【 ဆောင်းပါး 】 တစ်ခါကနွေရာသီ

【 ဆောင်းပါး 】 တစ်ခါကနွေရာသီ

နွေရာသီ၊ နွေရာသီဆို တကယ်ကိုလွမ်းသည်။ကျနော့်ဇာတိက မြေလတ်ဒေသ မြင်းခြံကဖြစ်သည်။ဒီအချိန်ဆို တမာတွေထက် မန်ကျည်းရိပ်တွေကို ပိုသတိရသည်။မြင်းခြံတွင် ဒီလိုရာသီဆို အပူငွေ့နှင့် လေထုကအစ နွေးနေသည်။သို့သော် ဘယ်ကြည့်ကြည့် အပင်ကြီးများက စိမ်းစိုနေသည်။ထိုသည်က မြင်းခြံ၏ သရုပ်သကန်ဖြစ်သည်။ထန်းပင်များက အညာဒေသ၏ သင်္ကေတဆိုပါက မန်ကျည်းပင်မှာ မြေလတ်ဒေသ၏ သင်္ကေတဟု သတ်မှတ်ရမည်ဖြစ်သည်။

မိတ္ထီလာ၊ မလှိုင်၊ တောင်သာ ကျော်လာပြီးနောက် ဇာတိဖြစ်သည့် မြင်းခြံကိုရောက်သည်။ငယ်စဉ်ကတော့ ကိုယ့်ရပ်ကိုယ့်ရွာ ပူမှန်းလည်းမသိ။ဘယ်လောက်ခေါင်မှန်းလည်းမသိ။ဒီလိုနွေရာသီဆို အနီးတစ်ဝိုက်က ဂေဇက်ဝင်ဘုရားပွဲတွေ၊  အလှူအတန်းနှင့် ရှင်ပြုပွဲတွေမှာ အပြိုင်အဆိုင် ပွဲတွေသွင်းကြတာကိုသာ ကျနော်တို့က စိတ်ဝင်စားသည်။ငွေရရာရကြောင်း အလေ့ကျပေါက်နေသည့် ဇီးသီးကောက်မလဲ၊ ဘယ်မှာ မန်ကျည်းသီးဖွပ်ကြမလဲဆိုတာ စိတ်ဝင်စားကြသလို ကြွက်ထောင်၊ ကြောင်ချောင်းသည့် အလုပ်မျိုးကိုလည်း ကျနော်တို့လူငယ်တွေက စိတ်ဝင်စားကြသည်။ဟိုးရှမ်းပြည်ဘက် လက်ဖက်ခူးသူတွေ၊ တရုတ်ဘက်ကူးပြီး အလုပ်လုပ်သူတွေ၊ တစ်မြို့တစ်ရွာမှာ သွားရောက်အခြေချကာ နေထိုင်နေသူတွေ ဒီအချိန်ဆို ဇာတိကိုပြန်လာကြပြီ။

မြေလတ်ဒေသ အညာရှုခင်းက တခြားနှင့်မတူ၊ ပူပြင်းခြောက်သွေ့သော သဘာဝနှင့် အပူလှိုင်းများကြောင့် တစ်ခါတလေ အပူချိန် ၄၅ ဒီဂရီကျော်သည့် နှစ်များလည်းရှိသည်။အောက်ခံမြေတွေ ရေနံကြောများရှိခြင်းကြောင့် လေထုကိုက ပူနွေးနေကာ နေနေကြသူများအဖို့ မသိသာသော်လည်း ရှမ်းပြည်နယ်ကနေ ပြန်လာသူတွေ၊ အောက်ပြည်အောက်ရွာကနေ ပြန်လာသူများအဖို့ မြေလတ်ဒေသ၏ ဇာတိနွေရာသီမှာ ရောက်ခါစ တစ်ပတ်လောက် အသားမကျပြန်ဖြစ်တတ်သည်။

မြေလတ်ဒေသတွင် အညာနှင့် မတူသည်မှာ ရေသိပ်မရှားခြင်းဖြစ်သည်။သို့သော် ဧရာ၀တီမြစ်နှင့် ဝေးသည့်ဘက်များတွင်တော့ ကြက်မောက်တောင်ဆည်ကနေလာတဲ့ ရေရှိသည်။သို့သော် ယခုတော့ ရသေးလား မရသေးလား မသိ။နောက်ပိုင်းတော့ ဆီမီးခုံဆိုသော ရေတင်စီမံကိန်းတွေရှိသည်။ဒီကနေ ရေရလို့ စိုက်ရတာတွေရှိသည်။ထိုအချိန်မှာ ကျနော် မြေလတ်ဒေသမှာ မရှိတော့။နောက်ပိုင်းသတင်းများတွင် ပြောင်းပြာရေလှောင်တမံ၊ စွန်းလွန်းရေလှောင်တမံ၊ တောင်ပင်လယ်ရေလှောင်တမံ၊ မြောက်ပင်လယ်ရေလှောင်တမံတွေ ကြားရသည်။

