်ရာဘာသာတွဲယူခွင့်ရှိပါသည်။ အမှတ်ဖြင့်မခွဲပါ။ ကျောင်းစတက်သည့်နေ့၌ အတန်းပိုင်ဆရာပေးသည့် ပုံစံစာရွက်တွင် သင်ယူလိုသော ဘာသာတွဲ သိပ္ပံဟု ဖြည့်ရုံဖြင့် သိပ္ပံဘာသာတွဲသင်ယူသော ကျောင်းသူစာရင်း ဝင်သွားပါတော့သည်။
 
သို့သော် ကျွန်မတို့ကံကောင်းခဲ့ပါသည်။ ငယ်စဉ် သူငယ်တန်းဘဝမှ ၇ တန်းအောင် သည်ထိ သင်ကြား ပေးခဲ့သော ဆရာ၊ ဆရာမများက မခိုမကပ် စေတနာဖြင့် တာဝန် ကျေပွန်စွာ သင်ကြားပေးလိုက်ကြသဖြင့်၊ သမိုင်း နှင့် ပထဝီ ပညာများကို ကျွန်မတို့ သိသင့်သမျှသိပါသည်။ ဘွဲ့ရပြီး စာကြည့်တိုက်တွင် တာဝန်ထမ်းသောအခါ ပညာရပ်မျိုးစုံကို တက္ကသိုလ်ဆရာ၊ ဆရာမများ ကျောင်းသားကျောင်းသူများ အတွက်ရှာဖွေပေးပါသည်။ သို့ဖြင့် သမိုင်းစာအုပ်များနှင့်ပြန်ထိတွေ့ရပါသည်။
 
အမှန်ဝန်ခံရလျှင် မြန်မာသမိုင်းကို ကျွန်မစိတ်မဝင်စားပါ။ သမိုင်းတွင် ဖတ်ရသည့် တချို့ အချက်များ ကိုလည်း ပေါကြောင်ကြောင်နိုင်သည်ဟုထင်မိပါသည်။ သို့သော် ကျွန်မတို့ဆရာ ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်မှုးကြီး ဦးသော်ကောင်းအတွက် သမိုင်းစာအုပ်များရှာပေးရခြင်း၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၏ ဟောပြောမှုများကို နားထောင်ရခြင်းများကြောင့် သမိုင်းနှင့်ထိတွေ့ရပြန်ပါသည်။လုပ်သက်အနည်း ငယ်ရ၍ အသက် ၃၀ ကျော်လာသောအခါ ကိုယ်က ပတ်သက်လိုသည်ဖြစ်စေ၊ မပတ်သက်လိုသည်ဖြစ်စေ၊ သမိုင်းနှင့်ကင်းကွာ၍ မရကြောင်းနားလည်လာပါသည်။ သို့နားလည်ရခြင်းကားရှစ်လေးလုံး အရေးတော် ပုံကို၊ ကြုံလိုက်ရခြင်း နှင့် ရှစ်လေးလုံးအရေးတော်ပုံ အကြောင်း သူ့ဘက် ကိုယ့်ဘက် ရေးသားချက် များကို ဖတ်ရှုရခြင်းတို့ကြောင့် ဖြစ်ပါသည်။
 
 
ရှစ်လေးလုံးက ကျွန်မတို့မျက်စိရှေ့၌ပင် ဖြစ်ပွားခဲ့သည်။ သို့သော် ပြည်တွင်းသတင်းများက ဖြစ်ပျက်မှု များ နှင့်ခြားနားနေသဖြင့် ပြည်ပအသံလွှင့်ချက်များကို နားထောင်ရပြန်ပါသည်။ နေ့စဉ်ထုတ်သတင်းစာများက ဖော်ပြချက်နှင့် တစ်နေကုန်တစ်နေခန်း ရန်ကုန်မြို့အတွင်း လှည့်လည်သွားလာစဉ် တွေ့ကြုံခဲ့ရသည်က ကွဲလွဲနေပြန်ပါသည်။ ဤတွင် ရှစ်လေးလုံးကာလက ထုတ်ဝေသော ဂျာနယ် စာစောင်မျိုးစုံကို ဝယ်ဖတ်ရပြန်ပါသည်။
 
