【 ဆောင်းပါး 】 “ကိုယ့်သဘောနဲ့ကိုယ်”

【 ဆောင်းပါး 】 “ကိုယ့်သဘောနဲ့ကိုယ်”

ဒီဇင်ဘာ နောက်ဆုံးအပတ်လောက်က တပည့်လေးတစ်ယောက်နှင့်တွေ့သည်။သူ့အသက်က လေးဆယ်ကျော်နေပြီ။သူ့သားနှစ်ယောက်တောင် လူပျိုပေါက်လေးတွေဖြစ်နေကြပြီ။

Happy New Year အတွက် သူတို့အိမ်မှာ အကျွေးအမွေးလေးတစ်ခုလုပ်ပြီး ဘီယာနှင့် ဝိုင်သောက်ရန် စီစဉ်ထားကြောင်း ပြောသည်။ကျွန်တော့်ဆီမှာ သူနှင့်အတူ စာသင်ခဲ့ကြသော သူငယ်ချင်းတချို့လည်းလာမည်ဖြစ်၍ ကျွန်တော့်ကိုလည်း အားရင်လာဖို့ ဖိတ်သည်။ကျွန်တော်မလာနိုင်ကြောင်း ပြောခဲ့ပါသည်။တပည့်က ဆရာ့ကို အရက်ဝိုင်းသို့ဖိတ်ခေါ်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ပြီး ရှက်မိသည်။သူတို့စီစဉ်သည့်ပွဲလေးမှာ နှစ်သစ်အကူး မင်္ဂလာအခါဖြစ်နေ၍ အရက်မထည့်ဖို့ ပြောချင်တာကိုလည်း မပြောဖြစ်ခဲ့ပါ။ဖုန်းထဲက စကားပြောခဲ့ရသည့်အတွက် ကိုယ်ပြောချင်သည့် အဓိကအချက်ကိုမရောက်မှာလည်း စိုးရိမ်ရသေးသည်လေ။

တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း လူငယ်ဘဝအစမှာ အရက်ကို စွဲစွဲမြဲမြဲသောက်ခဲ့ဖူးပါသည်။အစကတော့ သူငယ်ချင်းများနှင့် တစ်ခါတလေသောက်သည်။နောက်ပိုင်းတော့ မင်္ဂလာဆောင် တီးဝိုင်းတွေမှာ သီချင်းဆိုရင်း သောက်ဖြစ်သည်။အလုပ်ဝင်ပြီးနောက်တော့ နေ့တိုင်းသောက်ခဲ့သည်။လေးနှစ်ကျော် ငါးနှစ်နီးပါး အရက်သမားဖြစ်ပြီး တစ်ချိန်မှာတော့ ကျေးဇူးရှင်ဆရာနှင့် ဆုံခဲ့သည်။ဆရာနှင့် အနေကြာလာပြီးနောက် မကြာခင်မှာပဲ ကျွန်တော်အရက်ပြတ်သွားခဲ့ပါသည်။ကျွန်တော့်ကို ဆရာပြောသည့် စကားတွေထဲက တစ်ခုကို ပြန်ပြောပြချင်ပါသည်။