စွန်းလွန်းဆည်ဆိုတော့ စွန်းလွန်းဆရာတော်ကျောင်းကို သတိရမိသည်။စွန်းလွန်းဆရာတော် ရုပ်ကလာပ်က ယခုဆို နှစ်ပေါင်း ၆၀ ကျော်နေပြီ။ဒီလိုထင်ရှားသည့် ရဟန္တာများလည်းပေါ်ထွက်ရာ မြေတွင် နေခဲ့ရသည့် ကျနော့်အဖို့ နွေရာသီဆိုသည်နှင့် ဇာတိဒေသသို့သာ ပြန်ဖို့ပြင်သည်။ဒေသခံများ ဇာတိသို့ပြန်ကြသည့်အခါ နှစ်ခုရှိသည်။တစ်ခုက ယခုလိုနွေရာသီဖြစ်သည်။တစ်ခုက တော်သလင်းလဆန်း (၄) ရက်နေ့မှ တော်သလင်းလကွယ်နေ့အထိ တစ်လတိုင်အောင် ရှေးအစဉ်အလာအတိုင်း မပြတ်ကျင်းပလေ့ရှိသည့်  မြင်းခြံမြို့နယ်လုံးဆိုင်ရာ သုံးဆူသော ဗုဒ္ဓရုပ်ပွားတော် (ဖောင်တော်ဦး၊ ရှင်ပင်ရေပေါ်၊ ဆုတောင်းပြည့်) ဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်သည်။

ကျနော်တို့ကတော့ တောဘက်ဖြစ်သဖြင့် နွေရာသီကို ပိုနှစ်ခြိုက်သည်။ဒီအချိန်ဆို အတန်းကျောင်း စာမေးပွဲတွေ ဖြေပြီ။ဘယ်သူငယ်ချင်းက ဒီနှစ်နွေမှာ ရှင်ပြုဖို့ရှိသည်ကို ကြိုပြောသည်။ဘယ်သူ့ရွာကတော့ ဒီနှစ်မှာ ရွာလုံးကျွတ် ရှင်ပြုရဟန်းခံတာတွေရှိသည်ကို ပြောသည်။တစ်ခါတရံ နွေရာသီ ကန်တူးတာတွေရှိသည့် ရွာကို ညအိပ်ညနေလိုက်ကြဖို့ ကျနော်တို့တိုင်ပင်ကြသည်။သဲမြေပေါကာ မြစ်ကမ်းပါးစောက်အောက်မှာ လှည်းလမ်းရှိတတ်သည့် ဒေသမို့ ညနေဆို မြစ်ရေချိုးကျ၊ နွေရာသီ သောင်ခုံတွေပေါ်ချိန်မှာ မြစ်လယ်ထိသွားချင်သူတွေ သွားကြနှင့် နွေရာသီကာလမှာ ကလေးဘ၀က စိတ်ပျော်မြူးဖွယ်အတိဖြစ်သည်။

ကျနော်တို့ ငယ်ငယ်ကသင်ရသည့် ဝန်ကြီးပဒေသရာဇာ၏  နွေဦးကာလမြူထသောအခါဆိုသည့်  ကဗျာမှာ ကျနော်တို့အရပ်နှင့် ကွက်တိကျသည်။ထိုကဗျာတွင် ...

          နွေဦးကာလ မြူထသောခါ၊
          ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊
          ဓားနှီးထက်စွာ ခါးမှာချပ်လျက်၊
          ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်၊
          ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။
          ထန်းပင်ထန်းလက် ထန်းရွက်ကယ်ဝေဝေ၊
          စင်အောင်ခုတ်ထစ် နုမျစ်ကယ်ထန်းဦးရေ၊
          မယားငယ်ဆွေ ထန်းရေသိမ်းဆည်း၊
          သားမြေးဟစ်ကြော် ခွေးဝက်ကယ်ခေါ်၊
          ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။
          ခေါ်သံရိုက်ဟည်း လူလည်းကြော်ငြာ၊
          ခွေးဟစ်လူဟစ် ခတ်ပစ်ကယ်ခြောက်သောခါ၊
          ပုတက်ယုန်ခါ တောမှာရှိကြ၊
          ငုံးကြက်ကယ်ဖွတ်မြွေ ဝံပုလွေ၊
          မနေထွက်လာကြသည်တည့်လေး။
          ဝမ်းသာအားရ မယားကတစ်သွယ်၊
          ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်၊
          လင်ကတစ်သွယ် ယုန်ငယ်ကစ၊
          တောသတ္တဝါ တွေ့တိုင်းကိုသာ၊
          အိတ်မှာသာယူ၍ချသည်နှင့်လေး။
          သို့နှင့်ရောက်က ခဏအောင့်လျှင်၊
          တံစို့ထက်နှင့် ထန်းလျက်ဖိုမှာကင်၊
          ဟင်းအိုးဆူလျှင် အကင်ခပ်ပြီး၊
          အိုးကင်းနှင့်လှော် ရေနှင့်ကြော်၊
          မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။
          နှီးဒေါင်းလန်းကြီး ခူးပြီးသောခါ၊
          သမီးနှင့်သား များလို့မဝင်သာ၊
          ဒူးတစ်ဖက်ဟာ တွန်းကာဖယ်လျက်၊
          သူ့ထက်ငါလေ စားတော့မည်စေ၊
          စပေသာလှအုန်းခွက်ကယ်နှင့်လေး။
          ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်။
          ပြီးလျှင် ရေမရှာ ခွေးသာကျွေးတော့သည် ဟု ရေးထားသည်။

