【 ဆောင်းပါး 】 “ဘီလူးကျွန်းသားတချို့ အိပ်မက်ဆိုးတချို့”

【 ဆောင်းပါး 】 “ဘီလူးကျွန်းသားတချို့ အိပ်မက်ဆိုးတချို့”

ကျနော့်အဖေဘက်ကျနော်တို့အဘွား၏ ဆွေမျိုးအများစုမှာ ဘီလူးကျွန်းမှာမွေး၊ ဘီလူးကျွန်းမှာ ကြီးပြီး ဘီလူးကျွန်းမှာတင် သေကြကုန်သော ဒေါင်ဒေါင်မြည် ဘီလူးကျွန်းသားများဖြစ်ကြသည်။ ထို့ကြောင့် ကျနော်၈တန်းနှစ်တွင် မိဘများ၏ ဒုတိယရွာ ရန်ကုန်သို့ပြောင်းရွှေ့ခဲ့သော်လည်း အဘွားရှိရာ ဘီလူးကျွန်းသို့နှစ်စဉ်မပျက်ရောက်ရှိ၊ဘီလူးကျွန်းတွင်ရှိသောဆွေမျိုးများနှင့် နှောင်ကြိုးတိုးရစ်မပျက်၊သူတို့၏နေ့စဉ်ဘဝများ သည် ကျနော့်အပေါ် အတန်အသင့်ရိုက်ခတ် မပျက်ဖြစ်သည်။

၁၉၉၀ကျော် ကာလတွင် ဘီလူးကျွန်းလူငယ်တစ်ရပ်လုံး ထိုင်းမှထိုင်းဖြစ်နေသဖြင့် ကျနော်တို့ဆွေမျိုးစုကြားတွင်လည်း ထိုင်းရောဂါထတော့သည်။ ထိုင်းကိုမှ မပို့ပေးလျှင် မိဘဝတ္တရားပျက်ကွက်သည့်နှယ်၊ထိုင်းမှ မပို့ပေးလျှင် မိဘကို ရန်လုပ်နေသူများလည်းရှိသဖြင့် ထိုင်းသို့စရိတ် ကြံဖန်ချေးဌားတန်ဌားကာ ထိုင်းအလုပ်ရရှိရေးကို မိဘများကိုယ်တိုင် တက်ကြွရတော့သည်။

ကျနော်တို့ဆွေမျိုးစုထဲ အစောဆုံးထိုင်းသို့ရောက်ရှိသူမှာ ဦးလေးဝမ်းကွဲတစ်ဦးဖြစ်သည်။သူ့အဖေက ကျနော်တို့အဘိုးလေး၊နူးညံ့သိမ်မွေ့မှုကြီးသလောက် သူ့သားဖြစ်သူက ကြမ်းကြမ်းရမ်းရမ်း ထောင်ထောင် မောင်းမောင်း လက်ဝှေ့ပင်တက်ထိုးသူ။သူက ၁၉၉၀ပြည့်နှစ်မတိုင်မီကပင် ထိုင်းနယ်စပ်သို့ရောက်ရှိနေသည်။

သူထိုင်းမှာ ဘာအလုပ်လုပ်ကိုင်သလဲ သေချာမသိ၊အများ၏အပြောအရ ထိုင်းသူဌေးတစ်ဦး၏လူယုံ။ သူဌေးအပေါ်သစ္စာလည်းရှိသလို မိုက်လည်းမိုက်သဖြင့် လူယုံဖြစ်နေသလားမသိ။၁၉၉၅ ခုနှစ်ဝန်းကျင်မှာပင် ထိုင်းတွင် သူသေဆုံးသွားပြီဆိုသည့် သတင်းကိုကြားရသည်။အသတ်ခံရသည်ဟုလည်း ကြားရသည်။ဘယ်လောက် ထိမှန်၊မမှန်တော့မသိ။ထိုအချိန်က ထိုင်းနယ်စပ်နှင့် ဘီလူးကျွန်းမှာ သတင်းစကားကြားဖို့ပင် သိပ်ဝေးကွာလွန်းလှသဖြင့် ကြားရသမျှသတင်းစကားတိုင်းမှာ ကောလာဟလလိုလို တကယ်လိုလို အတည်ပြုရခပ် ခက်ခက်။