     ဥပမာအားဖြင့် အဖေတစ်ယောက်မှာ အပျိုအရွယ် သမီးလေးတစ်ယောက်ရှိသည်ထားပါတော့။ဖခင်တစ်ယောက်အနေနှင့် သူ့သမီးလေးကို မဖြစ်သင့်တာမဖြစ်အောင် ပြောဆိုဆုံးမကာ ဂရုတစိုက်ထိန်းကျောင်းနေမှာ သေချာပါသည်။သူပြောဆိုဆုံးမနေသည့်ကြားမှ သူ့သမီးလေးသည် အကြောင်းတစ်ခုခုကြောင့် ညဘက် ညဘက် ဆယ့်နှစ်နာရီကျော်ကျော်ခန့်မှာ အပြင်ထွက်သွားသည်ဆိုပါစို့။ထိုအချိန်အခါမျိုးသည် မိန်းမပျိုလေးတစ်ယောက်အတွက် ဘာမဆိုဖြစ်နိုင်သဖြင့် အတော်အန္တရာယ်ကြီးလှပါသည်။ထိုအချိန်မျိုးမှာ သမီးဖြစ်သူ အပြင်မထွက်ရန် အဖေက တားဆီးမည်မှာ သေချာပါသည်။တားဆီးနေသည့်ကြားမှ သမီးဖြစ်သူက လစ်ရင်လစ်သလို အပြင်ထွက်ထွက်နေသဖြင့် အန္တရာယ်ဖြစ်နိုင်ကြောင်းပြောပြီး ညဉ့်နက်သန်းခေါင်အပြင်မထွက်ရန် ဆက်လက်တားမြစ်သည်။ထိုအခါ သမီးက ညဘက် တစ်ယောက်တည်းအပြင်သွားနေတာ ကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ ဘာတစ်ခုမှ အစွန်းအထင်းမရှိဘဲ ဘေးအန္တရာယ်ကင်းနေကြောင်း ပြန်ပြောသည်။မိန်းမပျိုလေးတစ်ယောက်အနေနှင့် ခုလိုညဉ့်နက်သန်းခေါင်အချိန်မှာ သွားလာနေခြင်းသည် တစ်နေ့မဟုတ် တစ်နေ့ အန္တရာယ်တစ်ခုခုနှင့် သေချာပေါက်ကြုံရမည် ထို့ကြောင့် အဖေက ဆက်လက်တားမြစ်နေဦးမည်ဖြစ်သည်။သမီးဖြစ်သူကလည်း ဘာအန္တရာယ်မှမဖြစ်လို့ ဆက်လုပ်နေဦးမည်ဟု ပြောသည်။အဖေဖြစ်သူက တစ်နေ့မဟုတ် တစ်နေ့ အန္တရာယ်ဖြစ်ဖို့ သေချာသည်ဟုဆိုကာ တားသည်။သမီးအနေနှင့် စဉ်းစားတွေးတောဖို့တော့ လိုအပ်လာပါသည်။အနည်းဆုံး ဂုဏ်သိက္ခာထိခိုက်နေပါပြီ။နောက်ဆက်တွဲအနေနှင့်လည်း အရှက်လား အသက်လား၊ အရှက်ရော အသက်ရော နှစ်ခုလုံးလားလို့ စိုးရိမ်စရာဖြစ်နေပါပြီ။ တားမြစ်သည့် အဖေကပဲ အစိုးရိမ်ကြီးနေတာလား သမီးကရော ဒီလိုပဲဆက်သွားသင့်လားလို့ ကျွန်တော့်ကို ဆရာက မေးခဲ့သည်။ဆက်ပြီးတော့ အရက်မသောက်ဖို့ တားမြစ်သူက အစိုးရိမ်ကြီးနေတာလား တစ်ချိန်မဟုတ် တစ်ချိန်မှားနိုင်သည့် အရက်ကို ဆက်သောက်သင့်လားလို့ မေးခဲ့သည်။

ထိုအကြောင်းကို Happy New Year လာဖို့ ဖိတ်သည့် တပည့်လေးတွေကို စာသင်ခဲ့သည့်အချိန်က ပြောဖြစ်လား မပြောဖြစ်လား မမှတ်မိတော့ပါ။ကျောင်းသားတော်တော်များများကိုတော့ တိုက်ဆိုင်ရင် တိုက်ဆိုင်သလို ပြောဖြစ်ခဲ့ပါသည်။

တစ်ဆက်တည်း ငါးရာ့ငါးဆယ်ဝတ္ထုလာ သုရာပါနဇာတ်မှ သာဂတမထေရ်အကြောင်း ထပ်ပြောချင်ပါသေးသည်။

