【 ဆောင်းပါး 】 “ဘီလူးကျွန်းနှင့် ရှမ်းကမ်း”

【 ဆောင်းပါး 】 “ဘီလူးကျွန်းနှင့် ရှမ်းကမ်း”

သက္ကရာဇ် ၂၀၀၀ လောက်ရောက်တော့ ကျနော်တို့ ဘီလူးကျွန်းတွင် ငွေသံကြေးသံများ ဆူဆူညံလာခဲ့သည်။ရွာထဲမှာပဲဖြစ်ဖြစ်၊ လူစည်ကားရာ တစ်နေရာရာမှာပဲဖြစ်ဖြစ် အာကျယ်ကျယ်နဲ့ ခပ်ထောင်ထောင်လုပ်နေသူဆို ဗေဒင်ဟောစရာမလို၊ သူ့ကို ရှမ်းကမ်းပြန်ဟု ဘီလူးကျွန်းသားတိုင်းက သိကြသည်။ရှမ်းကမ်းဆိုတာက ကျနော်တို့အရပ်ခေါ်၊ ထိုင်းနိုင်ငံကို ကျနော်တို့အရပ်က ဟိုးရှေးသရောအခါကတည်းက ရှမ်းကမ်းဟု ခေါ်ကြသည်၊ ထား။

ကျနော်တို့ ဘီလူးကျွန်းမှမဟုတ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် အောက်ပိုင်းတစ်ကြော မသန်စွမ်းနဲ့ စိတ်ကျန်းမာရေးမကောင်းသူကလွဲ လူငယ်အမျိုးသား ရာခိုင်နှုန်း ၉၀ ကျော်မှာ သက္ကရာဇ် ၂၀၀၀ ဝန်းကျင်တွင် ရှမ်းကမ်းသို့ သွားကြသည်။ရှမ်းကမ်း မသွားသူ ကျန် ၁၀ ရာခိုင်နှုန်းမှာ နိုင်ငံ့ဝန်ထမ်းဘဝဖြင့် ရောင့်ရဲသူနှင့် မိသားစုအလုပ်အကိုင် သို့မဟုတ် ကိုယ်ပိုင်အလုပ်အကိုင်ရှိသူများသာလျှင်ဖြစ်သည်။

၁၀ တန်းအောင်ဖို့ မလိုဘူး၊ ရှမ်းကမ်းမှာ အလုပ်သွားလုပ်နိုင်ဖို့ပဲလိုတယ်ဟု ဆိုကြသည်။ယင်းမှာ ကျနော်တို့ လူငယ်ဘဝတွင် ဘီလူးကျွန်း၌ သိသာထင်ရှားစွာထွက်ပေါ်လာသော စံဖြစ်သည်။ကျနော်က ရန်ကုန်တွင် မိဘများနှင့်အခြေချနေပြီဖြစ်သော်လည်း နှစ်စဉ် ကျောင်းပိတ်ရက်တိုင်း အဘွားရှိရင် ဘီလူးကျွန်းသို့ ပြန်နေကျ။ ၁၉၉၅ ခုနှစ်ဝန်းကျင်ကာလ၊ တစ်ခုသောနှစ်တွင် ကျနော် ဘီလူးကျွန်းပြန်လာတော့ ကျနော့်ငယ်သူငယ်ချင်းတစ်ဦးက ရှမ်းကမ်းသွားဖို့ ပြင်ဆင်‌နေသည့်အချိန်။သူက သူနဲ့အတူ ရှမ်းကမ်းလိုက်ရန် ကျနော့်ကို ယခုလိုဆွယ်ခဲ့ဖူးသည်။

‘မင်းကျောင်းပြီးလို့ ဘာဖြစ်မှာလဲ။ငါ အခု ၁၀ တန်း မအောင်ဘူး။မင်း ဂျီတီအိုင်ကျောင်းပြီးတဲ့အချိန် မင်းနဲ့ငါနဲ့ယှဉ်ကြည့်လိုက်၊ဘယ်သူကသာနေမလဲဆိုတာကို’ သူက လူ့အဖြစ်ကို ငွေနဲ့တိုင်းထွာ ဖွင့်ဆိုသည်။ကျနော်တို့ခေတ်ကြီးက ငွေဘယ်လိုနည်းနဲ့ရရ၊ ငွေရှိနေဖို့သာ အဓိကလို့ ပြတ်ပြတ်သားသားဖွင့်ဆိုနေသောကာလမို့ ကျနော်တို့ ဘီလူးကျွန်းသည်လည်း လူတစ်ယောက်အဖြစ်ကို ရှမ်းကမ်းနှင့် ဖွင့်ဆိုခြင်းမှာ အပြစ်တင်ရန်ခက်လှသည်။ငွေရှိမှဖြစ်မယ်လို့ အသံနက်ကြီးဖြင့် အော်ဟစ်နေချိန်တွင် လက်ဖက်ရည်ဆိုင်ထောင့်ကွေး၌ ကျနော်တို့ ဘီလူးကျွန်းထွက် မတင်နုဖက်ဖြူဆေးလိပ်ကိုခဲကာ သက်ပြင်းချနေမိသည်။