ထိုင်းသို့သွားသည့် နောက်တစ်ယောက်ကတော့ ငယ်စဉ်ကတည်းက ကျနော်နှင့်နီးသည့် အစ်ကိုဝမ်းကွဲတစ်ဦးဖြစ်သည်။သူကတော့ သိပ်မကြာ၊ထိုင်းစရိတ် အရင်းတောင်ကျေရုံပဲလားမသိ၊ အမေနဲ့ရွာကို လွမ်းသဖြင့် ပြန်ချလာသည်။

ပြီးတော့ သူ့အောက်ကသူ့ညီ ဆက်သွားသည်။သူကထိုင်းမှာ ၇နှစ်ကျော်ကြာ အလုပ်လုပ်ပြီးနောက် ဘဝပါပျက်ခဲ့ရသော ကျနော့်အစ်ကိုဝမ်းကွဲ။သူ့ကိုခေါ်သွားသူက ဆွေရိပ်မျိုးရိပ်မကင်းသောသူ။ ထိုင်း-မြန်မာ နယ်စပ် က ရော်ဘာခြံထဲတွင် ရော်ဘာစေးခြစ်ရသည်။ဘယ်လောက်ထိမှန်၊မမှန်တော့မသိ။ခြစ်၍ရသမျှရော်ဘာစေးကို အလုပ်သမားနဲ့အလုပ်ရှင် တစ်ယောက်တစ်ဝက်ယူ စနစ်ဟုဆို၏။

ရော်ဘာပင်၏ သဘာဝအရ ညဘက်အစေးခြစ်မှသာ ရော်ဘာစေးပိုထွက်သည်တဲ့။ ထို့ကြောင့် ရော်ဘာစေးခြစ်သူတို့မှာ နေ့ဘက်အိပ်ပြီးညဘက်အလုပ်လုပ်ရသည်။ရော်ဘာခြံဆိုတာက နေ့ခင်းဘက်တောင် နေ ပြောက်မထိုး အုံ့ဆိုင်းမှောင်မိုက်နေသောနေရာ။

‘ရောက်ခါစတုန်းက မလုပ်မဖြစ်မို့သာ အားတင်းပြီးလုပ်ရတာ။တော်တော့်ကိုကြောက်မိတယ်။ရော်ဘာစေးခြစ်တဲ့သူ တစ်ယောက်နဲ့တစ်ယောက်ကလည်း တော်တော်အော်ခေါ်မှ ကြားရတဲ့အကွာအဝေးမို့ တစ်ယောက်တည်းနဖူးမှာတပ်ထားတဲ့ ဓာတ်မီးတစ်လက်နဲ့ ကြောက်ကြောက်နဲ့ ရော်ဘာစေးခြစ်ရတယ်’လို့ ထိုင်း ရော်ဘာခြံအလုပ်သမားဖြစ်ခဲ့ဖူးသူ ညီဝမ်းကွဲတစ်ဦးကပြောပြသည်။

ညဘက်ဆို ရော်ဘာခြစ်ရ၊မနက်ရောက်တော့ ခြစ်လို့ရသမျှရော်ဘာစေးတွေကို သွားပို့ရ၊ပြန်ရောက်တော့ စားဖို့သောက်ဖို့ချက်ရပြုတ်ရနဲ့ အိပ်ချိန်ကသိပ်မရသဖြင့် ကြာလာတော့ ကျန်းမာရေးထိခိုက်လာသည်။ ပြောရလျှင် ရော်ဘာစေးခြစ်သည့်လုပ်ငန်းကို တစ်ကိုယ်တော်ကြဲနိုင်လျှင် လုပ်ခငွေပိုရသော်လည်း မဟန်။

ထို့ကြောင့် ထိုင်း-မြန်မာနယ်စပ် ရော်ဘာခြံလုပ်ငန်းခွင်ထဲတွင် အငှားမယားဈေးကွက်ထွန်းကားလာခဲ့သည်။အငှားမယားများမှာ မြန်မာနိုင်ငံသူများပင်ဖြစ်သည်။အငှားမယားလိုချင်လျှင် ပွဲစားဆီသွား၊ကျသင့်ငွေ ချေ၊ကိုယ်ငှားလာသောမယားအတွက် ပေးရငွေမှာ စီးပွားတစ်ဝက်။