     တစ်ခါသော် မြတ်စွာဘုရားရှင်သည် သာဝတ္ထုပြည်၌ ဝါဆိုတော်မူပြီး ဒေသစာရီကြွချီတော်မူသည်။ဘဒ္ဒဝတီ အမည်ရှိသောရွာသို့ ရောက်သောအခါ နွားကျောင်းသားများ လယ်သမားများနှင့် ခရီးသွားအချို့သည် ဘုရားရှင်ကို ရှိခိုးဦးချပြီးနောက် ရှေ့ခရီးသည် အန္တရာယ်ရှိသောကြောင့် ဆက်လက်မကြွရောက်ပါရန် ဝိုင်းဝန်းတားဆီးကြသည်။ရှေ့နားတွင်ရှိသော ရသေ့ကျောင်းမှာ ကြမ်းတမ်းခက်ထန်ပြီး အဆိပ်ပြင်းသော အမ္ဗတိတ္ထ နဂါးမင်းနေကြောင်းနှင့် ထိုနဂါးမင်းသည် အလွန်အန္တရာယ်ကြီးကြောင်း လျှောက်တင်ကြသည်။ဘုရားရှင်က ထိုသူတို့ကို စိုးရိမ်စရာမရှိကြောင်းပြောပြီး ခရီးဆက်လက်ကြွချီလာပြီးနောက် ဘဒ္ဒဝတီရွာအနီးရှိ တစ်ခုသော တောအုပ်မှာ သီတင်းသုံးနေလေသည်။ဘုရားရှင်နှင့် အတူပါလာပြီး ဘုရားရှင်၏ အလုပ်အကျွေးဖြစ်သော သာဂတမထေရ်သည် အရိယာမဖြစ်သေးသော်လည်း လောကီဈာန်တန်ခိုးနှင့်ပြည့်စုံ၏။ဘုရားရှင်က အမ္ဗတိတ္ထ နဂါးမင်းကို နှိမ်နင်းရန် သာဂတမထေရ် ကို တာဝန်ပေး သည်။သာဂတမထေရ်သည် ရသေ့ကျောင်းသို့ ရောက်သောအခါ နဂါးမင်း၏နေရာအရပ်၌ မြက်အခင်းကိုခင်းကာ ထက်ဝယ်ဖွဲ့ခွေထိုင်နေလိုက်၏။နဂါးမင်းသည် သူ့နေရာမှာလာထိုင်နေသော သာဂတမထေရ် ကို တွေ့သောအခါ ဒေါသပြင်းစွာထွက်သွားပြီး သာဂတမထေရ်ထံသို့ အခိုးမီးလျှံများလွှတ်၏။သာဂတမထေရ် က နဂါးထက်ပြင်းထန်သော အခိုးမီးလျှံများ ပြန်လွှတ်၏။နဂါးမင်းက ပိုပြင်းသောမီးလျှံများ လွှတ်ပြန်၏။သာဂတမထေရ် က နဂါးမင်းထက် များစွာပြင်းထန်သောမီးလျှံကို ထပ်လွှတ်၏။နောက်ဆုံးတွင် နဂါးမင်းသည် သာဂတမထေရ်၏ တန်ခိုးကို မယှဉ်ပြိုင်နိုင်တော့သဖြင့် မာန်စွယ်ကျိုးပြီး မထေရ်ကို ရှိခိုးရတော့၏။မထေရ်လည်း နဂါးမင်းကိုဆုံးမကာ သရဏဂုံနှင့် သီလတည်စေပြီး ဘုရားရှင်ထံပြန်ခဲ့သည်။မြတ်စွာဘုရားသည် ဘဒ္ဒဝတီရွာမှာ ရက်အတန်ကြာ သီတင်းသုံးနေတော်မူပြီးနောက် ကောသမ္ဗီပြည်သို့ ဆက်လက်ကြွခဲ့သည်။နဂါးမင်းကို ဆုံးမခဲ့သော သဂတမထေရ်၏ ဂုဏ်သတင်းကလည်း မြို့ရွာအနှံ့ ပျံ့နှံ့နေလေ၏။ကောသမ္ဗီပြည်သားတို့သည် ဘုရားရှင်ကို ဦးစွာကန်တော့ကြသည်။ထို့နောက် သာဂတမထေရ်ထံ ဝင်ရောက်၍ ရှိခိုးကန်တော့ကြသည်။သာဂတမထေရ်ကိုလည်း ထူးထူးခြားခြား ဂုဏ်ပြုပူဇော်ကာ လှူဒါန်းလိုကြ၏။ထူးကဲသော ရှားပါးပစ္စည်းလှူချင်ကြောင်း လျှောက်ထားတော့ သာဂတမထေရ် က ဆိတ်ဆိတ်နေ၏။ကောသမ္ဗီမြို့သားတို့သည် အလွန်ရခဲပြီး ကြည်လင်သော အရောင်အဆင်းရှိကာ အရသာလည်းကောင်းသော သူရာရည်ကို သေသေချာချာစီရင်၍ မထေရ်ကို ဂုဏ်ပြုလှူဒါန်းရန် အကြံဖြစ်ကြ၏။ကောသမ္ဗီမြို့သားတို့လည်း နောက်တစ်နေ့တွင် အိမ်တစ်အိမ်၌ ဘုရားရှင်ကို သီးခြားဆွမ်းကပ်သည်။သာဂတမထေရ် ကို အခြားအိမ်များသို့ပင့်ဖိတ်ကာ ကြည်လင်ပြီး အရသာကောင်းသော သူရာအရက်ကို လှူ၏။သာဂတမထေရ်လည်း တစ်အိမ်ပြီး တစ်အိမ်သောက်ကာ လူမှန်းမသိအောင် မူးယစ်သွားလေသည်။အပြန်တွင် မြို့တံခါးနားမှာ မူးပြီးလဲလေရာ လုံးဝမထနိုင်တော့ပေ။ဘုရားရှင် ဆွမ်းစားပြီး တရားဟောကာ ပြန်လာသောအခါ မြို့တံခါးမှာ မူးပြီးလဲနေသော သာဂတမထေရ် ကို မြင်လိုက်ရသဖြင့် ရဟန်းများအား သူ့ကိုတွဲခေါ်ခဲ့ရန် ပြောသည်။ကျောင်းတော်သို့ရောက်သောအခါ ရဟန်းများက သာဂတမထေရ် ကို ဘုရားရှင်ဘက်သို့ ခေါင်းထားကာ လှဲပေးလိုက်သည်။သာဂတမထေရ်သည် မူးရူးယောင်ယမ်းကာ ခန္ဓာကိုယ်ကိုတစ်ပတ်လည်ကာ ဘုရားရှင်ဘက်သို့ ခြေဆင်းလျက်အနေအထားဖြစ်သွားသည်။ရဟန်းတို့လည်း ဘုရားရှင်ဘက်သို့ ခြေဆင်းထားသော သာဂတမထေရ် ကို ကြည့်ပြီး အတော်စိတ်ပျက်သွားကြသည်။ထိုအခါ ဘုရားရှင်က ရဟန်းတို့နှင့် အမေးအဖြေပြုလုပ် ပြောဆိုသည်။

