【 ဆောင်းပါး 】 မျိုချမရတဲ့ နေ့ရက်များ

【 ဆောင်းပါး 】 မျိုချမရတဲ့ နေ့ရက်များ  

   တစ်ခုသော မနက်ခင်းသည် လျင်မြန်စွာရောက်ရှိလာခဲ့သည်။
   ခပ်လှမ်းလှမ်းမှ ခုတ်မောင်းသွားသော ရထားသံသဲ့သဲ့ကို ကျနော်ကြားရသည်။ရထားခုတ်မောင်းသံမကြားရသည်မှာ တစ်လနီးပါးကြာပြီ။ခက်ခဲသောလမ်းကို လျှောက်ရင်း မူလစမှတ်မှ ဝေးလာသည်တွင် အရာရာ နဂိုတိုင်းပြန်ဖြစ်လာဖို့ အားထုတ်မှုကို မြင်လိုက်ရသလို။အသိစိတ်သည် သက်သာသလိုနေထိုင်နိုင်သည့်အရပ်မှ မသိလိုက်မသိဘာသာ ထွက်ခွာလာမှုကို မှတ်မှတ်ထင်ထင် သတိထားမိသည်။
   ရက်တစ်ရက်၏ မနက်သည် အကျည်းတန်စွာဖြင့် စခဲ့သည်။အနောက်တွင် အမိုးထိုင်ခုံများပါသည့် ကား တစ်စီး။ထိုကားပေါ်တွင် ကြေမွနေသော နုသစ်သည့် ပန်းပွင့်များ။နေရောင်သည် ဘူတာတစ်ခု၏ အမိုးဆီကျရောက်ဖို့ အားထုတ်နေသည်။ကျရောက်မလာသေးသည့် နေရောင်အောက်တွင် ပျော်ရွှင်ခြင်းများက နင်းချေချထားသလို။မြေပြင်မှာ ပြန့်ကြဲလျက်။ထိုနေ့သည် မတ်လ၏ တစ်ခုသောနေ့ရက်ဖြစ်သည်။
                                                           (၁)   
   ကျနော်နေသည့် တိုက်ခန်းအပေါ်တွင် ကွန်ကရစ်အမိုးရှိသည်။ခြောက်လွှာမြောက် ထိုအထပ်တွင် ငှက်တချို့ရှိသည်။အိမ်၀ရံတာ အမိုးတန်းတွင် လေဒဏ်ကိုကြံ့ကြံ့ခံနေသည့် သစ်ခွပန်းတချို့။ထို့နောက် သံပန်းကွက်ကို ကြေးနန်းကြိုးဖြင့် တွဲချည်ထားသည့် ပန်းအိုးတစ်အိုး၊ ထိုပန်းအိုးထဲမှ ပွင့်စပြုနေသည့် ဆိပ်ဖလူးပွင့်အချို့။သို့သော် ထိုအရာများကို သတိမပြုမိစေအောင် ဆွဲဆောင်အားကြီးသည့် ပြတင်းပေါက်တစ်ခုက ကျနော့်အိပ်ရာဘေးမှာ။ထိုပြတင်းပေါက်မှ ဘူတာနှင့် အနီးတ၀ိုက် လမ်းများကို မြင်နေရသည်။ထိုသည်က ကျနော်၏ နေ့စဉ်ဘ၀မြင်ကွင်းများဖြစ်သည်။
   ရထားလမ်းတစ်လျှောက် ညဘက်များသည့် ပိုပြီးဆိတ်ငြိမ်နေတတ်သည်။သို့သော် တချို့သော ညများတွင် ရထားလမ်း၏ တိုးတိတ်သော အသံများကို မသိစိတ်ဖြင့် ကြားနေရသလို။သူ့ကျောပေါ် ဖြတ်သွားသည့် အရာများ၊ လူမပါသော တွဲများနှင့် ပျက်စီးနေသော လူစီးတွဲများ၏အကြောင်း။ထို့နောက် ရထားလမ်းပေါ် ကျောခင်းတတ်သော လူများ၏ အဆုံးသတ်ခြင်းများ။သို့သော် အသိစိတ်ဖြင့်‌  ပြတင်းပေါက်ကကြည့်သည့်အခါ ရထားလမ်းသည် တိတ်ဆိတ်စွာ သူနှင့်မဆိုင်သလို။
   ရက်များသည် လျင်မြန်စွာကုန်သွားလေသည်။မနက်ခင်းအပူချိန်မှာ ၃၈။ကြောက်လန့်ဖွယ်ရာတွေထဲ နေ့အပူချိန်များ ပါဝင်လာသည်။အပေါ်ထပ်ရှိ သစ်ခွပန်းများ ညှိုးခြောက်လာသည်။မျက်နှာခြင်းဆိုင်ရှိ တိုက်အမိုးပေါ်ရှိ လဲကျနေသာ စက္ကူပန်းအိုးမှ စက္ကူပန်းများက နီရဲနေအောင် ငွားငွားစွင့်စွင့် ပူပြင်းသော နေရောင်အောက် ပွင့်နေကြသည်။လေကငြိမ်သည်။ထိုသည်က မကြာခင်ပြီးဆုံးတော့မည့် နွေရာသီ၏ ဈာပနအခင်းအကျင်းကို ကြိုတင်စီစဉ်ခင်းကျင်းနေသလို။ 
                                                           (၂)
