【 နိုင်ငံတကာဆောင်းပါး】ရှီကျင့်ဖျင်၏ နှစ်သစ်ကူးမိန့်ခွန်းနှင့် နိုင်ငံတကာတွင် ရိုက်ခတ်မှု

【 နိုင်ငံတကာဆောင်းပါး】ရှီကျင့်ဖျင်၏ နှစ်သစ်ကူးမိန့်ခွန်းနှင့် နိုင်ငံတကာတွင် ရိုက်ခတ်မှု

၂၀၀၇ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုက သိသာထင်ရှားလွန်းခဲ့သည်။ စီးပွားရေး၊ နည်းပညာနှင့် စစ်အင်အားတွင်  ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခု အဖြစ်ပေါ်ထွန်းလာခဲ့ပြီး နိုင်ငံတကာအခင်းအကျင်းတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍမှာ အရေးပါလာခဲ့သည်။ ရှီကျင့်ဖျင်သမ္မတအဖြစ် စတင်တာဝန်ယူခဲ့သည့် ၂၀၀၇ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံပြောင်းလဲမှုကိုကြည့်လျှင် ဖြစ်နိုင်ဖို့ခဲယဉ်းသည့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သည်က သတိပြုမိဖွယ်ဖြစ်သည်။ တရုတ်ပြည်သူ သန်း၈၀၀ ကို ဆင်းရဲမွဲတွေကနေ လွတ်မြောက်အောင်လုပ်ဆောင်နိုင်ခဲ့သည်က ထူးမှထူးခြားသည့် တရုတ်နိုင်ငံ၏ စွမ်းဆောင်မှုပင် ဖြစ်သည်။

လက်ရှိကမ္ဘာတွင် အကျပ်အတည်းမျိုးစုံဖြစ်ပွားနေသည်။ ကျန်းမာရေးကပ်ဘေးမှသည် စစ်မက်အထိ ဖြစ်နေသလို နိုင်ငံရေးမတည်မငြိမ်မှုများကလည်း ကမ္ဘာ့အနှံ့တွင်ဖြစ်ပွားနေသည်။ ယူကရိန်းသို့ ဝင်ရောက်ကျူးကျော်ခဲ့သည့် ရုရှား၏စစ်ပွဲကြောင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကြောင့် ကိုဗစ် ကျန်းမာရေးကပ်ဘေးလျော့ပါးချိန် ပြန်လည်နာလန်ထူလာမည့် ကမ္ဘာ့စီးပွားရေးမှာ ထပ်မံထိခိုက်ခဲ့ရသည်။ ထိုစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးကမောက်ကမဖြစ်ကာ စွမ်းအင်အကျပ်အတည်း၊ စားနပ်ရိက္ခာ အကျပ်အတည်းများ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့သလို ရုရှားနှင့် အမေရိကန်အကြား ပါဝါလွန်ဆွဲပွဲများကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာဒေသ အတော်များများတွင် မတည်မငြိမ်မှုများ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် တစ်ခုလုံးဖြစ်နေခဲ့သည်။ ထိုသည်က ရာသီဥတုဖောက်ပျက်မှု ဘေးကြောင့် အထွေထွေစိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရသည့် ယနေ့ကမ္ဘာအတွက် စိုးရိမ်စရာဖြစ်ခဲ့သည်။