သည်တွင် မျက်မှောက်ကာလ၌ပင် သမိုင်းမှတ်တမ်းကြောင်း တစ်ခုအတွက် မှန်ကန်မှု၊ ပြုပြင်ဖန်တီးရေးသားမှု ရှိနေလျှင် ရှေးအတီတေကာလက အုပ်ချုပ်သူ နှင့် အုပ်ချုပ်ခံများကြားက ရာဇဝင်ဟူသည် အဘယ်မျှ ယုံကြည်စိတ်ချရပါမည်နည်း ဆိုသည့် အတွေးက ရင်ထဲ အသည်းထဲ စွဲကျန်ရစ်ပါသည်။
 
ဆရာကြီးဒေါက်တာသန်းထွန်းက ဦးကုလား မဟာရာဇဝင်တော်ကြီး၊ မှန်းနန်းရာဇဝင်၊ တွင်းသင်းရာဇဝင် စသော ရှေးရာဇဝင်များကို သံသယဖြင့် လက်ခံပြီး၊ အပင်ပန်းခံလျက် ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာ များအားကိုးဖြင့် မြန်မာရာဇဝင်သုတေသနပြုုခြင်းကိုလည်း၊ နားလည်လာပါသည်။ သမိုင်းသုတေသီများ စာတမ်းဖတ်လျှင် သွားရောက်နားထောင်ပါသည်။ ထိုမှစ၍ ရှေးရာဇဝင်များကို တိုက်ဆိုင်စစ်ဆေးယုံကြည်သင့်သည်ဟု ပိုင်းဖြတ်ပါသည်။
 
၂၀၁၄ခုနှစ် သည်မြန်မာသမိုင်းအတွက် နောင်နှစ်ပေါင်း ၅၀၊ ၁၀၀ ကြာမြင့်ချိန်တွင် မြန်မာသမိုင်း သုတေသီတို့အဖို့ စိတ်ဝင်စားစရာများ ပြည့်နှုက်နေမည့် အတိတ်ဖြစ်လာမည်ဟု မကြာခဏတွေးမိပါသည်။ ၂၀၁၄ ခုနှစ် အတွင်းနေထိုင်ရသည်မှာ၊ လျှို့ဝှက်သဲဖိုရုပ်ရှင်ကားကြည့်ရသည်နှယ်၊ စုံထောက်ဝတ္ထုတစ်ပုဒ် ဖတ်ရသည့် နှယ်ခံစားရပါသည်။
 
နံနက်အိပ်ရာမှ နိုးထလာတိုင်း မြန်မာပြည်ဇာတ်လမ်းရှုပ်သမျှ မည်သည့်သတင်းဆိုး၊ သတင်းဆန်းကြားရ မည်နည်းဟူသော တွေးက ဦးစွာခေါင်းထဲဝင်လာပါသည်။ တစ်ရက်ပြီး တစ်ရက် ထိုသို့ဖြတ်ကျော်လာစဉ်၊ ဓမ္မစေတီ ခေါင်းလောင်းကြီး ကို ဝိဇ္ဇာနည်းဖြင့် ဆယ်တော့မည်ဆိုသည့် သတင်းများပေါ်လာပါသည်။ထိုသတင်းကြားသည်နှင့် မြန်မာလူထုရိုးသားကြပုံကြောင့် အညာခံကြရတော့မည်ဟု ပြောမိပါသည်။ ကျွန်မ စကားကို နားထောင်နေသော ရေးဖော်ရေးဖက် စာရေးဆရာမက စိတ်ဆိုးပါသည်။ ယခုမှ ဆယ် မည် ပြောရုံရှိသေး၊ မျိုးချစ်စိတ်ဓာတ်ခေါင်းပါးစွာ ပေါ်တူဂီတို့ ဖျောက်ဖျက်သွားသော မြန်မာသမိုင်း အမွေအနှစ် တစ်ခုပြန်ရမည်ကို ပြောရက်ပါပေသည်ဟု စိတ်ဆိုးပါသည်။ သူကသာမန်စာရေးဆရာ မဟုတ်။ ဆရာဝန်စာရေး ဆရာတစ်ယောက်ဖြစ်ပါသည်။ထင်သည့်အတိုင်းပင်၊ ဓမ္မစေတီခေါင်းလောင်းဆယ်မည့် သတင်းများကို သတင်းစာ ဂျာနယ်များက အုတ်အော် သောင်းတင်းဖော်ပြကြပါသည်။ သတင်းစာတချို့၊ ဂျာနယ်တချို့က ခေါင်းလောင်းနှင့် ပတ်သက်၍ ချင့်ချိန်ယုံရန်ရေးသားကြပါသည်။ သို့သော် ရွှေမြန်မာတို့ကား နေ့စဉ် ခေါင်းလောင်းဆယ်ရာ နေရာသို့ အုံနှင့် ကျင်းနှင့် သွားရောက်ကြည့်ရှုအားပေးကြပါသည်။
 
ခေါင်းလောင်းသတင်းများကလည်း တစ်နေ့တစ်မျိုး မရိုးစေရ။ သတင်းစာ ဂျာနယ်မျက်နှာဖုံး သတင်းက ဓမ္မစေတီခေါင်းလောင်း အကြောင်းပင်။ ကျွန်မလည်း ဓမ္မစေတီခေါင်းလောင်း လံကျုတ်ဟု ဖွဘုတ် ( Face Book) တွင်ရေးပါသည်။ ဂျာနယ်တစ်စောင်တွင်လည်း ၄၃၆၊ ၅၉(စ) လမ်းလွှဲဟုရေးပါသည်။ တစ်ဖက်တွင်လည်း နေ့စဉ် ထုတ်သတင်းစာမျက်နှာဖုံးကို ဓမ္မစေတီခေါင်းလောင်း သတင်းက ကြီးစိုးထားပါသည်။
သတင်းစာတစ်စောင်ဆိုလျှင် ရန်ကုန်မြို့ပေါ်တစ်နေရာတည်း စောင်ရေ ရှစ်သောင်းကုန်သည်ထိ စောင်ရေတက်လာပါသည်။ နယ်မပါသေး။ မြန်မာတွေ၊ မွန်တွေ အရှိန်တက်နေစဉ် ဘာမျှပြောမရကြောင်းသိလာကာ၊ အရှိန်ကုန်မည့်နေ့ကို စောင့်ရပါသည်။ နောက်ဆုံး လိမ်ညာထားသမျှ ဘူးပေါ်သလိုပေါ်မှ အောင့်အည်းလာခဲ့ရသည့် စိတ်ကိုလျှော့ချလျက် အငြင်းပွားစရာ သမိုင်းပြဿနာများကို ရေးဖြစ်ခဲ့ပါသည်။
 
ဘိုးတော် မယ်တော်များကို မြန်မာတို့ယုံကြည်အားထားခြင်း အပေါ် သတိပေးစာရေးသားသည့် ဆရာတော်ဒေါက်တာ အရှင်ဓမ္မပီယ က မြန်မာတို့ယုံလွယ်ခြင်းကို “ မြန်မာတွေကိုက အညာခံချင်နေတာ’’ ဟု မှတ် ချက်ချသည်ကိုလည်း ပြန်သတိရပါသည်။
 
၂၀၁၅ တွင် ထိုးဇာတ်များထပ်လာဦးမည်ဟု ကျွန်မ ယုံကြည်နေခြင်းကြောင့် မြန်မာတွေကို နောက်ထပ်အလွယ်တကူ မယုံကြရန်၊ တွေးတော ချင့်ချိန်ကြရန် ရှေးသမိုင်းဆရာများ၊ မျက်မှောက်ခေတ် ပညာရှင်များ၊ သုတေသီများ၏ လေ့လာတွေ့ရှိချက်များကို ဆက်စပ်ရေးပြခြင်းသာဖြစ်ပါသည်။ကျွန်မရေးသားသော အချက်များသည် ပညာရှင်များ၏ တွေ့ရှိချက်များ၊ ရေးသားချက်များသာဖြစ်ပါသည်။ 
 