‘မယားစယူတဲ့နေ့ကစလို့ ရလာတဲ့ရော်ဘာစေးခြစ်ခထဲက စားသောက်စရိတ်နှုတ်ပြီး ကိုယ့်လက်ထဲ ကျန်တဲ့ငွေရဲ့တစ်ဝက်ကို မယားကိုပေးရတယ်’လို့ ညီဝမ်းကွဲကပြောသည်။အငှားမယားယူပြီးကတိအတိုင်းငွေ မပေးခဲ့ရင်ရောဟု ညီဝမ်းကွဲကိုမေးကြည့်တော့ ကိုယ့်အသက်ကိုနှမြောသူတိုင်း ပေးကြသည်ချည်းဟုဆို၏။

အငှားမယား၏တာဝန်မှာ ကိုယ့်မယားအဖြစ် အိပ်ယာထဲ အသုံးတော်ခံခြင်းအပြင် ချက်ပြုတ်လျှော်ဖွပ်မယားဝတ်အပြင် မနက်ခင်း ရော်ဘာစေးခြစ်ပြီးပြန်လာလျှင် ရသမျှ ရော်ဘာစေးကို အငှားမယားက သွားပို့ပေးလိုက်သေး၊အငှားမယားကောင်းများဆိုလျှင် ညဘက် ရော်ဘာစေးခြစ်ခြင်းအလုပ်ကိုပင် ဝိုင်းဝန်းကူညီ ပေးသေးသည်တဲ့။

‘ငှားထားတဲ့ကောင်ကလည်း အဌားမယားကို ကြင်ကြင်နာနာဖေးဖေးမမ ဆက်ဆံတယ်ဆိုရင် အငှားမယားပေမဲ့ တကယ့်လင်မယားလို အဆင်ပြေကြတော့ တစ်ယောက်နဲ့တစ်ယောက်မခိုးမဝှက် မတွက်မကပ်နဲ့ တချို့ဆို တကယ်ကို ယူလိုက်တယ်’ဟုသူက ဆက်ပြောပြသည်။

တစ်ကိုယ်တော်ရော်ဘာခြစ်သမားတွေအတွက် အအိပ်အစားချို့တဲ့မှုပြဿနာကြောင့် ကျန်းမာရေးပြဿနာနဲ့ရင်ဆိုင်ရသလို အထိန်းအကွပ်မရှိသောကြောင့် အပျော်အပါးကုန်ကျစရိတ်များရှိသဖြင့် အငှားမယား ယူခြင်းက အစစအရာရာအပြင် ဝင်ငွေလည်းပိုကောင်းသည်ဟုသိရသည်။

‘အဓိက ကကိုယ့်လုပ်ငန်းအတွက် ကူပေးမယ့်သူတစ်ယောက်ရှိတော့ အလုပ်တွင်တယ်။အချိန်ပိုထွက်တော့ နားချိန်ပိုရတယ်။လိင်ပြဿနာကိုလည်းဖြေရှင်းပြီးသားမို့ အပြင်ထွက်အပျော်အပါးရှာဖို့လည်းမလိုတော့ ဘူး’လို့ သူကဆက်ပြောသည်။

ကျနော့်ညီဝမ်းကွဲမှာ အိမ်ထောင်ကျပြီးမှ သူ့မိန်းမနဲ့အတူ ထိုင်း၌အလုပ်သွားလုပ်သူမို့ အငှားမယား ဈေးကွက်၏ဖောက်သည်တစ်ဦးမဖြစ်ခဲ့တာတော့သေချာသည်။သူတို့လင်မယားမှာ ထိုင်းတွင် ၆နှစ်၊၇နှစ်ကြာ ရော်ဘာခြစ်လုပ်သားဘဝ၊စက်ရုံလုပ်သားဘဝနှင့် စိုက်ပျိုးခြံလုပ်သားဘဝအဖြစ် ကျင်လည်ခဲ့သော်လည်း စီးပွား ဖြစ်ခဲ့သည့်အထဲမပါ။

‘ထိုင်းမှာအလုပ်လုပ်နေတုန်းအဆင်ပြေတယ်။ဘီလူးကျွန်းပြန်လာပြီးနည်းနည်းကြာတော့ ကုန်ပြန် ရော။အဲဒီလိုနဲ့ ကျနော်တို့လို ထိုင်းသံသရာလည်နေကြတဲ့သူတွေအများကြီးပဲ’ဟု သူကပြောသည်။

