【 ဆောင်းပါး 】 “တောရိုင်းဝါဒ ခေါင်းထောင်ထတဲ့ ခေတ်”

【 ဆောင်းပါး 】 “တောရိုင်းဝါဒ ခေါင်းထောင်ထတဲ့ ခေတ်”

အခုဖြစ်နေတာတွေကိုကြည့်ပြီး ကျွန်တော်တို့မရောက်ဖူးသေးတဲ့ တရားမဲ့တဲ့ခေတ်ဆိုးကြီးထဲကို ရောက်မှန်းမသိ ရောက်နေပြီဆိုတာ တွေးမိလိုက်ပါတယ်။ရပ်ကွက်တွေထဲမှာ လမ်းတွေထဲမှာ မတရားတာတွေကို ဝင်တားပေးမယ့်သူတွေ ဟန့်ပေးမယ့်သူတွေ မရှိတော့ဘူးလားဆိုတာ တစ်ခါတလေမေးမိချင်သလို ကိုယ်ကိုယ်တိုင်ကကော ဒီလိုဝင်တားဖို့ ဝင်ဟန့်ဖို့ မလုပ်ရဲတော့ဘူးလားဆိုတာ တွေးမိတိုင်း ကိုယ့်ကိုယ်ကို စက်ဆုပ်ရွံရှာမိပါတယ်။တစ်ခါတလေ အတိတ်က ကျွန်တော့်သူရဲကောင်းဖြစ်ခဲ့တဲ့သူတွေမျက်နှာကို မကြည့်ချင်လောက်အောင် ကျွန်တော်တို့တွေ့ကြုံနေရတာတွေက သိမ်ငယ်စရာတွေပါ။

ကျွန်တော်တို့ငယ်စဉ်ကဆို ရပ်ထဲရွာထဲတစ်ခုခုဖြစ်ရင် ဘထွေးလေး အသံတစ်ချက်နဲ့ ဘယ်သူမှတုပ်တုပ်မလှုပ်ရဲပါဘူး။ဒီလိုဆိုတော့ ဘဒွေးလေးဆိုတာကို ဗလကောင်းကောင်း နဲ့လူလို့ ထင်စရာပါ။တစ်ကယ်တော့ ကျွန်တော်တို့မှတ်မိချိန်မှာ ဘထွေးလေး က တော်တော်အသက်ကြီးနေပြီး တောင်ဝှေးထောက်ပြီး လမ်းလျှောက်နေရတဲ့အရွယ်ရောက်နေပါပြီ။ရပ်ထဲရွာထဲက ဘထွေးလေးရဲ့ ကိုယ်ကျင့်တရားနဲ့ မမှန်တာကို ဘယ်တော့မှမလုပ်တဲ့အတွက် ဘထွေး ဆုံးဖြတ်ပြီးရင် အားလုံးကလိုက်နာကြတာ၊ ဘယ်သူမှ စောဒကမတက်ကြတာ ကျွန်တော်တို့ရပ်ရွာရဲ့ အစဉ်အလာပါ။ဒီအစဉ်အလာက ဘ‌ဒွေးလေး သေပြီးတဲ့အထိ ရှိနေခဲ့တာပါ။

ဒီလိုမျိုးအစဉ်အလာဆိုတာ  ကျွန်တော်နေထိုင်ရာ အရပ်တစ်ခုသာရှိမယ်လို့ ငယ်တုန်းကထင်ခဲ့ပေမယ့် ကြီးလာတော့ မြန်မာနိုင်ငံရဲ့ အရပ်ဒေသတိုင်းမှာ ဘဒွေးလေးလို အရပ်ကလေးစားရတဲ့သူတွေစကားကို နားထောင်ပြီး ရပ်ထဲရွာထဲ တရားမျှတမှုကို တည်ထောင်ခဲ့ကြပါလားဆိုတဲ့ ရှေးမြန်မာ့စဉ်လာ ထုံးတမ်းဓလေ့ကို သိခဲ့ရပါတယ်။ဒီလို တရားမျှတစွာရပ်တည်လေ့ရှိကြတဲ့ အရပ်လူကြီးတွေရဲ့ အခန်းကဏ္ဍက မြန်မာမှုနယ်ပယ်မှာ ကြီးမားခဲ့ပါတယ်။ရပ်ရွာကလေးစားတဲ့လူတွေကိုကြည့်မယ်ဆိုရင် မူးယစ်သေစာ သောက်စားရောင်းဝယ်တဲ့သူ၊ သူတစ်ပါးသားမယား ဖျက်ဆီးပစ်မှားတာ၊ ဇိမ်ခံထောင်စားတာ၊ လူအချင်းချင်းခေါင်းပုံဖြတ်တာ၊ လောင်းကစားအလုပ်တွေ လုပ်ကိုင်စားသောက်တာ၊ ငွေတိုးချစားတာ၊ နှိပ်စက်သတ်ဖြတ်တာ စတဲ့ ကံငါးပါးကို မကျူးလွန်ဘဲ လုံအောင်ထိန်းတဲ့သူတွေဖြစ်ကြတာကို တွေ့ရတာများပါတယ်။ဒါဟာ တစ်နည်းပြောရရင် နာယကဂုဏ်ပြည့်စုံတဲ့သူတွေသာ တွင်ကျယ်တဲ့ ခေတ်ကောင်းလို့တောင် ပြောလို့ရတဲ့ကာလတွေပါ။

