【 ဆောင်းပါး 】 ကြောက်လှပေါ့ ဗီအိုင်ပီ

【 ဆောင်းပါး 】 ကြောက်လှပေါ့ ဗီအိုင်ပီ

အောင်မင်္ဂလာအဝေးပြေးကိုရောက်တော့ အမှောင်ပျိုးစ လျှပ်စစ်မီးတွေ ဖြာကျနေပြီမို့ လှနေသလို ခံစားမိတယ်။တက္ကစီယာဉ်တွေ တစ်စီးပြီး တစ်စီး ထိုးဆိုက်လာ။ကားပေါ်က ဆင်းလာသမျှ ဝတ်ကောင်းစားလှတွေ တက်ကြွနေတဲ့ ရုပ်သွင်တွေနဲ့။ပြီးတော့ သက်ကြီးအရွယ် ၆၀ ဝန်းကျင်တွေကလွဲလို့ ပျိုပျိုအိုအို ကျားကျားမမ  ဘောင်းဘီတွေ၊ ဂါဝန်တွေ၊ စကတ်တွေ ဆိုတာချည်းနဲ့။

မန္တလေး၊ ပုဂံ ကားဂိတ်တွေက အဝေးပြေးဝန်းရဲ့ ဟိုး .. အတွင်းထဲမှာမို့ လိုင်းကားနဲ့လာတဲ့လူဆို အထဲကို တော်တော်လမ်းလျှောက်ဝင်ရ၊ ပစ္စည်းတွေ တနင့်တပိုးသယ်လာသူဆို မစားသာ။ကားတွေကပိတ်၊ လိုင်းကားဆို ၂ဆင့်၊၃ ဆင့်လောက် စီးရမယ့် အနေအထားမို့ ကျနော်တို့မိသားစုကတော့ တက္ကစီကို ၈၀၀၀ လောက်ပေးပြီး စီးလိုက်တယ်။ပြီးတော့ ကျနော်က ခရီးသွားပြီဆို သက်သောင့်သက်သာ သွားချင်လာချင်သူမို့ အောင်မင်္ဂလာဆို တက္ကစီလေးနဲ့မှ လာချင်တာလည်း ပါတာပေါ့။

တက္ကစီ စီးတာတောင် လမ်းတွေက မပြီးနိုင်မဆီးနိုင် ပိတ်လေ့ရှိတာမို့ တက္ကစီဆရာအများစုက အောင်မင်္ဂလာဆို မင်္ဂလာဒုံ ခရေပွဲလမ်းခွဲကနေ ပတ်လာလေ့ရှိတယ်။ကျနော်တို့ တက္ကစီဆရာက ရန်ကုန်လမ်းတွေပေါ် ကျေညက်နေသူမို့ ကားမပိတ်နိုင်မယ့် အတွင်းလမ်းတွေကနေ ကွေ့ပတ်ကာ စော်ဘွားကြီးကုန်းအထိ အရောက်နှင်၊ ပြီးတော့မှ ကားလမ်းမကြီးအတိုင်း ခရေပင်လမ်းခွဲကနေ အောင်မင်္ဂလာ။

ကိုယ်တွေက ပုဂံကို အလည်ခရီးထွက်မှာမို့ မိသားစု ၃ ယောက်ထည့် အိတ်ကြီးတစ်လုံး၊ တိုလီမုတ်စ ထည့်စရာ ကျောပိတ်အိတ်တစ်လုံး၊ မိန်းမဆလင်းဘတ်တစ်လုံးနဲ့ ညစာအတွက် ထမင်းနဲ့ဟင်း သုံး၊ လေးဗူးသာပါကာ ပေါ့ပေါ့ပါးပါး။ ၂၀၁၇ ခုနှစ်ရဲ့ နွေတစ်ညဟာ လှလို့။