သက္ကရာဇ် ၂၀၀၀ ဝန်းကျင်တွင် စောစောစီးစီး ရှမ်းကမ်းရောက်သွားသူများမှာ အိမ်ဦးနဲ့ ကြမ်းပြင်ပမာ သွားလိုက်ပြန်လိုက်ဖြင့် အလုပ်ဖြစ်နေပြီဖြစ်သည်။ထိုသို့သောသူများအနက် တချို့မှာ ထိုင်းစကားကိုလည်း တီးမိခေါက်မိ၊ ခိုင်းသမျှ ဖင်ပေါ့ပြီး ပြန်လှန်မေးခွန်းထုတ်ခြင်းမရှိ လုပ်ကိုင်ကြသလို သစ္စာလည်းရှိသည်ဟု ထိုင်းသူဌေးက ယုံကြည်သဖြင့် လူယုံပင်ဖြစ်လို့နေပြီ။ထိုသို့သောလူယုံများက ပထမ၊ရွာသို့အလည်ပြန်လာသည့်အခါ ထိုင်းမှာအလုပ်လိုက်လုပ်ချင်သော သူတို့ဆွေမျိုးနဲ့ မိတ်ဆွေများကို ပြန်လျှင် ခေါ်သွားလေ့ရှိသည်။ထိုသို့ခေါ်သွားခြင်းမှာ အခမဲ့ဖြစ်ပြီး သိတတ်လို့ တုံ့ပြန်တာမျိုးကိုသာ ယူလေ့ရှိသည်။

နောက်ပိုင်း ထိုသို့အလုပ်ရှာပေးခြင်းကို ဝန်ဆောင်ခယူသင့်သည်ဟု ရှုမြင်လာသူတချို့က အလုပ်ပွဲစား၊ လူပွဲစား လုပ်လာကြသည်။တချို့ဆို ထိုင်းသူဌေးတစ်ယောက်တည်းတင်မက၊ သူဌေး ၂ ယောက်၊ ၃ ယောက်နဲ့ ချိတ်ဆက်ကာ စီးပွားရေးလုပ်ငန်းကြီးအသွင် ဆောင်ရွက်လာကြသည်။သူတို့မှာ စက်ရုံတွေထဲ အလုပ်မလုပ်တော့။လူခေါ်ပေးသည့်အလုပ်ကိုသာ ဇောက်ချလုပ်တော့သည်။လူပွဲစားများက သူဌေးဆီကလည်း လူခေါ်ပေးခ ပိုက်ဆံရ၊ အလုပ်သမားဆီကလည်း အလုပ်ရှာပေးခ ပိုက်ဆံရဖြင့် နှစ်သီးစားမို့ ဆူဖြိုးကြသည်။တချို့က ပထမတွင် ဝန်ဆောင်မှုအပြည့်၊ စေတနာအပြည့်၊ နောက်ပိုင်းမှာတော့ လျော့တိလျော့ရဲတင်မက အလိမ်အညာပါဖက်လို့။ထို့ကြောင့် ရပ်ထဲရွာထဲ နာမည်ပျက်စာရင်းဝင်လာသည်။သို့သော် ငွေသာလျှင် အဓိကဆိုတော့ နာမည်ပျက်တာတွေဘာတွေ ဂရုမစိုက်တော့။

တချို့ကျတော့ ဘီလူးကျွန်းရွာထဲတွင် ရှမ်းကမ်းနဲ့ဆက်သွယ်လို့ရမည့် ဖုန်းလိုင်းကို ထောင်ကြသည်။ဖုန်းလိုင်းဆိုတာက ကြိုးမဲ့ဆက်သွယ်ရေးစနစ်ဟု ထင်၏။ထိုဖုန်းလိုင်းရဖို့ရာ အင်တာနာတိုင်ထောင်၊ ဘထ္တရီအိုးတစ်လုံးနဲ့ အထိုင်ဖုန်းတစ်လုံးဝယ်၊ စုစုပေါင်း ၁၅ သိန်းကျပ်။ထိုင်းနယ်စပ်တွင်း အထိုင်ချထားသော ထိုင်းဖုန်းလိုင်းကို ၁၅ သိန်းပေး တပ်ဆင်ထားသော အင်တာနာတိုင်ဆီသို့ ချိတ်ဆက်ပေးသည့်သဘော။လစဉ်ကြေးအဖြစ် ကျပ် ၅ သောင်းဝန်းကျင် ထပ်ပေးရသေးသည်။ထို့ပြင် ထိုဖုန်းလိုင်းမှာ တရားမဝင်လိုင်းမို့ နယ်ထိန်းရဲကို လစဉ်သုံးထောင်လောက် ပေးရသေးသည်။