သူတို့လို ထိုင်းသံသရာလည်နေသူထက် ပိုဆိုးတာက အထက်တွင်ပြောခဲ့သည့် ဘဝပျက်ခဲ့သည်ဆိုသော ကျနော့်အစ်ကိုဝမ်းကွဲ။သူက အငှားမယားလည်းမထား၊ငယ်စဉ်ကတည်းက အလုပ်ကိုခါးကျိုးနေအောင် အပင်ပန်းခံလုပ်ခဲ့သူဖြစ်သလို စေးစေးကုပ်ကုပ်ဖြင့် အင်မတန်အသုံးအဖြုန်းနည်းသူလည်းဖြစ်သည်။

ထို့ကြောင့်  ထိုင်းတွင် အခြားသူများထက် ငွေကြေးပိုစုဆောင်းမိသူဟုလည်း အများကပြောကြသည်။တချို့နှစ်များတွင် အိမ်သို့ငွေပြန်ပို့ခဲ့တာကလွဲ သူရသမျှငွေကို သူ့ကိုထိုင်းခေါ်သွားသည့် သူတို့ အလုပ်ခေါင်းဆောင်ထံ အပ်နှံခဲ့သည်။

သူဘီလူးကျွန်းပြန်မယ်ဆိုတော့ ထိုပုဂ္ဂိုလ်က ပထမ၊ဟိုနေ့ပေးမလို၊ ဘီလူးကျွန်းပြန်ရောက်မှပေး မလို ဖြင့် နောက်ပိုင်းကျတော့ သူ့ထံငွေအပ်နှံထားခြင်းမရှိသလိုဖြင့် ဗြောင်လိမ်သလို ဇွတ်အတင်းတောင်းလျှင် အသက်အန္တရာယ်ရှိနိုင်ကြောင်း မကြားတကြားခြိမ်းခြောက်မှုများလည်းရှိလာသဖြင့် ခေါင်းငိုက်စိုက်ချကာ အမှောင်ကျခဲ့ရ၊ငွေအနည်းငယ်မျှဖြင့် ဘီလူးကျွန်းပြန်ရောက်ခဲ့ရသည်။

ရွာရောက်လျှင် ကိုယ်ပိုင်တနိုင်စီးပွားရေးတစ်ခုလုပ်တော့မည်ဟု အားခဲထားသမျှ၊ထိုင်းတွင် ချွေးဒီးဒီး ကျရုန်းကန်ခဲ့သမျှ လက်ဗလာနီးပါးဖြင့် အိမ်ပြန်ခဲ့ရသည့်ဘဝ။ ဘီလူးကျွန်းပြန်ရောက်ပြီး တမှိုင်မှိုင်တထွေထွေ၊ ပြီးတော့သိပ်မကြာ စိတ်လွတ်ကိုယ်လွတ်ဖြစ်တော့သည်။ဆေးကုလိုက်၊ပြန်ကောင်းလိုက်၊နည်းနည်းပြန်ဖောက်လိုက်ဖြင့် ဒီနေ့ထိတိုင် အိမ်အလုပ်ကလွဲလို့ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိတော့သည့် စိတ်ဝေဒနာရှင်ဘဝ။ ဒီတစ်သက် အကောင်းပဂတိပြန်ဖြစ်ဖို့ရာ မျှော်လင့်ချက်အင်မတန်နည်းလှသည့်ဘဝ။

ထိုင်းအလုပ်အကိုင်ကြောင့် ဘီလူးကျွန်းသားတို့၏ ရုပ်ဘဝ တိုးတက်ပြောင်းလဲခဲ့သည်မှာမှန်သော်လည်း ကျနော်တို့ စိတ်ပျော်ရွှင်မှုများ ထိုသို့ကျဆုံးခဲ့ရသည်။မည်သို့ပင်ဆိုစေ၊ယနေ့ထိတိုင် ထိုင်းအလုပ်အကိုင်ကို ကျနော်တို့ မှီခိုနေရဆဲ၊ကျနော်တို့ ပျော်နေသလား၊မပျော်ဘူးလားဆိုတာကိုပင် မသဲကွဲတော့။သေချာတာက အမေနဲ့ရွာကိုလွမ်းလှပြီဆိုတဲ့ ကျနော်တို့ဘီလူးကျွန်းသားများ ထိုင်းတွင် လက်ညှိုးထိုးမလွဲပေ။

ငြိမ်းဆက်