【 ဆောင်းပါး 】 မုန့်ဟင်းခါးစားခြင်း

【 ဆောင်းပါး 】 မုန့်ဟင်းခါးစားခြင်း

မုန့်ဟင်းစားဆိုင်မှာထိုင်ပြီး မုန့်ဟင်းခါးမှာစားရတဲ့ အရသာကို မုန့်ဟင်းခါးစားဖူးသူတိုင်း သိကြမည်ဖြစ်သည်။သို့သော် ဘာကြောင့် မုန့်ဟင်းခါးကို စားကြတာလဲဆိုတာ အချိန်ကုန်ပြီး တွေးကြမည်တော့မဟုတ်။

ကျနော်မွေးဖွားခဲ့သည့် ဇာတိတွင်တော့ မုန့်ဟင်းခါးမှာ တစ်မျိုးတည်းသာရှိသည်။လူမှန်းစသိပြီး အပြင်စာကို စ စားတတ်သည့်အချိန်တွင် မုန့်ဟင်းခါးဆိုပြီး အမေက ထိတွေ့ပေးခဲ့သည်မှာ မုန့်ဟင်းရည်သာဖြစ်သည်။

ငယ်ငယ်ကနေရသည်မှာ တောဘက်တွင်ဖြစ်သဖြင့် ရန်ကုန်လို အချိန်မရွေး မုန်ဟင်းခါးဝယ်စားလို့ရသည်မဟုတ်။မုန့်ဟင်းခါးချက်ရောင်းတာမျိုးလည်းမရှိ။စားချင်သည့်အခါ ချက်စားလျှင်ချက်စား၊ မချက်စားလိုလျှင် တစ်ပတ်တစ်ခါ ရွာလည်ရောင်းသည့် မုန့်ဟင်းခါးသည်ကို စောင့်ရသည်။ဒါတောင် အသည်က ကိုယ့်ရွာကို နောက်ဆုံးမှဝင်လျှင် စားရဖို့မမြင်။ထိုအသည်က သူ့မုန့်ဟင်းခါးကို သဘာ၀ငံပြာရည်၊ ငါးကျည်းတို့ကိုချက်ကာ ငှက်ပျောအူနုနုလေးတွေနှင့် ချက်သည်။ယခု ရန်ကုန်မှာ မုန့်ဟင်းခါးကို ဘာငါးနှင့်ချက်သလဲဆိုတာမသိ။တောမှာတော့ ငါးကျည်းနှင့်သာ ချက်သဖြင့် လေးလေးပင်ပင်နှင့် စားကောင်းလှသည်။အစားအသောက်ကို အရသာခံတတ်လာသည့် ၁၀ နှစ်သားအရွယ်တွင် မုန့်ဟင်းခါးကို တောသည်ဆီကထက် ရပ်ထဲရွာထဲချက်သည့် အိုးကြီးချက်မှ  ပိုအကြိုက်တွေ့လာသည်။အိုးကြီးချက်ဆိုသည်က ရွာတွင် လူသေသည့်အခါ ရက်လည်ကျွေးဖို့ အချိန်တစ်ရာလေးငါးဆယ်ဝင်သည့် အိုးကြီးဖြင့် ချက်ခြင်းဖြစ်သဖြင့် စားကောင်းလှသည်။သို့သော် ဒီလိုစားဖို့ကလည်း ရွာထဲကလူတွေ ကျန်းမာရေးကောင်းကြသည့်နှစ်မျိုးဆို တစ်နှစ် တစ်ခါတောင် စားရဖို့မလွယ်။

ငယ်စဉ်ကတော့ လူသေမှ ချက်ကြသည့် မုန့်ဟင်းခါးသဘောသဘာ၀ကို မသိ။မုန့်ဟင်းခါးစားချင်တာပဲ သိသည်။ဘယ်လောက်ငတ်ကြီးကြသလဲဆိုလျှင် မုန့်ဟင်းခါးနံ့ရလျှင် မနေနိုင်။အတင်းဂျီကျကာ ယူခိုင်းတတ်သည်။မုန့်ဟင်းခါးနံ့ရသည့် အိမ်ကိုသွားကာ စားလိုက်ချည်းသာဖြစ်သည်။ဒီအကျင့်က ရွာမှာတုန်းက ပြဿနာမရှိ။ရန်ကုန်ရောက်သည့်အခါ ဒီအကျင့်ကို မနည်းပြင်ရသည်။

