【 ဆောင်းပါး 】 “မတတ်နိုင်ခဲ့သော အေ့စ်ပြဿနာ”

【 ဆောင်းပါး 】 “မတတ်နိုင်ခဲ့သော အေ့စ်ပြဿနာ”

၁၉၉၀ ကျော်ကာလက ကျနော်တို့ ဘီလူးကျွန်းသားများ ထိုင်းသို့သွားရောက်အလုပ်လုပ်ခြင်းမှာ ထိုင်းအတွင်းပိုင်းဒေသများအထိ သိပ်မရောက်။များသောအားဖြင့် နယ်စပ်ဒေသနှင့် မလှမ်းမကမ်းနေရာများတွင်သာ ဖြစ်သည်။များသောအားဖြင့် မဲဆောက်၊ ရနောင်းနှင့် သိပ်မဝေးသောမြို့များ၌ဖြစ်သည်။

နယ်စပ်မြို့တို့၏ ထုံးစံအတိုင်း ဥပဒေသက်ရောက်မှုမှာ လျော့တိလျော့ရဲဖြစ်သည်။အထူးသဖြင့် ပြည့်တန်ဆာနှင့် လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှုတို့မှာ မထူးဆန်းသောလုပ်ငန်းမျိုးဖြစ်သည်။ကျနော်တို့ ဘီလူးကျွန်းမပြောနဲ့၊ ရန်ကုန်လိုမြို့ကြီးများတွင်ပင် ပြည့်တန်ဆာလုပ်ငန်းရှိသော်လည်း ပေါပေါလောလောဖြင့် လူတိုင်းအလွယ်တကူ လက်လှမ်းမီခြင်းမျိုးမရှိ။

ဥပမာ - မာဆက်ဟုခေါ်သည့် အမျိုးသမီးများနှိပ်နယ်ပေးခြင်းလုပ်ငန်းမှာ ၁၉၉၅ ခုနှစ်ကျော်ကာလတွင် ရန်ကုန်မြို့ရှိ လူလတ်တန်းစားလောက၌ ကြားဖူးနားဝအဆင့်မျှသာရှိသည်။ငွေအလွယ်တကူသုံးနိုင်သည့် ကုန် သည်ပွဲစားပေါသော ဘုရင့်နောင်ပွဲရုံဝန်းကျင်တွင်သာ မာဆက်ဆိုတာရှိကြောင်း ကျနော်တို့ကြားခဲ့ဖူးပြီး မည်သို့မည်ပုံမာဆက်ဝန်ဆောင်မှုပေးသလဲဆိုသည်ကို လက်တွေ့မသိ။

ယင်းသို့သောအနေအထားတွင် ပြည့်တန်ဆာခန်းဆိုတာ ဝေလာဝေး၊ ပြည့်တန်ဆာနှင့်အိပ်ဖို့မပြောနဲ့၊ ပြည့်တန်ဆာကိုပင် သေချာမမြင်ခဲ့ဖူးသော ကျနော်တို့ ဘီလူးကျွန်းသားများအတွက် ငွေရှိလျှင် အလွယ်တကူ ပြည့်တန်ဆာခေါ်နိုင်သည့် ထိုင်းနယ်စပ်၌ ရှော့ခ်ဖြစ်ရသည်။

အရင် ဘီလူးကျွန်းတွင် နေထိုင်ခဲ့သည့်အချိန်က တစ်လလုံးနေလို့လည်း သောင်းဂဏန်းဝင်ငွေပင် မရှိသောဘဝမှ ယခု တစ်လဝင်ငွေ သိန်းဂဏန်းကိုင်သုံးနိုင်ပြီဖြစ်သလို လမ်းထိပ်ထွက် ကွမ်းယာဝယ်စားသလို မည်သည့်အတားအဆီးမျှမရှိဘဲ ပြည့်တန်ဆာများနှင့် ပျော်ပါးနိုင်ခြင်းအရ နယ်စပ်မှာ နည်းနည်းကြာလာတော့ ခြေလှမ်းရဲလာခဲ့သည်။

