【 ဆောင်းပါး 】 “ကိုယ့်တန်ဖိုးကို အလေးထားခြင်း၊ နားလည်စေခြင်း” (Clarifying your values)

【 ဆောင်းပါး 】 “ကိုယ့်တန်ဖိုးကို အလေးထားခြင်း၊ နားလည်စေခြင်း” (Clarifying your values)

တန်ဖိုးဟူသည် ‘ဘယ်အရာများကတော့ကောင်းသည်၊ ဘယ်အရာများကတော့မှန်သည်၊ ဘယ်ဥစ္စာကတော့လုပ်သင့်လုပ်ထိုက်သည်’ ဆိုသည့် မမှိတ်မသုန်ယုံကြည်သည့်အရာများ၊ စံနှုန်းများဖြစ်ပြီး ၎င်းတွင်အကျိုးရှိသော လုပ်သင့်လုပ်ထိုက်သောကိစ္စများ ဖြစ်မြောက်စေဖို့ နှစ်လိုဖွယ်ကောင်းသော လိုလားအပ်သော အပြုအမူများလည်း ပါဝင်သည်။

ဘ၀တွင် တန်ဖိုးသတ်မှတ်မှုများသည် မိဘများ၊ ဆရာများ၊ မိတ်ဆွေသူငယ်ချင်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ သတင်းရုပ်ရှင်တို့၏ လွှမ်းမိုးမှုများမှလည်း ဖြစ်ပေါ်လေ့ရှိသည်။ဘ၀အတွေ့အကြုံများပြားလာသည်နှင့်အမျှ စံနှုန်းများ အပြုအမူများ၊ တန်ဖိုးထားမှုများသည် ပြောင်းလဲလာနိုင်သည်။ထိရောက်သော မန်နေဂျာတစ်ဦးဖြစ်မြောက်လာစေရေးတွင် မိမိသည် မည်သည်တို့ကိုတန်ဖိုးထားသည်၊ မည်သို့လုပ်ကိုင်ဆောင်ရွက်လေ့ရှိသည်ကို ကောင်းစွာနားလည်နိုင်ခြင်းသည် အရေးကြီးပါသည်။မန်နေဂျာတစ်ဦးထားသော တန်ဖိုးတို့သည် ထိုမန်နေဂျာ၏ လုပ်ကိုင်ဆောင်ရွက်မှုတစ်ခုချင်းစီတွင်လည်းကောင်း။ရွေးချယ်မှုတစ်ခုချင်းစီတွင်လည်းကောင်း၊ ပေါ်လွင်ထင်ဟပ်နေလေ့ရှိသည်။

ဥပမာဆိုရသော် မန်နေဂျာတစ်ဦးသည် မဆိုင်းမတွဆောင်ရွက်မှု၊ ချက်ချင်းလုပ်ကိုင်မှုကို တန်ဖိုးထားသူဖြစ်ပါက ချိန်းဆိုချက်များကို အချိန်မီတွေ့ဆုံနိုင်မည်ဖြစ်ပေသည်။ဘယ်တော့မှနောက်ကျလိမ့်မည်မဟုတ်။နောက်ကျနေခဲ့သော်ဟူသော အတွေးသည် သင့်ကိုဖိစီးမှုဖြစ်စေလိမ့်မည်ဖြစ်သည်။သို့ဖြစ်ရာ မြန်မြန်ဆန်ဆန်ဆောင်ရွက်ပြီး၊ ဦးစွာရောက်ရှိနေရမည်ဖြစ်သည်။မန်နေဂျာတစ်ဦးအနေဖြင့် မိမိဘာတွေကိုတန်ဖိုးထားသည်ကို သေချာစွာသိရှိပြီး အခြားသူများ သိရှိနားလည်လာစေရန် ရှင်းလင်းပြောကြားထားဖို့ လိုအပ်သည်။အရေးကြီးသည်။

တစ်ခါတစ်ရံတွင် မန်နေဂျာတစ်ဦးထားအပ်သော စံနှုန်း (သို့မဟုတ်) တန်ဖိုးတို့သည် အဖွဲ့အစည်းထားရှိသော စံတန်ဖိုးတို့နှင့် ဝိရောဓိဖြစ်တက်သည်။တစ်ခါတစ်ရံတွင်မှု တစ်ဦးတစ်ယောက်နှင့် ပဋိပက္ခဖြစ်တတ်သည်။တစ်ဦးနှင့် တစ်ဦး၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခု၊ တစ်ဦးတစ်ယောက်နှင့် အဖွဲ့အစည်းတန်ဖိုးများ ကွဲလွဲနိုင်ပေသည်။ဥပမာအားဖြင့်ဆိုရလျှင် ‘အလုပ်တစ်ခုကို မည်သို့ဆောင်ရွက်မည်’ ‘ဆုပေးမှုစနစ်ကို မည်သို့ထားရှိမည်’ ‘လုပ်ငန်းခွင်အတွင်း ကျွမ်းဝင်ရင်းနှီးမှုကို မည်သည့်အတိုင်းအတာထိထားရှိရမည်’ စသော ကိစ္စရပ်များတွင် မတူညီသောအမြင်များ ကွဲပြားသောစံတန်ဖိုးများ ရှိတတ်ပေသည်။မန်နေဂျာတစ်ဦးသည် မိမိ၏ကိုယ်ပိုင်တန်ဖိုးများကို ရှင်းလင်းပြတ်သားစွာ နားလည်ထားမှသာ၊ ပြတ်သားစွာ သတ်မှတ်ပြဋ္ဌာန်းထားမှသာလျှင် အဆိုပါဝိရောဓိများ၊ ပဋိပက္ခများကို ကောင်းစွာစီမံဖြေရှင်းနိုင်ပေမည်။