   ပြတင်းပေါက်မှကြည့်သောအခါ ခပ်သုတ်သုတ်လျှောက်နေသော လူငယ်အချို့ကို တွေ့ရသည်။လူငယ်များနောက်တွင် လူကြီးအချို့၏ မျှော်လင့်ချက်မဲ့နေမှုက အထင်းသား။ပါးလှပ်လှပ်နှင့် ရဲရင့်သော နုပျိုသူများ၏ မျက်နှာက အပူရဲရဲထဲ ရဲရဲပွင့်နေသည့် စက္ကူပန်းများလို။နေပူထဲ ပိုပွင့်နေသော စက္ကူပန်းများအကြောင်းကို ကျနော် ဖျပ်ကနဲ သတိရသည်။ထို့နောက် စက္ကူပန်းများကို အကြောင်းမဲ့ ကြောက်လန့်ဖျက်ဆီးတတ်သည့် လူတချို့အကြောင်းကိုလည်း သတိပြုမိသည်။
   ကျနော်နေရာလမ်း၏ အဆုံးတွင် ကားလမ်းကို ဖြတ်ကျော်ရန် ဆောက်ထားသည့် ခုံးတံတားတစ်ခုရှိသည်။ထိုခုံးတံတားတွင် ညနေဘက်ဆို လူငယ်အချို့ စွန်လွှတ်ကြသည်။သို့သော် ဒီဘက်နှစ်ပိုင်း စွန့်လွှတ်သူ လူငယ်အချို့ မတွေ့ရတော့။ခုံးတံတားပေါ်တွင်လည်း ဖွင့်ထားသည့် အဝင်၀များအစား လျှော်ကြိုးများတန်းထားသည်ကို အကျည်းတန်စွာမြင်ရသည်။သို့သော် နေသာသော ညနေဘက်ဆို ခုံးတံတားရှိရာ ကောင်းကင်တွင် စွန်တစ်ကောင်စ နှစ်ကောင်စ လွှတ်ထားသည်ကို မြင်ရသည်။ထိုစွန်မှာ ဘယ်ကနေလွှတ်နေသည်ကို ကျနော်မသိ။ကျနော်သတိပြုမိသည်ကတော့ ထိုစွန်တွေထဲ တစ်ခုသော စွန်ကတော့ ကျနော်တို့စိတ်ထဲ အမြဲရှိသည့် အရောင်ရှိနေခြင်းကိုပင်။ 
                                                           (၃)
   မသိသော မနက်ခင်းများကို ကျနော်တို့ ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့သည်။သိသော မနက်ခင်းများကို ကျနော်တို့‌ဖြတ်သန်းရသည်မှာ မကြာသေး။မနက်ခင်းများကို ဘယ်သို့ဖွဲ့စည်းထားကြောင်း မနက်ခင်းများ၏ ပျော်ရွှင်စရာများကနေ အနိဋ္ဌာရုံများအထိ၊ မနက်ခင်း၏ အသံများ၊ မကြားဖြစ်သော မနက်ခင်းသတင်းများ၊ ဒီဘက်နှစ်ပိုင်းတွင် ကျနော်တို့ သိမှုများက ကျနော်တို့၏ ပျော်ရွှင်လိုစိတ်များကို ဖဲ့ချသွားခဲ့သည်။မနက်ခင်း၏ အရောင်များသည့် ဖျော့တော့လာသည်။အမှောင်သည် မနက်တိုင် မပျောက်။သို့သော် နေတာသည် ပို၍တိုတောင်းလာသည်ကိုတော့ သတိပြုမိသည်။သဲနာရီများလို အကျဘက် ခပ်မြန်မြန်။
   အနောက်ဘက်သို့ မျက်နှာမူသည့် ကျနော်တိုက်ခန်း၏ ၀ရံတာမှ နေ့ရက်တစ်ရက်၏ နောက်ဆုံးအချိန်များကို မြင်ရသည်။ကျနော်၏ ပူပြင်းမှုနှင့်အတူ တစတစ ပျောက်ကွယ်သွားသည့် နေ့ရက်တစ်ခု၏ ‘နေ’ ဝင်ချိန်ကို မြင်ရသည်မှာ ဒေါသတကြီးဖြင့် နိဂုံးချုပ်သွားသည့် လူတစ်ယောက်လို။ 
                                                           (၄)
   ဘူတာဘေးတွင် လမ်းလေးတစ်ခုရှိသည်။မိုးရွာသောနေ့များတွင် ထိုလမ်းတစ်လျှောက် တရုတ်စံ ကားပန်းများ ကြွေကျသည်။ထိုဘူတာဘေးတွင် အကြော်တဲလေးတစ်ခုရှိသည်။မနက်မှသာ ကြော်တတ်သည့် ထိုအကြော်တဲတွင် ညဘက်ဆို အိပ်စရာမရှိသည့် လူတစ်ယောက်နှင့် ခွေးတစ်ကောင်။
   အချိန်များသည် မျိုချလိုက်သလို ကုန်ဆုံးသွားသည်။လမ်းပေါ်တွင် ပန်းများ ကြွေကျသလို။တချို့က အဖူး။တချို့ကပွင့်ရန် အားယူဆဲ။
   လင်းနိုင်ကျော်စိုး