မျက်ဝါးထင်ထင်ကာလ၌ပင် မိုးလုံးပြည့်မုသာဝါဒ၊ လေလှိုင်းထဲမှလူသတ်သမား စသောစာအုပ်များ၏ အခန်းကဏ္ဍ မြန်မာသမိုင်းစာမျက်နှာပေါ်တွင် မရှိတော့ပါ။ ခေတ်စကားဖြင့် ပြောရလျှင် မြောင်းထဲရောက် သွားကြပါပြီ။
 
မှန်နန်းရာဇဝင်ကို ဘုရင်က ဖွဲ့ပေးသော ပညာရှင်အဖွဲ့က ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ဦးကုလား၏ မဟာရာဇဝင်တော်ကြီးကို သက္ကရာဇ် ၁၇၂၉ တွင်ရေးသားခဲ့ပြီး၊ မှန်နန်းကို ၁၈၂၉ ရောက်မှ ဘုရင့်အစီအမံဖြင့် သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်တွင် ပညာ ရှင်များက ရေးသားကြရခြင်း ဖြစ်ပါသည်။
 
 
နှစ်တစ်ရာအကြာမှ မူလရှိပြီးသား ရာဇဝင်ကို ဦးကုလားကဲ့သို့ မိမိဝါသနာအရ ရေးသားခြင်းမဟုတ်ဘဲ၊ မင်းမိန့်အရ ရေးသားရခြင်းအပေါ် ဆင်ခြင်တွေးတောစရာ များလှပါသည်။ ရိုးသားကြ၍ ယုံလွယ်သူများကို အပြစ်မတင်ပါ။ ကျွန်မတို့ ကိုယ် တိုင်ပင် ထူးဆန်းအံ့သြဖွယ်များကို စိတ်ဝင်စား ယုံလွယ်၍ အညာခံရခြင်း များကြုံဖူးပါသည်။
 
ဆရာကြီးဒေါက်တာသန်းထွန်း၊ ဆရာမကြီးဒေါ်ကြန် စသော သမိုင်းပညာရှင်များနှင့် ကံအားလျော်စွာ အနေနီးခဲ့ရ၊ ကြားနာမှတ်ယူခဲ့ရခြင်းကြောင့်သာ ရှေးရာဇဝင်များကို သတိဖြင့်ယုံကြည်သူ ဖြစ်လာခြင်းဖြစ်ပါသည်။ 
 
ကျွန်မတို့လူထု ရိုးသားကြပါသည်။ ရိုးသားသူများဖြစ်၍ ယုံလွယ်ကြပါသည်။ တစ်ဖက်တွင် အကွက်ချ ဇာတ်လမ်းဆင် အလိမ်အညာထွင်မည့်သူများက ပြည်သူရိုးသားလေ သူတို့လုပ်ကြံဖန်တီးရတာ လွယ်လေပင်။  ကျွန်မတို့သက်လုံကောင်းပါမှ မရှက်တမ်း မကြောက်တမ်း ဇာတ်လမ်းလိမ်ဆင်များကို ကျော်လွှားနိုင်ပါမည်။ ကျွန်မတတ်သိ၍ မဟုတ်ဘဲ၊ ဖတ်မှတ်နာယူထားသည်များကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
 
အငြင်းပွားစရာ သမိုင်းပြဿနာများရေးသားရာတွင် ကျွန်မကိုးကားရသော ဆရာကြီး ဆရာမကြီးများ၏ ကျေးဇူးကို အစဉ်သတိရ ဦးထိပ်ထားမိပါသည်။
 
မြန်မာတို့၏ရိုးသားခြင်းကို တန်ဖိုးထားပါသည်။ ရိုးသားမှုကို အသုံးချ၍ လိမ်ညာကောက် ကျစ်မည် သူများ၏ အန္တရာယ်ကို သတိထားနိုင်ရေး အကျိုးအကြောင်း ဆက်စပ်ဆင်ခြင်လျက် သက်လုံကောင်းကြ ပါစေသတည်း။
 
ခင်နှင်းဦး
 
Photo Credit: Myanmar Photo Archive