ရွာတိုင်းတွင် ရှမ်းကမ်းရောက်နေသူ သောက်သောက်လဲမို့ နေ့စဉ် ဖုန်းပြောသူမရှိမှာ မပူရသည့်အပြင် တန်းပင်စီရသေးသည်။များသောအားဖြင့် ထိုင်းရောက်နေသူဘက်က သူတို့မိဘသားမယားများကို ဆက်သွယ်ခြင်းဖြစ်သည်။ထိုကာလ ဖုန်းပြောခ တစ်မိနစ်ကို ကျပ် ၁၀၀။မရမ်းရွာတွင် ထိုင်းဖုန်းလိုင်းထောင်ဖူးသူ ကျနော့်ဦးလေးက ‘အဲဒီတုန်းက တော်တော်တွက်ချေကိုက်ခဲ့တာ’ ဟု ဆိုသည်။

တချို့ငွေရင်းရှိပြီး လုပ်စားတတ်သူက ဖုန်းလိုင်းထောင်ရုံတင်မက တရားမဝင်ငွေလွှဲလုပ်ငန်းကိုလည်း လုပ်ကိုင်သည်။ထိုလုပ်ငန်းလုပ်သူတို့မှာ ထိုင်းတွင်လည်း လူခံတစ်ယောက်ရှိပြီးသား။ငွေပို့ချင်သူက ထိုင်းက ငွေလက်ခံသူထံ ဘတ်ငွေပေး။ဘတ်ငွေကို ပုံမှန်ပေါက်ဈေးအောက် အနည်းငယ်လျှော့ရုံတင်မက လွှဲခကိုပါယူ၍ ငွေလွှဲဝန်ဆောင်မှုပေးခြင်းဖြစ်သည်။

‘ဘာပဲဖြစ်ဖြစ် ဘဏ်ကလည်းမရှိဘူး။ပြီးတော့ အခုပိုက်ဆံပို့ပြီဆိုတာနဲ့ ဘယ်လောက်ပို့တယ်ဆိုတာကို တစ်ခါတည်းဖုန်းနဲ့ပြောပြီးတာနဲ့ ရွာကလူက ပိုက်ဆံတစ်ခါတည်းထုတ်ရုံပဲဆိုတော့ ဈေးနှိမ်လည်း ဘယ်တတ်နိုင်မလဲ။နောက်ပိုင်း ငွေလွှဲလုပ်တာများလာတော့ ဈေးသိပ်နှိမ်လို့မရတော့ဘူး’ ဟု ဦးလေးကပြောပြသည်။

ထိုသို့ ထိုင်းနှင့်ဆက်စပ်သော လူပွဲစား၊ ဖုန်းနဲ့ ငွေလွှဲလုပ်ငန်းတို့မှာ အမှန်တကယ်အလုပ်ဖြစ်ခဲ့ကြသည်။ထိုင်းတွင် အလုပ်သွားလုပ်ကြသူများကရော မည်သို့ရှိသနည်း။ထိုင်းတွင် ကြုံးရုန်းအလုပ်လုပ်၊ ငွေကျစ်ကျစ်ပါစုပြီး အိမ်သို့ငွေပြန်ပို့ကြရုံတင်မက ဘီလူးကျွန်းနေ ကျန်ရစ်သူမိသားစုကလည်း ရရှိလာသောငွေကို အရင်းပြုပြီး စီးပွားရေးတစ်ခုခု ထူထောင်ထားနိုင်သူများက အလုပ်ဖြစ်ကြသည်။

ပြောရလျှင် ပို့သမျှငွေကို ထပ်မပွားနိုင်ဘဲ တတိတိနဲ့ သုံးစွဲနေကြသူများမှာ ဘီလူးကျွန်းပြန်လာလိုက်၊ ငွေလက်ကျန်ပါးလာပါက ပြန်သွားလိုက်ဖြင့် မဟန်။တချို့ဆို ထိုင်းမှာတင် ထိုင်းရောက် မြန်မာနိုင်ငံသားတစ်ဦးဦးနဲ့ အိမ်ထောင်ကျ၊ ထိုင်းတွင်အခြေချလို့၊ သူတို့ချစ်သော ဇာတိရပ်ရွာသို့ မပြန်နိုင်တော့သည့်ဘဝ။

တကယ်တော့ သူတို့အားလုံးမှာ ရေခြားမြေခြားတွင် အလုပ်မလုပ်ချင်၊ ဖြစ်နိုင်လျှင် ကိုယ့်ဇာတိပြင်ပ ဘယ်နေရာမှာမှ အလုပ်သွားလုပ်ချင်သူများမဟုတ်။ဘီလူးကျွန်းကလွဲ၍ တခြားရပ်ရွာတွင် နေထိုင်ချင်ကြသူများမဟုတ်။သို့သော် ကျနော်တို့ ဘီလူးကျွန်းမှာက အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ မရှိသေးသဖြင့် သူတို့သက်ပြင်းများ ရှည်လျားခဲ့ကြရသည်။

ဘီလူးကျွန်းသည် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုရှိတာ မှန်သော်လည်း ရပ်ဝေးရွာဝေးနေကြသော ဘီလူးကျွန်းသားများမှာမူ သိပ်ပျော်ရွှင်ဟန်မတူ။သူတို့လည်း ကျနော့်လို ဇာတိမြေကို လွမ်းဆွေးနေကြတာ သေချာသည်။

ငြိမ်းဆက်
ဇန်နဝါရီ - ၂၉