ရန်ကုန်ရောက်စကာဆို မဏ္ဍပ်ထိုးထားသည့် ရက်လည်တွေ့ပါက သိသိ၊ မသိသိ ကူငွေငါးကျပ်ထည့်ကာ အ၀ဝင်တွယ်လေ့ရှိသည်။ထိုစဉ်က ငါးကျပ်တစ်ဆယ်ဆိုတာ အတော်ကိုအသုံးခံသေးသည်။အပြင်မှာ တစ်ပွဲကို နှစ်ကျပ်ဖြစ်နေချိန် ငါးကျပ်ဖြင့် စားရသဖြင့် အကြော်နှင့် ဘဲဥနိုင်းချင်းဖြင့် လိုသလောက် သုံးပွဲလေးပွဲ ထမင်းလွတ်ကြိတ်လို့ရသည့် နာရေးတွေက ကျနော့်ရဲ့ဖေးဖရိတ်တွေ။ထိုစဉ်တုန်းက ကျနော်အဆောင်နေသည့် ကမာရွတ်လှည်းတန်းတစ်၀ိုက်၊ ဆင်မလိုက်တစ်၀ိုက် နာရေးပေါလှသည်။ဒီတော့ မဏ္ဍပ်ထိုးထားတာ သွားရင်းလာရင်း တွေ့ထားပါက စိတ်ထဲကမှတ်ထားပြီး သွားကြိတ်လေ့ရှိသည်။ယခုတော့ နာရေးတွေက မဏ္ဍပ်မထိုးတော့။ခပ်ကျဉ်းကျဉ်းသာ အကျဉ်းချုံးလုပ်ကြသဖြင့် အချောင်ဝင်တီးလို့မလွယ်။ကိုယ်လည်း အရွယ်က မတော်တရော်အရွယ်။အဲလိုလိုက်စားလို့လည်း မဖြစ်သည့် အရွယ်ရောက်နေပြီ။

မုန့်ဟင်းခါးနှင့်ပတ်သက်လျှင် မှတ်မှတ်ရရ အဖွားဖြစ်သည့် အမေကြွယ် ဆုံးသည့်အခါ စားရသည့် မုန့်ဟင်းခါးကို အကြိုက်ဆုံးဖြစ်သည်။အမေကြွယ်မှာ အဖေဘက်ကတော်သည့် အဖွားဖြစ်ပြီး ကျနော်တို့ကိုချစ် သည်။အမေကြွယ်က ကွမ်းကိုထောင်းစားလေ့ရှိရာ ကျနော်က အမြဲထောင်းပေးရသည်။ကစားနေရင်း လာခေါ်လျှင် ထောင်းပေးရသည်။ဒီတော့ စိတ်ထဲ အမေကြွယ်မရှိရင် ငါလွတ်လွတ်လပ်လပ်ကစားလို့ရမည်ဟု ထင်မိသည်။အမေကြွယ် ဆုံးသည့်အခါ တစ်ရက်နှစ်ရက် ကွမ်းမထောင်းပေးရသဖြင့် မြေးတကာငိုနေချိန်တွင် ကျနော်ကပျော်နေခဲ့သည်။နောက်တော့ အဖေ အမေက ဆူလို့ရိုက်ဖို့ဖြစ်လာသည့်အခါ တစ်ခုခုဖြစ်လျှင် ရှေ့ကနေကာကွယ်ပေးသည့် အမေကြွယ်မရှိတော့မှန်း သိလာသဖြင့် ညဘက်ညဘက်ငိုကာ တ မိသည်။

