【 ဆောင်းပါး 】 ကုန်းတိုက်စကား သတိထား

【 ဆောင်းပါး 】 ကုန်းတိုက်စကား သတိထား

အကုသိုလ်ဆယ်ပါးတွင် ကာယကံသုံးပါး၊ မနောကံသုံးပါးရှိပြီး ဝစီကံအနေနှင့် လေးပါးရှိသည်။

မုသာဝါဒ - လိမ်ညာပြောသောစကား၊
ဖရုသဝါစာ - ကြမ်းတမ်းရိုင်းစိုင်းသောစကား၊
သမ္ဖပ္ပလာပဝါစာ - အကျိုးမဲ့ သိမ်ဖျင်းသော စကားနှင့်
ပိသုဏဝါစာ - တစ်ပါးသူတို့ အချစ်ပျက် အထင်လွဲအောင် ပြောသောစကားတို့ဖြစ်သည်။

အဆိုးဆုံးကတော့ ပိသုဏဝါစာမည်သော ကုန်းတိုက်စကားဖြစ်သည်။သူတစ်ပါး ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် အချင်းချင်းစိတ်ဝမ်းကွဲအောင် အချစ်ပျက်အောင် အဖွဲ့အစည်းတစ်ခု မညီညွတ်အောင် ပြောဆိုသော စကားမျိုးဖြစ်၍ အလွန်အောက်တန်းကျပေသည်။

မိတ်ဆွေနှစ်ယောက်ကြားမှာပြောလျှင် ထိုမိတ်ဆွေအချင်းချင်း အခင်မင်ပျက်မည်။သတ်ကြဖြတ်ကြသည်အထိဖြစ်ကာ အသက်တွေ၊ ဘဝတွေ ပျက်စီးနိုင်သည်။လင်မယားကြားမှာပြောလျှင် သူများအိမ်ထောင်ရေး ပျက်ပြား၍ မိသားစုအသိုက်အမြုံတစ်ခု ပျက်စီးသွားပေလိမ့်မည်။အလွန်ကြီးလေးသော အပြစ်ကို ကျူးလွန်နေခြင်းသာဖြစ်၏။

ငါးရာ့ငါးဆယ်လာ မဟာဗောရိပရိဗ္ဗာဇကဇာတ်တွင် ဘုရင့်အတိုင်ပင်ခံ အမတ်ငါးယောက်၏ ကုန်းတိုက်စကားကြောင့် ဘုရင့်ပညာရှိတစ်ဦးနှင့် မိဖုရားကြီး ဆုံးရှုံးသွားခဲ့ရသည်။

ကာသိတိုင်းမှ ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားကြီး၏ သား ဗောဓိသတို့သားသည် ဟိမဝန္တာသို့သွား၍ ပရိဗုဇ်ရဟန်းဝတ်နေသည်။အချိန်အတန်ကြာသော တစ်နေ့တွင် ဗောဓိပရိဗုဇ်သည် ဗာရာဏသီသို့ ပြန်လာသည်။ဘုရင်ကြီးက ပင့်ဆောင်ကာ နန်းဥယျာဉ်တွင် သစ်ရွက်မိုးကျောင်းဆောက်ပေး၍ သီတင်းသုံးစေသည်။

ဆွမ်းစားချိန်ရောက်လျှင် နန်းတော်သို့ကြွပြီး ဘုရင်ကြီး၏ ရာဇပလ္လင်ထက်မှာထိုင်ကာ မင်းကြီးကပ်လှူသည့် ဆွမ်းကိုစားသည်။ဤသို့ဖြင့် ဆယ့်နှစ်နှစ်ကျော်အချိန်ကို ဖြတ်သန်းလာခဲ့သည်။

ထိုအချိန်တွင် မင်းကြီး၏ အတိုင်ပင်ခံအမတ်ကြီးငါးဦးရှိသည်။သူတို့ငါးယောက်သည် ဘာသာအယူဝါဒချင်း မတူညီကြပေ။သူတို့ငါးယောက်သည် တရားစီရင်ရေးဌာနတွင် လာဘ်စားကာ အဂတိလိုက်စားခြင်းဖြင့် အကျိုးစီးပွားဖြစ်ထွန်းနေကြသည်။

