【 ဆောင်းပါး 】 ဘိုးတော်မှန်ကို အာခံ တောင်းပန်လိုက်ရတဲ့ အရာခံ

【 ဆောင်းပါး 】 ဘိုးတော်မှန်ကို အာခံ တောင်းပန်လိုက်ရတဲ့ အရာခံ

အမှုရင်ဆိုင်နေဆဲ အချုပ်သားတွေအတွက် ထောင်ထဲရောက်နေတယ်ဆိုပေမယ့် ဘာပဲဖြစ်ဖြစ် ၁၀ ရက် တစ်ခါလောက် အမှုရုံးချိန်းထွက်ရလေ့ရှိတာကြောင့် လူမှုဝန်းကျင်နဲ့ အထိအစပ် ဘယ်ပြတ်မလဲ။
 
တရားရုံးထွက်တဲ့အချိန် ပြင်ပကမ္ဘာကြီးကို ငေးခွင့်ရတယ်။တရားရုံးထဲက အချုပ်ထဲမှာ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရတယ်။ရဲတွေကို ငွေလေးဘာလေးပေးလိုက်ရင် တရားရုံးကနေ အမှုစစ်ပြီး (သို့မဟုတ်) ရမန်ယူပြီး တရားရုံးအချုပ်ထဲာအပြန် လက်ဖက်ရည်ဆိုင်မှာ မိသားစုနဲ့ ၄၅ မိနစ်၊ ၁ နာရီလောက် အေးဆေးစကားလက်ဆုံကျလို့ လည်းရ။ဘာပဲဖြစ်ဖြစ် ပစ္စပ္ပုန်နဲ့ မကင်းကွာ၊ကိုယ့်အမှုအကြောင်း ကိုယ်စဉ်းစားဆင်ခြင်လို့ရ။ကိုယ်ငှားထားတဲ့ ရှေ့နေပြောသလို အာမခံပဲရတော့မလား၊ စွဲချက်မတင်ခင် လွတ်မလား၊ စီရင်ချက်ချရင် ကွင်းလုံးကျွတ်ပဲလား စိတ်ကူးယဉ်လို့လည်း ရသေး။
 
ထောင်ကျသွားပြီဆိုရင်တော့ အရာရာကို စိတ်ဒုံးဒုံးချလိုက်ရတယ်။ထောင်ထဲမှာမနေ၊ ရဲဘက်စခန်းသွားပြီး ရဲဘက်စခန်းမှာ လိုင်းကောင်းကောင်းဝင်ကာ ဘာအလုပ်မှ မလုပ်ရဘဲ အေးဆေးနှပ်နိုင်သူတွေအတွက် လူ့ဘဝအရသာတွေနဲ့ မကင်းကွာ သာသာယာယာ။တချို့များဆို ရဲဘက်စခန်းနား ရွာထဲက အမျိုးသမီးတွေနဲ့ ရည်းစားတွေဘာတွေဖြစ်လို့။မူးယစ်အမှုနဲ့ ထောင် ၁၄ နှစ်ကျတဲ့ ကျနော့်သူငယ်ချင်းအရင်းဆို ရဲဘက်စခန်းဘေးက သူ့ဦးလေး ရော်ဘာခြံကြီးမှာ မန်နေဂျာပြန်လုပ်။ရဲဘက်စခန်းနားက အမျိုးကောင်းသမီးနဲ့ ထောင်ကျရင်းနဲ့ အိမ်ထောင်ကျ၊ အခုဆို သူတို့သားတောင် မူလတန်းတက်နေပြီ။ထားတော့။
 
ရဲဘက်လည်းမထွက်ဘဲ ထောင်ထဲမှာပဲ လိုင်းဝင်ပြီး နေ-နေတဲ့သူတွေအတွက်တော့ မြင်ရတဲ့ပြင်ပကမ္ဘာက မန္တလေးနန်းတွင်းထောင်ထဲကနေကြည့်ရင် လှမ်းမြင်ရတဲ့ မန္တလေးတောင်ကြီးကလွဲလို့ အခြားမရှိ။ထောင်ဝင်စာလာတဲ့အချိန် ထောင်ဗူးဝ ထောင်ဝင်စာအခန်းထဲ မိသားစုနဲ့ တွေ့ခွင့်ရတာကလွဲ အခြားမရှိ။ဆိုတော့ ထောင်ထဲမှာတင် ထောင်ဝင်စာလည်းမတွေ့ရဘဲ တစ်နှစ်လောက် ပိတ်မိနေသူတစ်ယောက်အတွက် အကြောင်းကိစ္စရှိလို့ ထောင်ဗူးဝနားသွားရင်း အမျိုးသမီးထောင်ဝန်ထမ်းများမြင်ရင် ဗိုက်ပူကြီးလည်း သိပ်ကိုလှနေတော့တာပဲ၊ တကယ့် ကိုယ်တွေ့။
 