အရပ်ထဲ လူကြီးဆိုသူတွေက ဒီခေတ်နဲ့မတူပဲ တရားမျှတအောင်နေထိုင်ကြသလို နေရာတကာမှာ ပါဝင်လေ့မရှိကြပါဘူး။ဒီလိုပဲ ရပ်ရွာကကိုးကွယ်တဲ့ ဘုန်းတော်ကြီးတွေကလည်း ရပ်ထဲရွာထဲ သြဇာညောင်းကြတဲ့အထိ သီလ၊ သမာဓိ၊ သိက္ခာပိုင်းက မှတ်ကျောက်တင်ခံဝံတဲ့အထိ ကင်းစင်ကြပါတယ်။ဒီလိုဖြူစင်ကြတဲ့အတွက် ရပ်ထဲရွာထဲ အရက်သမားတွေ၊ လောင်းကစားသမားတွေ၊ မဟုတ်တာလုပ်တဲ့သူတွေဆိုရင် ရပ်ထဲရွာထဲမနေဝံ့ဘဲ ရွာပြင်ထွက်နေထိုင်ရတဲ့အထိ မြန်မာလူ့ဘောင်အဖွဲ့အစည်းက တော်တော်လေး အချင်းချင်းစောင့်ရှောက်ဖေးမမှု အားကြီးခဲ့ပါတယ်။ဒီလိုအားကောင်းတဲ့အတွက် မတရားမှုကျူးလွန်တဲ့သူတွေ မတရားတဲ့အလုပ်တွေမှာ လုပ်ကိုင်တဲ့သူတွေ ရပ်ရွာကမဆက်ဆံပဲ ဖယ်ကျဉ်ကြတဲ့အထိ မြန်မာလူ့အဖွဲ့အစည်းရဲ့ တရားမှုကိုမြတ်နိုးပြီး မတရားတဲ့သူတွေကို ဒဏ်ခတ်အပြစ်ပေးမှုက ပြင်းထန်ခဲ့ပါတယ်။

အဓိကပြောချင်တာက တစ်ဦးနှင့်တစ်ဦးစောင့်ရှောက်မှု တရားထွန်းကားခဲ့တာကိုပါ။အဲ့ဒီကောင်းမွန်တဲ့ ထုံတမ်းဓလေ့က ဘယ်အချိန်မှာ လုံးဝပျောက်ကွယ်သွားလဲ၊ ဘယ်အချိန်က စပျောက်သွားလဲ၊ ပျောက်ကွယ်သွားတဲ့အတွက် ဘယ်လိုဆိုးကျိုးတွေဖြစ်ထွန်းလာသလဲဆိုတာ သေချာစဉ်းစားသုံးသပ်တွက်ချက်ကြည့်ရင် ဝမ်းနည်းဖို့လည်းကောင်းသလို ယူကျူံးမရဖြစ်ဖို့လည်းကောင်းပါတယ်။  

ယခုလမ်းသွားတဲ့အခါ ဘာကိုတွေ့ရသလဲဆိုရင် လူတွေက ကိုယ့်ကိစ္စကနေလွဲပြီး ဘာကိစ္စကိုမှ သိပ်ပြီးဂရုမစိုက်ကြတာကို တွေ့ရပါတယ်။ဘေးမှာ ဘာတွေပဲအမြင်မတော်နေသည်ဖြစ်စေ ပါဝင်စွက်ဖက်ဖို့ဝေးစွ၊ ကိုယ်နဲ့မဆိုင်သလိုနေကြတာများပါတယ်။ဒါဟာ မြန်မာလူ့အဖွဲ့အစည်း ကျရှုံးမှုဖြစ်ပြီး မတရားမှုက မကြာခင်မှာ ကိုယ့်အိမ်ရှေ့ကို တံခါးလာခေါက်တဲ့အထိဖြစ်လာမှာ သေချာနေပြီဖြစ်ပါတယ်။လူနဲ့ တိရစ္ဆာန်မှာ ကွာခြားချက်တွေ အများကြီးရှိပါတယ်။လူဆိုတာ တိရစ္ဆာန်ဝါဒဖြစ်တဲ့ အားကြီးသူ အနိုင်ယူစတမ်းဆိုတဲ့အယူအဆ လူတွေမှာကျင့်သုံးလာတာများလာပြီဆိုရင် အဲဒီလူမှုအဖွဲ့အစည်းက ကျဆုံးသွားတာ ပြန်မတည့်မတ်နိုင်တော့တာကို ဆီးရီးယား၊ အီရတ်၊ အာဖဂန်နဲ့ ဆိုမာလီ၊ အီသီယိုပီးယားလို နိုင်ငံတွေရဲ့ အဖြစ်တွေကိုကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေဖြစ်တာဟာ ဉာဏ်ပညာအခြေပြုထက် ကိုယ်ကာယအခြေပြုလူမှုအဖွဲ့အစည်းကို ထူထောင်ခဲ့ကြတာကို ပြန်နောက်ဆုတ်လို့မရနိုင်လောက်အောင်ဖြစ်သွားတဲ့ အကျိုးဆက်ပါပဲ။