တစ်နေ့တွင် နိုင်သင့်ပါလျက်နှင့် ရှုံးခဲ့ရသော အမှုတစ်ခုကို ဗောဓိပရိဗုဇ်က အမှန်အတိုင်းဖြစ်အောင် ဖြေရှင်းပေးလိုက်သည်။မင်းကြီးက ဗောဓိပရိဗုဇ်ကို များစွာသဘောကျသွားသည်။မင်းကြီးက ဗောဓိပရိဗုဇ်ကို တရားစီရင်ပေးပါရန် လျှောက်ထား တောင်းပန်လာသဖြင့် ဆွမ်းမစားမီ လေးမှု၊ ဆွမ်းစားပြီး လေးမှု စုစုပေါင်းတစ်နေ့လျှင် အမှုရှစ်မှု စီရင်ဖြစ်ခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ဘုရင့်အတိုင်ပင်ခံ အမတ်ငါးယောက်သည် ဗောဓိပရိဗုဇ်ကို လုံးဝမကျေနပ်ဘဲ အငြိုးထားကာ အကောက်ကြံဖို့ တိုင်ပင်ကြသည်။ထို့နောက် မင်းကြီးကို အယုံသွင်းကာ ဗောဓိပရိဗုဇ်သည် မင်းကြီးကို ပုခုံးချင်းယှဉ်သူဖြစ်ကြောင်း ပညာမာနနှင့် အကြံကြီးသူဖြစ်ကြောင်း ရာဇပလ္လင်ပေါ် ထိုင်ရသည့်အတွက် သာယာသွားပြီဖြစ်ကြောင်း ကုန်းတိုက်စကားများနှင့် မင်းကြီး မယုံ ယုံအောင် အားလုံးစုဝေးပြော၍ တစ်မျိုးတစ်ယောက်ချင်းခွဲ၍ တစ်မျိုးဆွဲဆောင်ကြလေသည်။

နောက်ဆုံးတွင် ဘုရင်ကြီးသည် အမတ်ကြီးများ၏စကားကို နားဝင်ကာ ဗောဓိပရိဗုဇ်ကို အထင်လွဲကာ လုံးဝမယုံကြည်တော့ပေ။ထို့ကြောင့် လာဘ်လာဘများ လျှော့ချလိုက်သည်။အရင်လို မျက်နှာသာ မပေးတော့ပေ။မနှင်ထုတ်သေးသော်လည်း သတ်ဖို့အထိ ကြံစည်နေလေသည်။

ဗောဓိပရိဗုဇ် ဆွမ်းစားဖို့ လာသောအခါ တံခါးအကွယ်မှစောင့်၍ သတ်ဖြတ်ပြီး ရေအိမ်တွင်းသို့ပစ်ချ အစဖျောက်ပစ်ရန် အမတ်ငါးယောက်ကို မင်းကြီးက အမိန့်ပေးလိုက်တော့သည်။

သူတို့တိုင်ပင်ပြောဆိုပြီး နောက်ဆုံး ဘုရင်ကြီးက အမိန့်ပေးလိုက်သည်အထိ စကားအားလုံးကို နန်းတော်တွင် မွေးထားသော ပိင်္ဂလခွေး ကြားသွားသည်။ဗောဓိပရိဗုဇ် လာသောအခါ ပိင်္ဂလခွေးက ပြင်းထန်စွာ ဟောင်ပါလေတော့သည်။ တကယ်တော့ ပိင်္ဂလခွေးဟောင်သံကို အဓိပ္ပါယ်ဖော်ပါက အမတ်ငါးယောက်သည် သန်လျက်ကိုင်ပြီး တံခါးအကွယ်မှာ စောင့်နေကြသည်။အရှင်ဘုရားမလာပါနှင့် အမြန် ပြန်သွားပါဟု အဓိပ္ပါယ်ရလေသည်။တိရိစ္ဆာန်တို့၏အသံကို အဓိပ္ပါယ်နားလည်သော ဗောဓိပရိဗုဇ်သည် နောက်ကြောင်းပြန်လှည့်ကာ ဥယျာဉ်တော်သို့ပြန်သည်။ထို့နောက် သူ့ပစ္စည်းများ သိမ်းဆည်းကာ ထွက်သွားပါတော့သည်။