မန်နေဂျာတစ်ဦးသည် မိမိအလေးထားသည့် တန်ဖိုးထားသည့်အရာများကို ရှင်းလင်းပြတ်သားစွာ ဖော်ထုတ်သိရှိပြီး ဂုဏ်သိက္ခာရှိစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ပေသည်။လူမှုရေးရာဖိအားများကင်းလွတ်ပြီး၊ ပုဂ္ဂလိကစိတ်ခံစားမှုများကင်းရှင်းစွာဖြင့် လက်တွေ့ကျင့်သုံးဆောင်ရွက်နိုင်ပေသည်။ပဋိပက္ခများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ဦးစွာလက်ခံထားမည့်အချက်များမှာ -

     "၁။ မတူညီသော အမြင်များကိုသတိပြုရမည်။"
     "၂။ ကွဲပြားသောအမြင်များ၊ တန်ဖိုးများကို နားလည်ပေးနိုင်ရမည်။"
     "၃။ အခြားသူများ၏ အမြင်များကို သည်းခံခွင့်လွှတ်နိုင်ရမည်" ဖြစ်သည်။

အဆိုပါအချက်များကို ဦးစွာလက်ခံထားမှသာ ပဋိပက္ခများကို ဖြေရှင်းနိုင်ပေမည်။တူညီသည်များကို ပေါင်းစည်းနိုင်ရမည်။မတူညီသောအမြင်များအတွက် လွတ်လပ်စွာ သဘောထားကွဲနိုင်သည်။သို့သော် ပဋိပက္ခများ ဖြစ်ပေါ်မလာစေရန်

     "၁။ ပြုပြင်ပြောင်းလဲခြင်း (Personnel changes)"
     "၂။ အပေးအယူလုပ်ခြင်း (compromises)’’
     "၃။ ညှိနှိုင်းပြင်ဆင်ခြင်း (Adjustment)" တို့ ဆောင်ရွက်နိုင်ပေသည်။

မတူ‌ညီသောအမြင်များ ရှုထောင့်များကို လိုက်လျောညီထွေရှိစေရန်၊ ကူညီဆောင်ကြဉ်းရန် အဆိုပါနည်းလမ်းများကို ကျင့်သုံးဖြေရှင်းနိုင်ပေသည်။

တန်ဖိုးနှင့်စပ်လျှဉ်း၍ အမျိုးအစားအမျိုးမျိုး ခွဲခြားနိုင်ပေသည်။ဤနေရာတွင်မှု ခွဲခြားမှုအမျိုးအစားနှစ်ရပ်ကို ဖော်ပြလိုသည်။

     ၁။ ပန်းတိုင်စပ်လျဉ်းတန်ဖိုး (Terminal values)
     ၂။ အကောင်အထည်ဖော်ပြမှုဆိုင်ရာတန်ဖိုး (Instrumental values)

ပန်းတိုင်နှင့် စပ်လျဉ်းတန်ဖိုးတွင် ‘မိမိသည် ကြွယ်၀ချမ်းသာလိုသူလား၊ ဇိမ်ရှိရှိ သက်သက်သာသာနေလိုသူလား၊ ဉာဏ်ပညာကြီးမားလိုသူလား၊ ကယ်တင်ရှင်လား၊ ကမ္ဘာကြီးကိုငြိမ်းချမ်းစေချင်သူလား’ စသည်ဖြင့် မိမိရည်မှန်းချက်၊ ပန်းတိုင်နှင့် စပ်လျဉ်းသော တန်ဖိုးများပါဝင်သည်။

အကောင်အထည်ဖော်ပြမှုဆိုင်ရာတန်ဖိုး (သို့မဟုတ်) တိုင်းတာမှုဆိုင်ရာတန်ဖိုးများတွင် ပန်းတိုင်ရောက်ရှိစေနိုင်မည့် နည်းလမ်းများ၊ ယုံကြည်မှုများ၊ ပြုမှုဆောင်ရွက်ချက်များ၊ အကောင်အထည်ဖော်မှုများ ပါဝင်ပါသည်။ဥပမာအားဖြင့် မန်နေဂျာတစ်ဦးသည် ဖောက်သည်တစ်ဦး၏ အရေးတကြီး အလျဉ်စလို အမှာတစ်ခုကိုပေးပို့နိုင်ရန် အချိန်ပိုဆင်း၍ စီမံဆောင်ရွက်ခြင်းသည် ဖောက်သည်၏အခက်အခဲကို ကူညီဖြေရှင်းပေးလိုသော စိတ်နေသဘောထားကို လှစ်ဟပြခြင်းဖြစ်သည်။အဆိုပါစိတ်ထားသည် အခြားသူများကို ကူညီဆောင်ရွက်ပေးလိုသော ‘ဝန်ဆောင်မှု၏အခြေခံ’ သဘောတရားတစ်ရပ် (သို့မဟုတ်) စိတ်အလှကို လှစ်ပြသွားသည့် ဆောင်ရွက်ချက်ဖြစ်ပါ သည်။