ကားက ၈ နာရီခွဲလောက်မှ ထွက်မှာ။အချိန်က ၂ နာရီလောက် ပိုနေသေးသလို ကားဂိတ်မှာ ထိုင်ရပြုရ ကျပ်ကျပ်တည်းတည်းမို့ စားသောက်ဆိုင်တစ်ဆိုင်ဆီ အရင်ရွှေ့ထိုင်လိုက်တယ်။ဆိုင်က စားသောက်ဆိုင်ဆိုပေမယ့် လက်ဖက်ရည်၊ကော်ဖီလည်းရ၊ အရက်နဲ့ ပုလင်းဘီယာတွေလည်းရ၊တရုတ်အစားအစာတွေလည်းရ။ ကားဂိတ်တွေ သင်္ဘောဆိပ်တွေ၊ရထားဘူတာရုံတွေနားက စားသောက်စရာတွေက ဈေးကြီးပြီး အရသာမကောင်းတဲ့နေရာမှာ နာမည်ကျော်မို့ စိတ်ချလက်ချ လက်ရာမှန် ကော်ဖီမစ်ပလိန်းကိုသာမှာ၊ သားတော်မောင်ကလည်း အချိုရည်သံဗူးသာမှာတာမို့ အိုကေ။မိန်းမကတော့ ရေနွေးကြမ်းကိုသာသောက်။နံဘေးဝိုင်းတွေကတော့ တရုတ်စာ ထမင်းကြော်၊ ခေါက်ဆွဲကြော် မှာစားတဲ့ဝိုင်းနဲ့ ဘီယာထဲ အရက်နည်းနည်းလောင်းထည့်ကာ ခပ်ပြင်းပြင်း ပေါက်စီသောက်နေသူတွေနဲ့။ကျနော်ကတော့ ကားပေါ် ခရီးသွားချင်း အားနာတာကြောင့်ရော ကားပေါ်ရောက်ပြီးမှ အပေါ့သွားချင်ရင် ခက်မှာကြောင့်ပါ အရက်၊ ဘီယာ မသောက်။

အတန်ကြာပြီးနောက် ဗိုက်ဆာကြပြီဆိုတာနဲ့ ဖော့ဗူးကိုဖွင့်လိုက်တော့ မွှေးမွှေးမြမြ ငါးပတ်မွှေနဲ့ ကြက်ကြော်အတုံးလေးများ။သယ်ရပြုရ ဆီအဖိတ်အစင်မရှိရလေအောင် ခပ်ခြောက်ခြောက်ကြော်ထားတဲ့ ငါးပတ်မွှေ။ခြောက်နေအောင် ကြော်ထားတာကြောင့် အနံ့ဟာ ပိုမွှေးရုံတင်မက အရသာကလည်း ထိပ်တန်း။ဘဝမှာ အခုလောက်ကောင်းတဲ့ ငါးပတ်မွှေ တစ်ခါမှ မစားဖူးတဲ့အထိ ညွှန်းရလောက်အောင် ကောင်းပါ့။ကြက်သားကိုလည်း တစ်လုတ်စားရ အဆင်တပြေ အတုံးငယ်တွေအဖြစ် ခပ်ခြောက်ခြောက်ကြော်ထားတာမို့ စားရပြုရ အိုကေပေါ့။ထမင်းဝိုင်းက ကြည့်လိုက်ရင် အရည်မပါ ခြောက်ခြောက်ကပ်ကပ်ပေမယ့် ၃ယောက်စလုံးအတွက် တကယ့်ကို စားလို့ကောင်းတဲ့ ခေါင်းမဖော်နိုင်တဲ့ မိသားစုညစာတစ်နပ်မို့ ခုထိ မှတ်မှတ်ရရ။

စားပြီး မကြာ ကားပေါ်တက်လို့ရပြီဆိုတာနဲ့ ဗီအိုင်ပီဆိုတဲ့ကား သေချာပေါက် အဲကွန်းအေးမှာမို့ အနွေးထည်တွေကိုထုတ်ကာ လက်ထဲကိုင်ထားလိုက်တယ်။ကားပေါ်တက်လိုက်တာနဲ့ ကားက စီးချင်စရာ ဈေးကြီးပေးထားတဲ့ ဗီအိုင်ပီကား ပီသစွာ သန့်သန့်ပြန့်ပြန့်။