ပြဿနာက ကျနော်တို့ ဘီလူးကျွန်းသားအများစုမှာ လိင်ပညာပေးအသိ အင်မတန်နည်းခြင်းဖြစ်သည်။ထို့ ကြောင့် ပြည့်တန်ဆာနှင့် ဆက်ဆံရာတွင် ကွန်ဒုံသုံးရကောင်းမှန်းမသိ၊ ကွန်ဒုံသုံးလျှင် အရသာပေါ့ပျက်သွားသလို ထင်ယောင်ထင်မှားဖြစ်မိ၊ ကာလသားရောဂါ ဖာကျိူးတာလောက်ကိုသာသိပြီး HIV ၊ AIDS ရောဂါကိုသေချာမသိ။ထို့ကြောင့် ကိုယ်ကျိုးနည်းသူတို့လည်း မနည်းလှဟုထင်၏။

အေ့စ်ရောဂါ၏ ထုံးစံအတိုင်း ချက်ချင်းလက်ငင်း ရောဂါ လက္ခဏာပြတာမျိုးမရှိသဖြင့် လေး၊ ငါး၊ ခြောက်နှစ်ကြာ ဘာဆိုဘာမှမသိဘဲ သက်သောင့်သက်သာဖြတ်သန်းခဲ့ကြပြီး AIDS အဖြစ်သို့ ကူးပြောင်းပြီးနောက် ရောဂါ လက္ခဏာပြလာသည့်အချိန်ကျမှ သေမင်းထံ အညံ့ခံကြရသည်။

တချို့ဆို ကိုယ့်ကိုယ်ကိုယ် AIDS ရောဂါဖြစ်လို့ဖြစ်မှန်းပင်မသိကြပေ။ထိုအချိန်က HIV ပိုးကူးစက်ထားခြင်းရှိ၊ မရှိ စစ်ဆေးပေးသည့် ကျန်းမာရေးဌာန အလွယ်တကူမရှိသလို ကိုယ့်စရိတ်နဲ့ကိုယ်စစ်ဆေးလျှင်လည်း ကုန်ကျစရိတ်ကမငယ်။ထို့ပြင် HIV စစ်ဆေးခြင်းကို အင်မတန်ရှက်စရာကောင်းသည့်ကိစ္စဟုလည်း ရှုမြင်ကြသဖြင့် ကျနော်တို့မြို့ပြက ပညာတတ်အလွှာများပင်လျှင် အစစ်အဆေးနည်းလွန်းလှသည်။

၁၉၉၀ ပြည့်နှစ်ကျော်ကာလက ထိုင်းသို့ထွက်ခွာအလုပ်လုပ်ကြသူတို့အနက် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်သို့ရောက်သောအခါ HIV ကူးစက်ခံရမှုမှာ သိသာလာခဲ့သည်။တချို့ ရွာပြန်လာသည်။အသားအရေသိပ်မကောင်း ခပ်ပိန်ပိန်၊ ကြည့်လိုက်တာနဲ့ ကျန်းမာရေးမကောင်းမှန်း သိသာသည့်ပုံစံမျိုး။ဘာပဲဖြစ်ဖြစ် တစ်နှစ်လောက်ထိုင်စားလို့ရမည့် ငွေစကြေးစလေးတွေတော့ပါလာသည်။ပြန်လာပြီး သိပ်မကြာ သိသာစွာ ကျန်းမာရေးဆိုးလာပြီးနောက် ကွယ်လွန်ကြသည်။