အမေကြွယ် အသုဘက ရွာမှာစည်ကားသည်။မြေးတွေများသဖြင့် ရပ်ရွာဓလေ့ အလောင်းကစားကြသည်။အသက်အကြီးဆုံးလည်းဖြစ်သဖြင့် အစဉ်အလာအတိုင်း  ရွာက ဆိုင်းထည့်ကာ ဆိုကြငိုကြလုပ်ကြသည်။ရက်လည်ဖို့ နှစ်ရက်လောက်အလိုတွင် အမေကြွယ် ရက်လည်အတွက် တစ်ရွာလုံး ချက်ကြပြုတ်ကျဖြင့် ပြင်ဆင်ကြသည်။ရွာမှာ မုန့်ဟင်းခါးချက်ရန် ကြိုပြင်ကြသည်က ရန်ကုန်နှင့် တူလား၊ မတူလားဆိုသည်မသိ။ရွာမှာ တစ်ရက်လောက်ကြိုပြီး  ငှက်ပျောပင်တွေခုတ်ကြ၊ မြေပဲဆံတွေလှမ်းကြ။နောက် လှော်ကြ။လှော်ပြီးသည့် မြေပဲကို ငရုတ်ဆုံများဖြင့်ထောင်းကြ၊ စပါးလင်တွေခုတ်ပြီး အရိုးအရွက်ခံကာ ငါးကျည်းများကို အိုးကြီးဖြင့်ပြုတ်ကြ၊ ခွာကြနွှင်ကြဖြင့်။ထိုရက်တွေက စည်စည်ကားကား၊ကျနော်တို့ကလေးတွေအတွက် ဒီလိုရက်မျိုးလောက် ပျော်စရာကောင်းလှတာမရှိ။ဒါကြောင့် အဖိုးအဖွားသေရင် မြေးတွေပျော်ကြတာဖြစ်မည်။

ငါးကျည်းပြုတ်တွေ အရိုးအသား ခွဲနွာကြသည့်အခါ အူဖတ်လေးတွေ၊ ဘဲဥပြုတ်ဖို့ အလုံးကောက်ရင်း ဥသိမ်လေးတွေရသည်အခါ ကျနော်တို့ကလေးတွေနှင့် ကာလသားများ လုကြရသည်။ကျနော်တို့ကလေးတွေသာ ရတာများသည်။အသားနွှာပြီးသည့် ငါးကျည်းအရိုးတွေကိုထောင်း အရည်ဖျော်အရိုးစစ်ချကာ မုန့်ဟင်းခါးအိုးထဲ ငါးရိုးအရည်ကို ထည့်ကြသည်။မနက်ရက်လည်မည်ဆို ညကတည်းက မြို့ကနေ မုန့်ဖတ်ကကြိုရောက်သည်။ထိုအခါ မနက်စောစော မုန့်ဟင်းခါးအရည်ပွက်လို့ ဘဲဥဖတ်တွေထည့်ပြီးသည်နှင့် စ စားကြသည်က ကျနော်ပင်ဖြစ်သည်။  

တကယ်တော့ မနက်စောစော မုန့်ဟင်းခါးနံ့ မွှေးမွှေးလေးဖြင့် အိပ်ရာနိုးရသည့် အရသာကို ကျနော်အရမ်းကြိုက်ခဲ့သည်။ယခုတော့ ကျနော်မကြိုက်တော့။ရန်ကုန်ရောက်သည့်အခါ မုန့်ဟင်းခါးတွေ မနက်တိုင်းစားရသည်။အဆောင်နားတွင် ကုလားမတစ်ဦးရောင်းသည့် မုန်ဟင်းခါး။ဒါကို စားရတာများသည်။ထိုမုန့်ဟင်းခါးကလည်း သူ့ရိုးရာမဖျောက်သဖြင့် အရသာရှိသင့်သလောက်ရှိပေမယ့် အရောင်က ဝါချင်နေသည်။အသိကဗျာဆရာတစ်ယောက်က အဆောင်မှာလာအိပ်ရင်း ထိုမုန့်ဟင်းခါးနှင့် မနက်ဘက်တိုးသည့်အခါ သူပေးသွားသည့် နာမည်က ကဗျာဆန်ဆန်။ “ရွှေရောင် မုန့်ဟင်းခါး” ဟု။တကယ်တော့ ကျနော်ကြိုက်ခဲ့သည်က နာရေးမှာချက်သည့် မုန်ဟင်းခါးမျိုးဖြစ်သည်။ငါးကျည်းနှင့်ချက်ကာ ဆန်မှုန့် ရွှေခြည်မှုန့်အစား မြေပဲဆန်ကို ထောင်းထည့်ထားတာမျိုး။ဘဲဥဖတ်အစိတ်လေးများဖြင့်။ယခုတောင် ပြောနေရင်း စားချင်လာသည်။