လူနှင့် တိရိစ္ဆာန် ကွာခြားချက်မှာ အမျိုးဇာတိကိုစောင့်ရှောက်ရာတွင် သိသိသာသာကွာခြားခြင်းပင်။အသိဉာဏ်ကြီးသည့် တိရိစ္ဆာန်များတွင်ပင် ၎င်းတို့မျိုးနွယ်တူခြင်းစောင့်ရှောက်ကြတာကို မြင်တွေ့ရလေ့ရှိပါတယ်။လူတွေမှာတော့ အတ္တကြီးလာသည့်အခါ တကယ်ကောင်းဆန်လာကြသည့်အခါ ယုတ်မာသည့်လုပ်ရပ်ကိုပင် ပြတ်သားသည့်လုပ်ဆောင်မှုအဖြစ် မြင်ကြသည်အထိ လူတွေ ပညာမဲ့လာကြပါတယ်။ထိုအခြေအနေက တကယ်တော့ ကောင်းသည့်အခြေအနေတော့မဟုတ်။

အမျိုးအနွယ်ကိုစောင့်ရှောက်ခြင်းနှင့်ပတ်သက်ပြီး ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်မှာ ကုက္ကုရဆိုတဲ့ ဇာတ်နိပါတ်တော်တစ်ခုရှိပါတယ်။ဒီဇာတ်တော်မှာ ခွေးတစ်ကောင်က သူ့အမျိုးအနွယ်တွေ ဘေးကျရောက်ချိန် ကယ်တင်ခဲ့တဲ့ ဇာတ်နိပါတ်တော်လည်းဖြစ်ပါတယ်။ဒီဇာတ်နိပါတ်ကို စဉ်းစားကြည့်လျှင် လူတွေ လူလူချင်းစောင့်ရှောက်မှု ကင်းမဲ့လာခြင်းက တိရစ္ဆာန်တွေထက် အသိဉာဏ်ရေချိန် နိမ့်ကျလာခြင်းလားဟု တစ်ခါတစ်လေတွေးမိပါတယ်။

စိတ်အားတင်းစရာတစ်ခုက မကြာသေးမီက ပြင်းထန်ခဲ့သည့် ကိုဗစ်တတိယလှိုင်းတွင် မည်သို့သော စီမံမှုအောက်မှမဟုတ်ဘဲ လူငယ်တွေ ကိုယ့်အသိစိတ်ဖြင့် တစ်ပိုင်တစ်နိုင် လူမှုလုပ်ငန်းများကို နိုင်သလောက်လုပ်ခဲ့ကြတာကိုပါ။မြင်ရခဲတဲ့ ကောင်းမွန်သော စိတ်အခြေခံကို သေခါနီးလူတွေ အတ္တကြီးနေချိန်မှာ လူငယ်ထုတွေထဲ ဖျပ်ကနဲတွေ့ရတာက အနာဂတ်အတွက် စိတ်ကျေနပ်စရာပါ။  

တစ်ကယ်ကတော့ လူတွေအားလုံးက ကိုယ့်မိသားစုဝင်တွေကို ဘယ်သွားသွား ဘေးအန္တရာယ်ကင်းစေလိုကြပါတယ်။အနှောင့်အယှက်ကင်းစေလိုကြပါတယ်။ဘယ်အရပ်ဒေသရောက်ရောက် စောင့်ရှောက်မယ့်သူတွေ ရှိစေချင်ကြပါတယ်။ဒါဆိုရင် ကိုယ်ကိုယ်တိုင်က ဘာသိဘာသာနေတဲ့ ဓလေ့စရိုက်ကို ဖယ်ရှားမှရပါလိမ့်မယ်။ကိုယ့်အနီးနားမှာ ကိုယ်နဲ့သိတဲ့သူဖြစ်စေ၊ မသိတဲ့သူဖြစ်စေ အနိုင်ကျင့်ခံနေရရင်၊ ဒုက္ခရောက်နေရင် ဝိုင်းကူရမယ့်တာဝန်ရှိပါတယ်။ဒါမှ အခုဖြစ်နေတာတွေ လျော့ပါးလာပါလိမ့်မယ်။

ပြည်သူတွေ အရင်ကလို ကိုယ့်ရှေ့မဟုတ်တာလုပ်ရင် ဝိုင်းတားမှဖြစ်ပါတော့မယ်။လုပ်မှလည်းဖြစ်တော့မယ့် အခြေအနေကိုရောက်နေပါပြီ။အခုအချိန်က ပြည်သူအချင်းချင်း စောင့်ရှောက်မှရမယ့်အချိန်ကို ရောက်နေပြီဖြစ်ပါတယ်။

ဖြိုးဝေလှ
သြဂုတ် - ၁၁