ထိုင်ခုံတွေက ၂ ခုံတွဲနဲ့ တစ်ယောက်ထိုင်ခုံ တစ်တန်းကို ၃ ခုံကျမို့ ချောင်ချောင်ချိချိ။ခြေထောက်ကိုလည်း စိတ်ကြိုက်ဆန့်နိုင်သလို ထိုင်ခုံကို စိတ်ကြိုက်နောက်လှန်လို့ရတာမို့ ဗီအိုင်ပီ ပီသစွာ။သားနဲ့မယားက နှစ်ယောက်တွဲ။လူသွားလမ်းခြားပြီးနောက် ကျနော်က တစ်ကိုယ်တော် ၃ ယောက် တစ်တန်းတည်း။တစ်ကားလုံးကို ခပ်ဝေ့ဝေ့ကြည့်လိုက်တော့ ထိုင်ခုံနေရာလွတ်မကျန် ခရီးသည်အပြည့်။နိုင်ငံခြားသားတွေတောင် ၁၀ ယောက်လောက် ပါလာတာ တွေ့ရတယ်။

သတ်မှတ်အချိန်အတိုင်း ကားထွက်တဲ့အတွက် ဈေးကြီးတဲ့ ဗီအိုင်ပီကား စီးရတာ ထိုက်တန်တယ်လို့ အမှတ်ပေးမိတယ်။ကားက ပုလဲမြို့သစ်လမ်းအတိုင်းကနေ  ထောက်ကြန့်၊ ပြီးတော့ အမြန်လမ်းမပေါ်။ပုလဲမြို့သစ်ဆိုတာက အရင့်အရင် သက္ကရာဇ် ၂၀၀၀ လောက်တုန်းက ကျင်လည်ခဲ့ဖူးတာမို့ မီးရောင်ထိန်ထိန်အောက်က ပုလဲမြို့သစ်ကို ငေးရတာ အရသာရှိပါ့။တစ်ချိန်က မပျော်ရွှင်ခဲ့သော အင်ဂျင်နီယာဘဝ၊ ကိုယ့်ဖြတ်သန်းခဲ့ဖူးတဲ့ စက်ရုံထိပ်အရောက် လှမ်းငေးကြည့်မိတော့ အရင်တုန်းကအတိုင်း ဘာမှမပြောင်းလဲသလိုမျိုး။

တိုက်ဂါးဘီယာစက်ရုံကို ကျော်ပြီးနောက် အရင်အတိုင်း စက်ရုံတွေ ခပ်ပါးပါး နည်းနည်းမှောင်မှောင်။ အဲဒါတွေကျော်လာပြီးနောက် ထောက်ကြန့်ကနေ နာမည်ကျော် အမြန်လမ်းပေါ်အတက် စိတ်က ညကားတွေ အမြန်လမ်းပေါ်မှောက်တဲ့ သတင်းတွေဆီ ရောက်သွားတယ်။

ဒါပေမဲ့ ၊ကိုယ်တွေကားက ဗီအိုင်ပီ။အမြန်လမ်းပေါ်တက်လာပေမယ့် ဗီအိုင်ပီ ပီသစွာ၊ လူကြီးလူကောင်းဆန်စွာ ပုံမှန်ထက်မမြန်ဘဲ မောင်းနေလေတော့ ဈေးကြီးတဲ့ ဗီအိုင်ပီ စီးရတာ ထိုက်တန်တယ်လို့ ကျေနပ်မိကာ ထိုင်ခုံကို နည်းနည်းလှဲချ၊စာအုပ်ကို ကောက်လှန်လိုက်တယ်။

