【 ဆောင်းပါး 】 တစ်ခါက ပြည်ထောင်စုနေ့

【 ဆောင်းပါး 】 တစ်ခါက ပြည်ထောင်စုနေ့

ငယ်ငယ်တုန်းက ပြည်ထောင်စုနေ့ နီးပြီဆို ကျနော်တို့ ပျော်ကြသည်။အဘယ်ကြောင့်ဆိုသော် ပြည် ထောင်စုနေ့ မရောက်ခင်ကပင် နိုင်ငံတော်အလံကြိုဖို့ လှုပ်လှုပ်ရွရွဖြစ်နေကြသလို ယခု အားကာသိပ္ပံကွင်းဖြစ်နေသည့် ကျိုက္ကဆံကွင်းတွင် ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပရန် ပြင်ဆင်နေကြပြီ။
 
အဖေက အစိုးရဝန်ထမ်းဖြစ်သဖြင့် ညနေရုံးဆင်းချိန်ဆို ကျနော်တို့ ကလေးတွေကို ရေမိုးချိုးခိုင်းထားပြီး သုံးဘီးကားငှားကာ ပြည်ထောင်စုနေ့ ပြပွဲခန်းတွေကို ညနေဘက်လိုက်ပြသည်။ကျယ်ပြန့်လှသည့် ကျိုက္ကဆံကွင်းမှာ ထိုအချိန်တွင် ကျဉ်းသည်ဟု ထင်ရလောက်အောင် လူတွေများလှသည်။အဖေက ညီမလေးကိုချီကာ ကျနော့်လက်ကို အမေက မြဲမြဲစွဲထားသည်။ပြခန်းတွေ တစ်ခန်းဝင်တစ်ခန်းထွက်ကြည့်ရတာ၊ ဖုန်တွေကြားက တို့ဖူးသုပ်စားရတာတွေက ယနေ့တိုင် မမေ့နိုင်ဖြစ်သည်။နှစ်စဉ် ပြည်ထောင်စုနေ့ရောက်တိုင်း တစ်ရက်မဟုတ်တစ်ရက်တော့ အဖေက လိုက်ပို့ပေးသည်။  
 
ပြည်ထောင်စုနေ့ဆိုသည်မှာ ကျနော်တို့ ငယ်စဉ်ကတော့ တစ်ခုတ်တစ်ရ ဆင်နွှဲရသည့် ပျော်ရသည့် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်သည်။ကျောင်းက ပြည်ထောင်စုနေ့ နီးလာပြီဆို အလံကြိုဖို့ လူရွေးသည်။ထိုလူထဲတွင် အရပ်လေးတွေတူအောင် ငယ်သည့်သူတွေကို ပိုရွေးသည်။ထိုအချိန် အလံကြိုသည့်အထဲ ကိုယ်ပါအောင် အရပ်ကို ပုထားရသည်ကလည်း ပျော်စရာဖြစ်သည်။
 
အချင်းချင်း “ဆရာမ -- တင်ဝင်း အရပ်ကပုထားတာ သူ ကျနော့်ထက်ရှည်တယ်” ဟု အပြန်အလှန်တိုင်တောကြ၊ ဆရာမက အရပ်ကိုသိရအောင် ကျောဆန့်ခိုင်းသဖြင့် အရပ်ကြီးရှည်ထွက်လာတာကို တစ်ခန်းလုံးက ရယ်ကြမောကြနှင့် ပျော်စရာကောင်းလှသည်။ 
 
ဖေဖော်ဝါရီဆို အတန်းကျောင်းစာမေးပွဲတွေနီးပြီ ဖြစ်သည်။တချို့ကျောင်းတွေက ထိုရက်တွင် ဆုပေး ပွဲ ကိုလုပ်ကြသည့်အခါ ပြည်ထောင်စုနေ့နှင့် အချိန်တိုက်ပြီး ဆုပေးကြသည်။ထိုမတိုင်မီကပင် ပြည်ထောင်စုနေ့ စာစီစာကုံးပြိုင်ပွဲတွေ ကျင်းပသလို ဆုပေးပွဲတွင် တစ်ပါတည်းပေးသဖြင့် ရင်ခုန်ရသည့်ဆုပေးပွဲတွေဖြစ်သည်။ဆုပေးပွဲတွင် ဘယ်သူဆုရသည်ကို ကြိုမကြေညာဘဲ ဘယ်သူကဆုရပါသည်ဟု ရုတ်တရက်ကြေညာသည်အခါ ဝမ်းသာရသည့် ဝမ်းသာမှုမျိုးက တခြားနှင့်မတူ။စိတ်မနိုင်သူဖြစ်ပါက မျက်ရည်ကျသည်အထိ ဝမ်းသာရသည့် ဆုပေးမှုဖြစ်သဖြင့် ပြည်ထောင်စုနေ့ ဆုရခြင်းကို ကျောင်းသားတွေက လိုလိုချင်ချင် မက်မက်မောမောရှိလှသည်။ထို့ကြောင့် ထိုဆုထဲ ကိုယ်ပါအောင် သူ့ထက်ငါ အပြိုင်အဆိုင်ကြိုးစားကြသည်။ထို့ကြောင့် ကျနော်တို့ ကျောင်းကနေ စာရေးဆရာတွေ အနုပညာရှင်တွေထွက်တာ များသည်။  
 