ပြောရရင် ထောင်ကျအကျဉ်းသားအဖြစ် ထောင်ထဲအနေကြာလာရင် ပြောစရာက အတိတ်ဘဝအကြောင်းတွေပဲရှိတော့ ပြောစရာရှားလာတယ်။ဒါ့ကြောင့် ပြောစရာ အကြောင်းအရာတစ်ခုခုများ ရလာပြီဆို ပြောလို့ကိုမဆုံးကြတော့။
 
ကျနော်တို့ဝိုင်းရဲ့ ဝိုင်းတော်သား ထောင်မင်းသား ကိုကြင် ရောက်လာပြီဆို စိတ်ဝင်စားစရာတစ်ခုခုနဲ့ စည်မြဲ။သူက ထောင်သက်လည်းအရင့်ဆုံး။ထောင်ထဲမှာ အကျဉ်းသားအရာရှိချုပ်အဖြစ် သက်သောင့်သက်သာ နေခွင့်ရနေတာကြောင့် တခြားသူတွေရဲ့အကြောင်း သူစိတ်ဝင်စားရင် ဝင်စားသလို ကောင်းကောင်းစပ်စုနိုင်တာကြောင့်လည်း သူ့မှာပြောစရာတွေကများများ။
အခုလည်း တိုက်ထဲကနေ ဖောက်ပြေးတဲ့အမှုဖြစ်ပြီးနောက် ကျနော်တို့စကားဝိုင်းမှာ တိုးတိုးတိတ်တိတ်နဲ့ ထောင်ဖောက်ပြေးတဲ့အကြောင်းတွေ ပြောမဆုံးနိုင်အောင် ပြောကြတယ်။
 
တိုက်ထဲနေသူ ၃ ဦး ထောင်ဖောက်ပြေးဖို့ ကြိုးစားတာက ၁၉၉၁ ခုနှစ်၊ ဆောင်းကာလ မန္တလေးနန်းတွင်းထောင်ထဲ။
 
တိုက်ခန်းထဲကနေ အပြင်ဘက်ကို ထွက်နိုင်ခဲ့တယ်။တိုက်ခန်းအပြင်ဘက်ရောက်ပြီးနောက် ထောင်ဝင်းထဲကနေ အုတ်ရိုးကို မကျော်နိုင်ခင်မှာ ထောင်ဝန်ထမ်းတွေမိသွားတဲ့ မအောင်မြင်တဲ့ ထောင်ဖောက်ပြေးမှု။
 
“ကျနော်ပြော-ပြောနေတဲ့ ဘိုးတော်မှန်လည်း ညဘက်ဆို တိုက်ခန်းအပြင်ဘက် ရောက်နေလေ့ရှိ တယ်” လို့ ကိုကြင်က စကားစလိုက်တော့ ကျနော်တို့ စိတ်ဝင်စားရပြန်တယ်။
 
ဘိုးတော်မှန်ဆိုတာက ၁၉၇၀ ကျော်ကာလ၊ ဘိုးတော်စစ်ဆင်ရေးလုပ်တဲ့အချိန် မန္တလေးထောင်ထဲ အကျဉ်းချခံရတဲ့ ဘိုးတော်။အလိမ်အညာမဟုတ်၊ တကယ့်ကို အမှန်အကန် သဘာဝလွန်ဖြစ်ရပ်တွေနဲ့ တစ်ခုခုစွမ်းနေသလို လောဘဒေါသကင်းပြီး တရားကျင့်ကြံနေတဲ့ ဘိုးတော်မျိုး။အဲဒီဘိုးတော်နဲ့ ကိုကြင်ရဲ့ာဆရာက တိုက်ခန်းဘေးချင်းကပ် နေခဲ့ကြတာဆိုတော့ ကိုကြင့်ဆရာပြောပြချက်အရ ကိုကြင်က သိရတာ။တစ်ဆင့်စကားဆိုပေမယ့် ရာနှုန်းပြည့်စိတ်ချရတဲ့ တစ်ဆင့်စကားလို့ ကိုကြင်က အာမခံတယ်။
 
“ခပ်ညစ်ညစ် အရာခံဗိုလ်က ဘိုးတော်မှန်ကို မကြည်ဘူး။ဘိုးတော်လိမ်ဆိုပြီး မကြာခဏစော်ကားတယ်။တစ်ခါကလည်း ဘိုးတော်မှန်ကို ကိုးကွယ်တဲ့ မိုးကုတ်သူဌေးတွေ လှူထားတဲ့ ဟင်းလာတောင်းပြီး စော်ကားသွားတာ အဲဒီဟင်းတွေစားပြီးတော့ ဝမ်းလျှောတာ ‌မြော့မြော့လေးကျန်တဲ့အထိတဲ့။အဲဒါလည်း စိတ်မှတ်မရှိဘူး။နေကောင်းလို့ အလုပ်ပြန်ဆင်းတော့ ဘိုးတော်မှန်ကို မိုက်ကြည့်-ကြည့်သေးတယ်။အဲဒါပြီး ဘယ်ကြာ လိမ့်မလဲ။ညဘက် တာဝန်ကျတဲ့အချိန် ဘိုးတော်မှန်ကို တိုက်အပြင်ဘက်ရောက်နေတာ မြင်ရတယ်ဆိုပြီး ပြဿနာတက်တော့တာပဲ” လို့ ကိုကြင်က ဆိုတယ်။
 