     “ရဟန်းတို့ သာဂတမထေရ်သည် ရှေးက ငါဘုရားကို အထူးရိုသေ၏။ယခု သူ၏ရိုသေမှုတွေရှိသေးလား”
     “မရှိတော့ပါဘုရား”
     “ရဟန်းတို့ အမ္ဗတိတ္ထမည်သော နဂါးမင်းကို ဘယ်သူဆုံးမခဲ့တာလဲ”
     “သာဂတမထေရ် ဆုံးမခဲ့ကြောင်းပါ ဘုရား”
     “ယခုအခါ သာဂတမထေရ်သည် နဂါးမင်းကို မဆိုထားနှင့် ရေမြွေတစ်ကောင်ကိုတောင် ဆုံးမနိုင်စွမ်းရှိပါဦးမလား”
     “မစွမ်းနိုင်တော့ပါဘုရား”
     “ရဟန်းတို့ သူရာကိုသောက်လျှင် အမှတ်သညာကင်းခြင်းဖြစ်၏။သည်ကဲ့သို့သော သူရာကို သောက်သင့်မည်လော”
     “မသောက်သင့်ပါဘုရား”

ဘုရားသခင်က သာဂတမထေရ်၏ အဖြစ်သည် အလွန်ရှက်စရာကောင်းကြောင်းပြောကာ အကယ်၍ သူရာအရက်ကိုသောက်ခဲ့လျှင် ပါစိတ်အာပတ်သင့်စေဟု ရဟန်းတို့အတွက် သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့လေသည်။

အရက်သေစာသောက်စားခြင်းသည် ဒုစရိုက်ဆယ်ပါးမှာ မပါရှိသော်လည်း ငါးပါးသီလ ရှစ်ပါးသီလ စောင့်ထိန်းရာမှာတော့ အဓိကပါဝင်ပါသည်။

အရက်သောက်ခြင်းသည် အပြစ် ရှိ၊ မရှိ မသေချာသော်လည်း အရက်သောက်ခြင်းကြောင့် သူ့အသက်ကိုလည်း သတ်နိုင်ပါသည်။သူ့ဥစ္စာကိုလည်း ခိုးယူနိုင်ပါသည်။သူ့အိမ်ရာကိုလည်း ပြစ်မှားနိုင်ပါသည်။လိမ်လည်ပြောဆိုခြင်းလည်း အလွယ်တကူပြုလုပ်နိုင်ပါသည်။ ထို့ကြောင့်လည်း ဘုရားရှင်က မမှားသင့်တာမမှားရန် ကြိုတင်ကာကွယ်သည့်အနေနှင့် တားမြစ်ခဲ့ခြင်းဖြစ်ပါသည်။

အရက်စသော မူးယစ်ဆေးဝါးများကို သုံးစွဲရုံနှင့် ဒုစရိုက်အမှုကြီးကျူးလွန်တာမဟုတ်သည့်အတွက် မသောက်ပါနှင့် မသုံးပါနှင့်လို့တော့ မပြောလိုပါ။နောက်ဆက်တွဲပြစ်မှုကြီးတွေ ကျူးလွန်လာနိုင်သည့်အတွက် မသောက်သုံးသင့်ကြောင်း တားမြစ်ခြင်းသည် အစိုးရိမ်ကြီးနေတာလည်းမှန်ပါသည်။သောက်သုံးလိုက်သည့်အတွက် ရခဲလှသော လူ့ဘဝမှာ နာမည်ပျက်ခြင်း အရှက်ရနိုင်ခြင်း အသက်ဆုံးရှုံးနိုင်ခြင်း ဒုစရိုက်မှုတွေ ကျူးလွန်လာနိုင်ခြင်းတွေကလည်း မှန်နေပါသည်။သို့သော်လည်း လောဘ ဒေါသ မောဟ မီးတွေဟုန်းဟုန်းတောက်နေသော ယနေ့ခေတ်ကာလမှာ အရက်သောက်တာ မူးယစ်ဆေးသုံးတာတွေက နေရာတော်တော်များများမှာ ယဉ်ကျေးမှုတစ်ခုလိုတောင် ဖြစ်နေပါပြီ။

သို့သော်လည်း လောဘ ဒေါသ မောဟ မီးတွေဟုန်းဟုန်းတောက်နေသော ယနေ့ခေတ်ကာလမှာ သီလလုံခြုံထားသူက မိမိဆီမှာပူးကပ်နေသော အကုသိုလ်စိတ်ကိုရော မိမိအပေါ်ကျရောက်လာနိုင်သည့် ပြင်ပအန္တရာယ်ကိုရော ကာကွယ်တားဆီးနိုင်ပါသည။

အရက်သောက်တာ မသောက်တာ မူးယစ်ဆေးသုံးတာ မသုံးတာကတော့ - ကိုယ့်သဘောနှင့်ကိုယ်ပါလို့။

ရိုက်မောင်း
ဖေဖော်ဝါရီ - ၁၅