ဟိုယခင်က ရေများရှားလို့ ခွက်မရှာဘဲ ခွေးတွေကို ကျွေးလေလားဟု ယခင်ကတည်းက တွေးမိသည်။ဘာကြောင့်ဆို နွေရာသီရောက်လျှင် ရေစည်လှည်းဖြင့် မြစ်ရေကို တိုက်ရသလို ရွာထဲလည်း ရေစည်လှည်းဖြင့် တိုက်ရောင်းသူထံကနေ ဝယ်ရသည်။မြစ်လယ်က  မြေနုကျွန်းပေါ် နေရာရသူအဖို့ကတော့ မြစ်ရေနှင့် ဖောဖောသီသီ။ဆည်ရေနီးသူကလည်း ရေဖောဖောသီသီ။ရေနှင့်ဝေးသည့် အတွင်းဘက်ကျသည့် ရွာတွေဘက်မှာတော့ ဇီးချုံ၊ ထန်းတောနှင့် နှမ်းစိုက်ထားသည့်ကြား တောကောင်တွေရှာကျနှင့်။ကျနော်တို့ ငယ်တုန်းကတော့ ပဒတ်လေးတွေ ရသေးသည်။အခုတော့ ရရော ရသေးလားမသိ။

ယခုနေများတော့ မြေလတ်ဒေသလည်း မတည်မငြိမ်မို့ မပြန်နိုင်တော့။ဒီအချိန်ဆို မြို့ပေါ်က ဆရာတော်ရုပ်ကလာပ်ရှိရာ စွန်းလွန်းကျောင်းဝန်းတွင် ဘုရားဖူးကားတွေ ဝင်ချီထွက်ချီဖြင့် စည်ကားနေရမည့်အချိန်ဖြစ်သည်။မြင်းခြံကနေ ပုဂံမြို့ဟောင်းဘက်သွားမလား၊ ပုပ္ပားပဲတက်မလား။လမ်းတလျှောက် အပူငွေ့ရိပ်ရိပ်ထကာ ဘယ်နေရာကြည့်ကြည့် အထီးကျန်ရခြင်း ထီးတည်းကျန်ရခြင်း၏ သရုပ်သကန်ကို မြင်ရသည်။

မြေလတ်ဒေသ၏ နွေရာသီမှာ အပူငွေ့ရှိသော်လည်း ပုရစ်ဖူးတွေနှင့်ဟုဆိုရမလို မန်ကျည်းပင်ကြီးများအောက် အေးအေးလူလူ ဆော့ကစားကြခဲ့ရသည့် အချိန်အခါတွေကို သတိရမိသည်။ဆိတ်အုပ် နွားအုပ်တွေကို လိုက်မောင်းရင်း နေ့လယ်အဆာပြေ ဇီးသီးဆွတ်စားခဲ့ရသည်ကိုလည်း လွမ်းဆွတ်မိသည်။မြစ်ထဲ ရေဆင်းကူးကြသည်ကလည်း ပြန်စဉ်းစားကြည့်သည့်အခါ လွမ်းစရာ။ဒီဘက်ကမ်းကနေ ချင်းတွင်းဘက်က မော်တော်တွေ စုန်ဆင်းလာသည်အခါ သောင်ပြင်မှာရပ်ထားရင်း ဖွင့်ကြသည့် ဓာတ်စက်သီချင်းတွေကိုလည်း လွမ်းမိသည်။

ယခုတော့ နွေရာသီသည့် အထက်အညာအောက်မရွေး ပူလောင်နေပြီဖြစ်သည်။

ဖြိုးဝေလှ