မန်နေဂျာများ မိမိကိုယ်ကိုမေးမြန်းရမည့် မေးခွန်းမှာ -

     ၁။ "တန်ဖိုးစနစ်ကို တိုးတက်အောင်မြင်စေမည့် အချက်များ၊ အဖြစ်အပျက်များ၊ လှုပ်ရှားမှုများကို သတ်မှတ်ဖော်ဆောင်ပြီးပြီလား။"
     ၂။ "မိမိအပေါ်လွှမ်းမိုးနေသော အချက်များ၊ ဖြစ်ရပ်များ၊ ရင်းမြစ်များသည် ယခုအချိန်ထိ ခေတ်မှီနေပါသလား၊ ကိုက်ညီပါသလား၊ လိုက်လျောညီထွေရှိပါသလား။အရေးကြီးပါသလား။"
     ၃။ "မိမိခံယူထားသော၊ သတ်မှတ်ပြဋ္ဌာန်းထားသော တန်ဖိုးစံတို့သည် ခေတ်ကာလ၊ အခြေအနေနှင့် သင့်လျော်ပါသလား။ အံဝင်ခွင်ကျဖြစ်ပါသလား။"
     ၄။ "အဆိုပါတန်ဖိုး စံသတ်မှတ်ချက်များကို ပိုမိုလိုက်လျောညီထွေရှိဖို့ အချို့ကိုပြုပြင်ပြောင်းလဲဖို့ လိုအပ်သည်ဟု နားလည်မှတ်ယူပါသလား။" စသည်တို့ဖြစ်ပါသည်။

အနှစ်ချုပ်အနေဖြင့် ပြန်ပြောရမည်ဆိုပါလျှင် တန်ဖိုး (Value) ဆိုသည်ကို ဂဃနဏနားလည်သိရှိထားဖို့ဖြစ်ပါသည်။ မိမိနားလည်ခံယူထားသောတန်ဖိုးကို ဆန်းစစ်ဖို့လိုပါသည်။မိမိနားလည်တန်ဖိုးထားသည့်အရာများသည် အခြားသူများနှင့် အမြင်တူသည်များရှိနိုင်သလို အမြင်မတူကွဲပြားမှုများရှိနိုင်ပေသည်။သို့ဖြစ်ရာ မိမိတန်ဖိုးထားသည့်အရာများကို အခြားသူများသိရှိစေရန် ရှင်းလင်းပြောကြားထားဖို့ လိုအပ်ပါသည်။

တစ်ခါတစ်ရံတွင် မန်နေဂျာတစ်ဦး၏ တန်ဖိုးထားမှုနှင့် အဖွဲ့အစည်း၏ တန်ဖိုးထားမှု ဝိရောဓိဖြစ်နိုင်ပေသည်။အဖွဲ့အစည်းအတွင်း မတူညီသောအမြင်များရှိနိုင်သည်ကို နားလည်လက်ခံပြီး၊ ပဋိပက္ခများနည်းအောင် ပြုပြင်ပြောင်းလဲခြင်း၊ အပေးအယူလုပ်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများဖြင့် ဆောင်ရွက်နိုင်ပါသည်။

မန်နေဂျာတစ်ဦးအနေဖြင့် ပန်းတိုင်နှင့် နည်းလမ်းကို ကွဲပြားစွာသိဖို့လိုသည်။စီမံခန့်ခွဲမှုတွင်အကောင်းဆုံး (The Best) ဆိုသည်ကို လက်ခံမထားချေ။ကောင်းသည်ထက်ကောင်းရမည်။ (to be better and better) ဟူသော အယူအဆကို လက်ကိုင်ထားရသည်။မန်နေဂျာတစ်ဦး၏တာဝန်မှာ - မိမိလုပ်ငန်းအဖွဲ့အစည်း ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင်မြင်ရေးအတွက် အဓိကအခန်းကဏ္ဍတွင်ရှိပေရာ ရည်မှန်းရာ ပန်းတိုင်ရောက်ရှိရေးအတွက် အရင်းအမြစ် (Resources) ကို စနစ်တကျစီမံခန့်ခွဲလျှက် သင့်တော်မှန်ကန်သော၊ ကောင်းသည်ထက်ကောင်းသော နည်းလမ်းများ၊ ချဉ်းကပ်မှုများဖြင့် နောက်လိုက်နောက်ပါဝန်ထမ်းများကို ဦးဆောင်ကွပ်ကဲ၍ အောင်မြင်မှုရရှိအောင် ဆောင်ရွက်နိုင်ရမည်ဖြစ်ပါသည်။

မှူးခန့်စံ
ဖေဖော်ဝါရီ - ၉