ကျနော်အကျင့်တစ်ခုက မုန့်ဟင်းခါးအရည်ကောင်းသည့်အခါ ဘိန်းမုန့်အဖြူဖြင့် တို့စားလေ့ရှိသည်။ထိုသို့စားချင်ပါက မုန့်ဟင်းခါးချက်တာ ကောင်းသည့်နေရာတွေကိုမှတ်ထားပြီး တကူးတကသွားမှရသည်။ထိုနေရာတွေအများစုက နာမည်သိပ်မကြီး။ရန်ကုန်မြို့ထဲမှာ တစ်ဆိုင်ရှိသလို လှိုင်သာယာ စနေမမှတ်တိုင်နားမှ တစ်ဆိုင်ရှိသည်။ရွှေပြည်သာဆို ၁၄ လမ်းဆုံနား။မြောက်ဥက္ကလာမှာဆို သုံးလေးဆိုင်ရှိသည်။လှိုင်မှာတော့ လှိုင်စျေးကြီးထဲနဲ့ ဘာတာဘက်က ဆိုင်တစ်ဆိုင်။လှိုင်တို့၊ စမ်းချောင်းတို့၊တောင်ဒဂုံတို့ဘက်မှာက မုန်ဟင်းခါးချက်တာကောင်းသည်။အိုးကြီးချက်သမားတွေ ရှိဟန်တူသည်။အိုးကြီးချက်လက်ရာမျိုးတွေ စားချင်သည့်အခါ သခင်မြပန်းခြံဘက်က အလုံ ထ ၁ ရှေ့က ဆိုင်လည်း ကောင်းသည်။တစ်ပွဲ တစ်သောင်းခွဲကျော်ပေးရသည့် အင်းလျားလမ်းဆိုင်ကိုတော့ ယခုထိမစားဖူးသေး။စားလည်းစားနိုင်မည်မထင်။ငွေတစ်ထောင်ပေးရတာတောင် များသည်လို့ထင်သည့် ကျနော့်အတွက် ထိုသို့သော မုန်ဟင်းခါးဆိုင်မျိုးနှင့် ရေစက်ဆုံမည်မထင်။

ကျနော်ထိုင်မည့် မုန်ဟင်းခါးဆိုင်တစ်ဆိုင်တွင် လမ်းဘေးဖြစ်ရမည်။အရည်တောင်းလျှင် ကြည်သာရမည်။ဘေးနားတွင် ရပ်ရေးရွာရေး အတင်းတုပ်သူတွေရှိရမည်။မုန့်ဟင်းခါးစားပြီး ရေနွေးကြမ်းတစ်ခွက်လောက်သောက်တာကို နားလည်ပေးနိုင်ရမည်။စားနေစဉ် ငှက်ပျောအူလေး တစ်ဖတ်နှစ်ဖတ် မုန့်ဖတ်လေး နည်းနည်းလောက် လှမ်းထည့်ပေးတတ်သည့် အကျင့်ရှိရမည်ဖြစ်သည်။ထိုအင်္ဂါရပ်တွေမပါပါက စိတ်ထဲသိပ်မတွေ့။

မုန့်ဟင်းခါးစားခြင်းသည့်  မနက်အဆာပြေဆိုသည်ထက်  မိသားစုနှင့် ဝေးကွာနေသည့် ကျနော်တို့လို အဆောင်နေသူများအတွက် မိသားစုအရသာကို ခဏတဖြုတ်ပေးသည့် စိတ်အဆာပြေစာဖြစ်လေသည်။

ကျနော်စိတ်ထဲတွင်တော့ တေးထားတာရှိသည်။ကျနော်များသေခဲ့လျှင် အမေကြွယ်တုန်းကလိုချက်ပြီး လူတွေကို မုန့်ဟင်းခါး၀အောင်ကျွေးမည်ဟု။

လင်းနိုင်ကျော်စိုး