ထိုသို့ကွယ်လွန်တာမျိုးတွေ နည်းနည်းစိပ်လာတော့ သတိထားမိလာကြသည်။အေအိုင်ဒီအက်ဆိုပြီး နောက်ဆုံးအက္ခရာ အက်စ် အစား အက်လို့ အသံထွက်ကြကာ ထိုအေအိုင်ဒီအက်မှာ ကြောက်စရာကောင်းမှန်း သိလာကြသည်။ထို့ကြောင့် ထိုင်းကနေ အပြီးပြန်လာတယ်ဟေ့ဆိုလျှင် သံသယဖြင့် နောက်ဆက်တွဲတွေး တတ်လာကြသည်။ဘီလူးကျွန်းပျိုမေတို့ကြား ရှမ်းကမ်းပြန် (ထိုင်းပြန်) ဆို သတိထားဟူ၍ ပြောတတ်လာခဲ့သည်။

စာရင်းဇယား ယေဘုယျအဆင့်ပင်မရှိသော ကျနော်တို့ မြန်မာတို့၏ထုံးစံအရ ထိုင်းသို့သွားသူ ဘယ်နှစ်ယောက်ရှိပြီး အေ့စ်ကြောင့် ဘယ်နှစ်ယောက်သေသွားသလဲ မသိ။ကျနော့်စိတ်ထင် သိပ်တော့နည်းမည်မထင်။တချို့က ကိုယ့်ကိုယ်ကိုယ် အေ့စ်ရောဂါကူးစက်ခံထားရမှန်းသိသဖြင့် ကိုယ့်ရပ်ကိုယ်ကိုယ်ရွာကို ဒီရောဂါကြီးနဲ့မပြန်ချင်။ထို့ကြောင့် ထိုင်းမှာပင် ညှိုးငယ်စွာနဲ့ ဖြစ်သလို ကွယ်လွန်သွားကြပုံရသည်။ထိုသို့ရပ်ရွာမပြန်ဘဲ ထိုင်းမှာတင် အေ့စ်ဖြင့်ကွယ်လွန်ခဲ့ကြသူများထဲတွင် ကျနော့်ငယ်သူငယ်ချင်းတစ်ယောက်လည်း ပါဝင်ခဲ့သည်။

ကျနော့်သူငယ်ချင်းမှာ ကျနော်နဲ့ အိမ်ချင်းသိပ်မဝေး၊ တစ်လမ်းတည်း။သူ့မိဘများက ချို့တဲ့သဖြင့် ငယ်စဉ်ကတည်းက အတန်းပညာလုံးဝမသင်ခဲ့ဖူးသူဖြစ်သည်။သူကအရပ်မြင့်မြင့်၊ အသားမည်းမည်း၊ ဆံပင်ကောက်ကောက်နဲ့ ကြည့်မကောင်းသူ။ဒီလိုပဲ လူ့လောကထဲမှာ ဖြစ်သလိုကြီးပြင်းလာခဲ့သူဟုဆိုလျှင်မမှား။

သူနဲ့ပတ်သက်ပြီး ကျနော်အမှတ်အရဆုံးမှာ ပိုက်ဆံကြေး ဘော်လီဘောပုတ်ခြင်းဖြစ်သည်။ကျနော်က ငယ်စဉ်ကတည်းက ဘော်လီဘောကျွမ်းကျင်သူ။သူကဘော်လီဘောပုတ်တတ်သည်ဆိုရုံ။သို့သော်၊ သူကအ ရမ်းပုတ်ချင်သည်။သူအရမ်းပုတ်ချင်မှန်းသိသဖြင့် ကျနော်က အမှတ်အကျောပေးပြီး စိန်ခေါ်သည်။ ၁၅ မှတ်ရ လျှင် ဂိမ်းသည့် ဘော်လီဘောကို ကျနော်က သူ့ကို ၁၃ မှတ်ကျောပေးတော့ သူမျှော်လင့်ချက်ကြီးကြီးနဲ့ပုတ်သည်။ပုတ်တိုင်းသူရှုံးသည်။ရှုံးပေမယ့် မခံချင်အောင်ပြောလျှင် နောက်တစ်ခါပုတ်မြဲဖြစ်စည်။သူအရှုံးများလာလျှင်တော့ ပိုက်ဆံထပ်မပေးချင်သဖြင့် ထွက်ပြေးတတ်သည်။