အမတ်ငါးယောက်လည်း ယခင်ကကဲ့သို့ တရားစီရင်ရေးတွင် အမှုများကို လာဘ်စား၍ စီရင်ကြပြန်သည်။ဗောဓိပရိဗုဇ် ပြန်လာမှာ စိုးသောကြောင့် စိတ်မအေးနိုင်သေးပေ။ထို့ကြောင့် ဗောဓိပရိဗုဇ်ကို အထူးကြည်ညိုသော မိဖုရားကြီးကို ရှင်းပစ်ရန် ကြံပြန်သည်။ဗောဓိပရိဗုဇ်သည် မင်းကြီးကို လုပ်ကြံ၍ ထီးနန်းကိုသိမ်းပိုက်ရန် ကြံစည်နေသူဖြစ်ပြီး မိဖုရားကြီးကလည်း အလိုတူအလိုပါဖြစ်ကြောင်း ဗောဓိပရိဗုဇ်နှင့် မိဖုရားကြီး အဆက်အသွယ်ရှိနေသေးကြောင်းသည် အဆက်အသွယ်ကို ဖြတ်တောက်ပစ်မှသာ ဗောဓိပရိဗုဇ်၏ ရန်က အေးမည်ဖြစ်ကြောင်း လိမ်လည်ပြောဆိုကာ အကွက်ချကြပြန်သည်။

ဘုရင်ကြီးကလည်း သူတို့ကို လုံးဝယုံကြည်နေပြီဖြစ်သောကြောင့် သူတို့အလိမ်အညာ ကုန်းချောစကားတွေကို သံသယမရှိခဲ့ပေ။ထို့ကြောင့် မိဖုရားကို အပြစ်ရှာဖမ်းဆီးပြီး သေဒဏ်ပေးလိုက်လေသည်။ဘုရင်ကြီးနှင့် မိဖုရားကြီးတွင် သားလေးယောက်ရှိရာ သူတို့မယ်တော် သေဆုံးရသည့်အတွက် ဘုရင်ကြီးအပေါ် မကျေနပ်ကြသဖြင့် ဘုရင်ကြီးကို လုပ်ကြံရန် ကြံစည်ကြသည်။

နန်းတော်က သတင်းတွေကို ကြားရသောအခါ နယ်စွန်နယ်ဖျားရောက်နေသော ဗောဓိပရိဗုဇ်သည် ဗာရာဏသီသို့ ပြန်လာခဲ့ပြန်သည်။မင်းသားလေးပါးနှင့် အရင်တွေ့ပြီး မိဘကိုသတ်သည့်အတွက် ခံရမည့် အပြစ်များကို ဟောပြောကာ ဘုရင်ကြီးကို လုပ်ကြံမည့် အစီအစဉ်ကို တားလိုက်သည်။

ဗောဓိပရိဗုဇ် ဥယျာဉ်တော်အတွင်း ရောက်နေသည်ကို သတင်းကြားသော ဘုရင်ကြီးက ဥယျာဉ်တော်သို့ လိုက်လာသည်။ထိုအခါ သူ့သားတော်လေးယောက်ကို ဗောဓိပရိဗိုဇ်နှင့်အတူ တွေ့ရသဖြင့် မင်းကြီး အံ့သြသွားသည်။

ဗောဓိပရိဗုဇ်က သူသည် ဘုရင့်စည်းစိမ်ကို မက်မောမှုမရှိကြောင်း၊ အမတ်ငါးယောက်သည် သူတို့ မတရား လာဘ်စားရန်အတွက် သူ့ကိုအပြစ်ရှာကုန်းတိုက်ခြင်းဖြစ်ကြောင်း၊ သူလည်း မိဖုရားကြီးနှင့် လုံးဝအဆက်အသွယ်မရှိကြောင်း ဘုရင်ကြီးကို ရှင်းပြသည်။သားတော်များကလည်း သူတို့မိခင် မတရားအသတ်ခံရသည်ကို မကျေနပ်ကြောင်း ဘုရင်ကြီးကို လုပ်ကြံဖို့အထိ တိုင်ပင်ထားကြောင်း အမတ်ကြီးက တားထားလို့သာ သူတို့သည် ဘခင်ကို မသတ်ဖြစ်ခဲ့ကြောင်း ဝင်ပြောသည်။