ထုံးစံအတိုင်း ညသန်းခေါင်အချိန် ထောင်ကျအဆောင်ဘက် ကင်းပတ်တဲ့အချိန် ၂ ထပ်အဆောင် အပေါ်ထပ်ကနေ တိုက်ထဲကို အမှတ်မထင်ကြည့်မိတော့ တိုက်ခန်းအပြင်ဘက် ဘိုးတော်မှန် ရောက်နေတာကို မြင် လိုက်ရ။အပိုင်ပဲဆိုပြီး တိုက်ဘက်ကို အရာခံဗိုလ် ဝီစီမှုတ်ရင်း ဝရုန်းသုန်းကားပြေးလွှား။တိုက်ထဲကို ရောက်တော့ တိုက်ခန်းထဲ တရားထိုင်နေတဲ့ ဘိုးတော်မှန်ကိုသာ မြင်လိုက်ရ။
 
“အရာခံဗိုလ်က သူဝီစီမှုတ်လိုက်လို့ ဘိုးတော်မှန် တိုက်ခန်းထဲ ပြန်ဝင်သွားတယ်လို့ပဲ ထင်တယ်။အဲဒါနဲ့ တိုက်ခန်းသံတိုင်တွေကို ဖြုတ်ထားလား၊ ဖျက်ထားသလား သေချာပြူးပြဲစစ်တော့လည်း ဘာမှဖြုတ်တာဖျက်တာမရှိတော့ အရာခံဗိုလ် ချောက်ကျရော” လို့ ကိုကြင်က ပြောပြတယ်။
 
ညသန်းခေါင် ဝီစီမှုတ်လိုက်တယ်ဆိုတာက ထောင်ဖောက်ပြေးတာမြင်လို့ တစ်ထောင်လုံးက ထောင်ဝန်ထမ်းတွေကို တပ်လှန့်လိုက်ခြင်း။ဝီစီသံကြားတယ်ဆိုရင် ထောင်ခြံဝင်းထဲက ဝန်ထမ်းလိုင်းခန်းထဲ ပြန်ရောက်နေသူတွေလည်း ချက်ချင်းအမြန် ထောင်ထဲ မလာမနေရ။အရာခံဗိုလ်ရဲ့ ဝီစီကြောင့် ထောင်ပိုင်ကြီးလည်း အပြေးအလွှား ထောင်ထဲရောက်လာ။ထောင်ထဲရောက်တော့ ဘာထောင်ဖောက်ပြေးမှုမှမရှိ။
 
“အဲမှာ အရာခံဗိုလ်ကို ထောင်ပိုင်ကြီးရော သူ့အထက်ကလူတွေရော ကောင်းကောင်းဝိုင်းဆဲကြကုန်ရော။အတွေ့အကြုံ ဒီလောက်များရဲ့သားနဲ့ မသေချာဘဲ ဝီစီမှုတ်ရသလားဆိုပြီး ရာထူးချဖို့တောင်လုပ်သေးတယ်။အရာခံဗိုလ်က ပင်စင်နားနီးပြီးမို့ တောင်းပန်လွန်းလို့ ရာထူးမချတော့တာ” လို့ ကိုကြင်က ဆက်ပြောတယ်။
 
ဇာတ်လမ်းက အဲဒါနဲ့တင် မပြီး။အရာခံဗိုလ် ညဂျူတီပြန်ကျတော့ သူကြည့်လိုက်တဲ့နေရာတိုင်းလိုလိုမှာ ဘိုးတော်မှန် လမ်းလျှောက်နေတာမျိုး မြင်နေရလို့ အထိတ်တလန့်ဖြစ်ရ။နောက်တစ်ည ဂျူတီကျတော့လည်း ထိုနည်းလည်းကောင်းမို့ နောက်တစ်ရက် မနက်လည်းရောက်ရော ဘိုးတော်မှန်ဆီ ဟင်းတစ်ပွဲကပ်ကာ ပြစ်မှားမိသမျှ တောင်းပန်ကြောင်း ဝန်ချကန်တော့လိုက်ရတယ်။
 
ဘိုးတော်မှန်ကတော့ ကိုယ့်စိတ်ကိုယ် တည်တည်ငြိမ်ငြိမ်သာထား၊ အဘက ဘယ်သူ့ကိုမဆို ဘာမှမလုပ်ဘူးလို့ဆိုကာ အရာခံဗိုလ်ရဲ့ ခေါင်းကို အသာအယာပွတ်ပေးလိုက်တော့မှ ထိတ်လန့်နေတဲ့စိတ် အလိုလိုပျောက်သွားတော့တယ်တဲ့။
 
အဲဒီနောက် အရာခံဗိုလ်လည်း ဘိုးတော်မှန်ကို ကိုးကွယ်ဆည်းကပ်သူဖြစ်လာကာ အကျဉ်းသားတွေ အပေါ်လည်း ဗိုလ်ကျအနိုင်ကျင့်မှုတွေ ကင်းစင်သွားတော့သတဲ့။
 
ကိုဆက်