ပြည်ထောင်စုနေ့ နီးသည့်အခါ တံဆိပ်ခေါင်းတွေ ရောင်းသည်။အရင်က ဆယ်ပြား။နောက်‌တော့ တစ်မတ်၊ ငါးမူး။ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့်ထုတ်သည့် ၁၅ ပြားတန် ပြည်ထောင်စုနေ့ တံဆိပ်ခေါင်းကိုတော့ ကျနော်တို့ မမှီတော့။ကျနော်တို့ခေတ်တွင် တစ်မတ် (၂၅ ပြား)၊ ငါမူး (ပြား ၅၀) နှင့် တစ်ကျပ်တန်ကျတော့ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘ၀ရောက်နေပြီဖြစ်သည်။ထိုတံဆိပ်ခေါင်းများကို အလုအယက်ဝယ်ကြရသည်။မဝယ်နိုင်သူအတွက် စိတ်ထဲမှာနေရတာမချိ။ဒီလောက်ထိ ပြည်ထောင်စုနေ့ကို အမြတ်တနိုးထားကြသည်။ကျောင်းတွင်း ကပွဲများတွင်လည်း တိုင်းရင်းသားဝတ်စုံဖြင့် ပြည်ထောင်စုနေ့ ကပြကြရသည်ထဲ ပါရသည်မှာ ယခုအသက်ကြီးလို့ ဆရာကန်တော့ပွဲမှာ ကျောင်းသားဟောင်းများ ပြန်ဆုံသည့်အခါ ပြောလို့မဆုံးသည့် သတိရစရာတွေဖြစ်သည်။ 
 
ကျနော် မူလတန်းကျောင်းသားဘ၀က အလံကြိုပွဲကို သွားရသည်။အလံက ပြည်လမ်းကနေ သယ်လာ ခြင်းဖြစ်သည်။အလံကိုကိုင်ကာ ရှေ့ကလာသူကိုကျနော်တို့ကလေးတွေက စက္ကူအလံနီရဲရဲတွင် အပြာခံပေါ် အဖြူရောင်ကြယ် ၁၄ လုံး အလံလေးကို ဝှေ့ယမ်းပြကြရသည်။ထိုအလံလေးကို အမြတ်တနိုးသိမ်းကြသည်။အလံကို မပျောက်ပျက်အောင် စာအုပ်ထဲညှပ်ကာ သိမ်းရသည်မှာလည်း ကလေးဘ၀၏ မမေ့စရာအကြောင်းတွေဖြစ်သည်။
 
ရန်ကုန်မှာ နေသူသာမဟုတ်။နယ်မှာနေကြသည့်သူတွေလည်း ပြည်ထောင်စုနေ့ဆို ပျော်ပွဲရွှင်ပွဲတွေကို ဆင်နွှဲရသည်။တစ်ခုသောနှစ်တွင် ပဲခူးသို့ ပြည်ထောင်စုနေ့ ကျနော်တို့ရောက်နေခဲ့သည်။ရွှေမောဓောကွင်းတွင်လားမသိ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပသည်မှာ ပြခန်းများနှင့် ရန်ကုန်နည်းတူ စည်ကားလှသည်။စျေးသည်တွေစုံလို့။ညဘက် ပြည်ထောင်စုပဒေသာကပွဲလားမသိ ကြည့်ရသည်။လူတွေမစည်ကားလှသည်မှာ ကြက်ပျံမကျဆိုသလို။ 
 
ပြည်ထောင်စုနေ့ဆိုလျှင် ကျနော်တို့ လေးငါးခြောက်ဆယ်တန်းတွေ သိကြသည့် အမှတ်သင်္ကေတေက အလံသယ်ပွဲနှင့် ကျိုက္ကဆံတွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားပွဲများသာဖြစ်သည်။ထိုသို့ ကျင်းပနိုင်သည်မှာ တိုင်းပြည်အေးချမ်းနေခြင်းနှင့် လူများ၏ ပါဝင်လိုစိတ်ရှိခြင်းကြောင့်သာ ဖြစ်သည်။ပွဲမျှော်သည့် မြန်မာတိုင်းရင်းသားများ ပြည်ထောင်စုပွဲကို လူများများဆံ့သည့် ကျိုက္ကဆံလို ကွင်းမှာ ကျင်းပရသည်။အင်းစိန်ဘက်မှ လာမည်ဆိုလျှင် အဝေးကြီး။သာကေတဘက်မှ မြောက်ဥက္ကလာဘက်မှလာလျှင်လည်း အဝေးကြီး။သို့သော် လာကြသည်။ကလေးများကိုခေါ်ကာ တိုင်းရင်းသားတွေကိုပြကြ၊ ပြည်ထောင်စုနေ့ဆိုတာ ဘာလဲဆိုတာ ပြကြနှင့်။ပြည်မနှင့် တိုင်းရင်းသားခေါင်းဆောင်တွေ၏ ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် စွမ်းဆောင်နိုင်သည့် စိတ်ဓာတ်ကို လေးစားအောင် အားကျအောင် မိဘဆရာသမားတွေက ပြောကြ သွန်သင်ဟောပြောကြသည်။ 
 
ပြည်ထောင်စုအလံ သယ်သည့်အခါ အားလုံးက ပင်လုံစာချုပ်ကို လေးစားသဖြင့် အားလုံးက အလံကို  ဦးညွှတ်ကြသည်။ပြည်ထောင်စုစိတ်ဓာတ်ကို ထိန်းကြသည်။ထိုသည်က လွန်ခဲ့သော နှစ်လေး၊ ငါးဆယ်က ကျနော်တို့သိသည့် အသိဖြစ်သည်။
 
ယခုတော့ အရာရာ လွမ်းစရာဖြစ်လေပြီ။သိသာသည်ကတော့ ဖေဖော်ဝါရီ ၁၂ ဆိုသည်မှာ ကျနော်တို့ ငယ်စဉ်ကနှင့် အများကြီးကွာခြားသွားလေပြီဖြစ်လေသည်။
 
ဖြိုးဝေလှ