သည်တော့မှ လိမ်လည်လှည့်ဖျားကာ မကောင်းမှုကျူးလွန်သော အမတ်များကို သတ်ပစ်ရန် အမိန့်ပေးသည်။သို့သော်လည်း ပရိဗုဇ်က ဖျောင်းဖျပေးလိုက်သဖြင့် အမတ်ကြီးငါးယောက်ကို ပြည်နှင်ဒဏ်သာ ပေးခဲ့သည်။

ဘုရင်ကြီးလည်း နောင်တရကာ သားတော်များနှင့်အတူ တိုင်းပြည်ကို တရားမျှတစွာအုပ်ချုပ်သည်။ပရိဗုဇ်လည်း သုံးရက်ခန့်နေပြီး ဟိမဝန္တာသို့ပြန်ကာ တရားအားထုတ်သည်။ဈာန်အဘိဉာဏ်များရပြီးနောက် သေလွန်ကာ ဗြဟ္မာပြည်သို့ရောက်သည်။

အမတ်များ၏ လိမ်လည်လုပ်ကြံထားသည့် စကားတစ်ခွန်းကြောင့် တိုင်းပြည်အတွက် ပညာရှိအမတ်တစ်ဦး ဆုံးရှုံးရသည်။အပြစ်မဲ့သော မိဖုရားကြီးလည်း သေဆုံးပြီး သားတော်လေးယောက်သည် မိခင်မဲ့ပြီး ဘခင်ကိုပင် ပြန်သတ်တော့မည်အထိ စိတ်ရိုင်းတွေဝင်ခဲ့ရသည်။

လူဆိုးအမတ်တွေက လိမ်လည်လှည့်ဖျား ကုန်းတိုက်စကားကိုပြောသည်။လူမိုက်ဘုရင်က ပြောသမျှကို မဆင်ခြင်ဘဲ အလွယ်တကူ ယုံကြည်လက်ခံသည်။စကားတစ်ခွန်းသည် ပြောသူအတွက်ရော နားထောင်သူအတွက်ပါ ပေါ့ပေါ့ပါးပါးနှင့် မဖြစ်စလောက်လို့ ထင်ရသော်လည်း တကယ့်လက်တွေ့မှာတော့ အမြဲတမ်းပေါ့ပေါ့ပါးပါးရှိမနေပါ။

စကားတစ်ခွန်းကြောင့် လူအချင်းချင်း မုန်းတီးသွားနိုင်သလို ချစ်ခင်လာနိုင်သည်။စကားတစ်ခွန်းကြောင့် လောဘ၊ ဒေါသ၊ မောဟ အကုသိုလ်တွေနှင့် အပယ်လားနိုင်သကဲ့သို့ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားတွေ ပွားများပြီး သံသရာဆင်းရဲမှပင် လွတ်စေနိုင်ပါသည်။

ပြောသူက ပညာသတိနှင့် ဆင်ခြင်ပြောသင့်သကဲ့သို နားထောင်သူကလည်း ပညာသတိနှင့် ဆင်ခြင်နားထောင်သင့်သည်။မိမိကြားရသည့်စကား ဖြစ်နိုင်၊ မဖြစ်နိုင် အမှန်စကားလား၊ အမှားစကားလား အသေအချာ ဝေဖန်ချင့်ချိန်ပြီးမှ ယုံသင့်၊ မယုံသင့် ဆုံးဖြတ်သင့်ပေသည်။

ကုန်းတိုက်စကားတစ်ခွန်းသည် လူနှစ်ယောက်၏ ခင်မင်ယုံကြည်မှုကို ပျက်သွားစေနိုင်သည်။ကုန်းတိုက်စကားတစ်ခွန်းသည် လူတွေ၏ဘဝများကို ပျက်စီးစေသည်။အသက်တွေ သေစေနိုင်သည်။မိသားစုတွေ အဖွဲ့အစည်းတွေ ထိန်းမရအောင် ပြဿနာဖြစ်ကာ ပြိုကွဲပျက်စီးစေနိုင်ပါသည်။ယုတ်စွအဆုံး တိုင်းပြည်ပါပျက်နိုင်ပါသည်။

ထို့ကြောင့် သူများစိတ်ဝမ်းကွဲစေသော ကုန်းတိုက်စကားကို လုံးဝမပြောသင့်ပါ။နားထောင်သူကလည်း ပြောစကားတိုင်းကို အလွယ်တကူ မယုံကြည်သင့်ပါ။

ရိုက်မောင်း
Photo Credit - The Citizen