ကျနော်တို့လူပျိုပေါက်ဖြစ်လာတော့ သူက တကယ့်ကိုကျားကျားယားယားကြီးနဲ့ အလုပ်ကြမ်းတွေ နင်းကန်လုပ်နိုင်နေပြီဖြစ်သည်။သူနဲ့ကတွဲသွားတွဲလာမရှိသော်ငြား ဖြတ်သွားဖြတ်လာနှုတ်ဆက်၊ ကျနော်ကစတတ် သဖြင့် လှမ်းနောက်ပြောင်။

အဲဒီလိုနဲ့ ကျနော် ရန်ကုန်ကနေ နွေကျောင်းပိတ်လို့ပြန်လာတဲ့ တစ်နှစ်၊ သူ ထိုင်းနယ်စပ်မှာ အလုပ်သွား လုပ်နေပြီတဲ့။ပြီးတော့ နောက်တစ်နှစ်၊ ၂ နှစ်အကြာ သူ့ထက် အသက် ၂၀ ကျော်ကြီးသည့် ဘွားတော်ကြီးတစ် ယောက်နဲ့ အိမ်ထောင်ကျသွားပြီတဲ့။အဲဒီဘွားတော်ကြီးက ကျနော်တို့ ဘီလူးကျွန်းကပဲ တစ်ခုလပ်။သူ့သား အကြီးကောင်က ကျနော့်သူငယ်ချင်းထက်ငယ်လှ ၂ နှစ် ၃ နှစ်ဆိုလား။သူ့အစ်မက ကျနော့်ကိုပြောပြတော့ ရယ်လိုက်မိသေးသည်။

‘ဟဲ့၊ နင့်သူငယ်ချင်းက သူ့မိန်းမကိုတော့ တော်တော်နိုင်တယ်ပြောတယ်’ တဲ့။သူ့အစ်မပြောပြပုံက ဂုဏ်ယူစွာနဲ့။ကျနော့်စိတ်ထဲ ဪ သူ့ခမျာ တစ်သက်လုံး ဘယ်သူ့ကိုမှ မနိုင်ခဲ့ဖူးသမျှ အသက်ကြီးကြီး မိန်းမကို အတိုးချနိုင်နေရော့သလားလို့ တွေးခဲ့မိသေး။

နောက် ၃-၄ နှစ်ကြာတော့ သူငယ်ချင်း အေ့စ်နဲ့ဆုံးပြီတဲ့။ဘယ်ကဘယ်လိုကူးစက်ခဲ့သလဲ ကျနော်မသိ။အေ့စ်တွေ ဘာတွေလည်း ကျနော့်သူငယ်ချင်း သိမည်မထင်။ဘီလူးကျွန်းကနေ ထွက်သွားလိုက်တာ ၁၀ နှစ်ဝန်းကျင်ကြာသည့်တိုင် တစ်ခါမှ ဘီလူးကျွန်းမပြန်၊ ထိုင်းမှာတင်ကွယ်လွန်ဖြစ်သည်။

ကျနော့်သူငယ်ချင်းလို ကိုယ့်ကိုယ်ကိုယ် ဘာရောဂါနဲ့သေမှန်းပင်မသိသော ကျနော်တို့ ဇာတိသားတွေ ဘယ်လောက်များသလဲမသိ။ရွာကထွက်သွားပြီး ရွာပြန်မရောက်တော့သော ဘီလူးကျွန်းသားတွေ ဘယ်လောက်တောင်များခဲ့သလဲ ကျနော်မသိ။

ငြိမ်းဆက်
ဖေဖော်ဝါရီ - ၁၉