စိတ်ချလက်ချနဲ့ စာအုပ်ထဲ စိတ်နှစ်လိုက်တာ အလွန်ဆုံးကြာလှ ၁၅ မိနစ်၊ မိနစ် ၂၀။ကားဒရိုင်ဘာနေရာကနေ တဂီးဂီး အော်သံကြားလို့ ယာဉ်နောက်လိုက်ကို မေးကြည့်တော့ ကား speed တင်လိုက်လို့ပါတဲ့။ဘာမှမထူးဆန်းတဲ့ လေသံနဲ့ ယာဉ်နောက်လိုက်က ပြောလိုက်ပေမယ့် ကိုယ်မှာက ဖြုံသွားရတယ်။တဂီးဂီးအော်သံက သတ်မှတ်ကီလိုထက် ပိုမောင်းလို့ ပိုမမောင်းဖို့ သတိပေးနေတဲ့အသံ။နိုင်ငံခြားသားတွေ ပါလာပေမယ့် တစ်ခုခုဖြစ် ဘယ့်နှယ်လုပ်မလဲ မတွေး။

‘ဘယ်လိုလဲ၊ ရှင်ပြောတော့ ဗီအိုင်ပီဆိုတာ ပုံမှန်နှုန်းထက် ပိုမမောင်းဘူးဆို’ လို့ မိန်းမက လှမ်းကစ်တော့ ကျနော့်မှာ ဘာမှမပြောသာ။အိပ်နေတဲ့ခရီးသည်တွေတောင် တောက်လျှောက်မြည်နေတဲ့ တဂီးဂီးအသံကြောင့် နိုးလာပြီး ပြန်အိပ်မရ စိတ်မသက်မသာဖြစ်ရပေမယ့် ဒရိုင်ဘာကတော့ ထင်ရာလုပ်မပျက်။

မနေနိုင်သူ လူကြီးတစ်ဦးက သတ်မှတ်အရှိန်ထက် ပိုမမောင်းဖို့ ယာဉ်နောက်လိုက်ကိုခေါ် သတိပေးတော့ တဂီးဂီးအော်သံ ၁၀ မိနစ်လောက် ငြိမ်သွားပြီးနောက် ပြန်မြည်လာ။ဒရိုင်ဘာရဲ့ တုံ့ပြန်ပုံက မစီးရဲရင် ဆင်းသွားဆိုတဲ့ အပေါက်မျိုးမို့ မြန်မာ့ခရီးသည်တင်ယာဉ်တွေရဲ့ ကျပ်မပြည့်သေးပုံကို အံ့အားသင့်ရ။

ဘယ်တတ်နိုင်မှာလဲ။တကယ့်ကို ကြောက်ကြောက်ရွံ့ရွံ့နဲ့ စီးရ။စာဖတ်လို့လည်းမရ၊ ပတ်ဝန်းကျင် အပြင်ကိုလှမ်းငေးတော့လည်း အမှောင်မို့ မျက်လုံးကို နာနာမှိတ်လိုက်ရ။နည်းနည်းကြာလာတော့ အိပ်ချင်လာတာတောင် အထိတလန့်စိတ်ကြောင့် အိပ်မရ။

လမ်းမှာ ခဏနား ဘာလေးညာလေးစားတော့လည်း ဘယ်စိတ်ချမ်းသာပါ့မလဲ။ကားပေါ်ပြန်တက်၊ ရအောင်အိပ်ကြည့်တော့ ခဏတဖြုတ် အိပ်ပျော်လိုက် ပြန်နိုးလိုက်နဲ့ စိတ်တွေယောက်ယက်ခတ် သန်းခေါင်မှာ ဗြောင်းဆန်လို့။တော်တော်ကြာပြီးမှသာ အမြန်လမ်းကနေ ခွဲထွက်လာပြီဆိုလား၊ လီဗာကုန်မနင်းဖို့ သတိပေးသံကိုလည်း မကြားရတော့မှသာ  စိတ်ချလက်ချအိပ်ပျော်၊ အဲဒီဗီအိုင်ပီကား ကျနော်ကြောက်လှပေါ့။

ငြိမ်းဆက်