စစ်အေးခေတ် ကာလအတွင်း အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့က ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး ကမ္ဘာ့အရေးများတွင် ဝင်ရောက် ခြယ်လှယ်ခဲ့ကြသည်။ထိုကာလတွင် အဆိုပါနိုင်ငံကြီး နှစ်နိုင်ငံခေါင်းဆောင်များ နှစ်သစ်ကူးမိန့်ခွန်းကို ကြည့်ကာ နိုင်ငံတကာက ကမ္ဘာ့အရေးများနှင့် လာမည့်နှစ်များအတွက် နိုင်ငံတကာအခင်းအကျင်းကို ခန့်မှန်းတွက်ချက်ကြရသည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး စစ်အေးခေတ်အလွန်ကာလတွင် အမေရိကန်ခေါင်းဆာင်များ၏ နှစ်သစ်ကူးမိန့်ခွန်းကိုသာ ကြည့်ကာ ကမ္ဘာ့အရေးကို တွက်ချက်ကြသည်။ ထိုသို့ တွက်ချက်မှုက ရှီကျင့်ဖျင် တရုတ်သမ္မတအဖြစ်တာဝန်ယူလာပြီးနောက်ပိုင်း တရုတ်သမ္မတ၏ နှစ်သစ်ကူးမိန့်ခွန်းကိုပါ ထည့်တွက်လာရသည်အထိ တရုတ်၏ ဩဇာက ကမ္ဘာတွင် ကျယ်ပြန့်လာခဲ့သည်။

ယခု၂၀၂၃ခုနှစ်သည် ကမ္ဘာအတွက်အရေးပါသည့် လမ်းဆုံလမ်းခွသို့ ရောက်နေပေသည်။ တစ်နှစ်နီးပါး ကြာလာသည့် ယူကရိန်း-ရုရှားစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးအထိနာလာသည်။ နိုင်ငံတကာလုံခြုံရေးစနစ်မှာ နိုင်ငံငယ်များအတွက် အာမခံချက်မရှိသလိုဖြစ်လာသည်။ လူပေါင်း ၆ သန်းခွဲကျော် သေဆုံးခဲ့ရသည့် ကိုရိုနာဗိုင်းရပ်စ်၏ခြိမ်းခြောက်မှုကိုလည်း မရပ်တန့်နိုင်သေးသလို ဒေသတွင်း ကျယ်ပြန်သည့်စစ်ပွဲတစ်ရပ်ဖြစ်လာရန် ယခင်စစ်အင်အားကြီးနိုင်ငံများနှင့် အချို့နိုင်ငံများ၏ စစ်ရေးတည်ဆောက်မှုများက လက်ယပ်ခေါ်လာသည့်အခါ ထိုအရာများကို တားဆီးရပ်တန့်နိုင်မည့် အင်အားစုတစ်ရပ် ကမ္ဘာကမျှော်လင့်လာသည်။ ထိုအခြေအနေတွင် ကမ္ဘာ့နိုင်ငံများ၏ ၂၀၂၃ခုနှစ်အတွက် နှစ်သစ်ကူးမိန့်ခွန်းများက စောင့်ကြည့်ချင်စရာဖြစ်လာခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ဒီဇင်ဘာ ၃၁ ရက်ညက အင်တာနက်၊ရုပ်သံမီဒီယာများမှ တစ်ဆင့်‌ နှစ်သစ်ကူးမိန့်ခွန်းပြောခဲ့ရာတွင် ရှီက “ယနေ့ခေတ် တရုတ်နိုင်ငံဟာ ကမ္ဘာကြီးနဲ့ နီးကပ်စွာ ဆက်နွယ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ မိတ်ဆွေဟောင်းတွေရော မိတ်ဆွေသစ်တွေကိုပါ ပေကျင်းမှာ လက်ခံတွေ့ဆုံခဲ့တဲ့အပြင် နိုင်ငံရပ်ခြားအထိ သွားလာပြီး ကမ္ဘာကြီးအပေါ်မှာ တရုတ်ရဲ့ ရပ်တည်ချက်တွေကို မျှဝေခဲ့ပါတယ်။ ရာစုနှစ်အတွင်း မကြုံဖူးသေးတဲ့ ပြောင်းလဲမှုတွေဟာ လျင်မြန်စွာ ဖြစ်ပေါ်နေပြီး ကမ္ဘာကြီးဟာ ငြိမ်းချမ်းတဲ့နေရာတစ်ခု မဟုတ်သေးပါဘူး။ မိမိတို့ဟာ ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုကို မြတ်နိုးပြီး မိတ်ဆွေများကို တန်ဖိုးထားပါတယ်။ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ပြီး လူသားမျိုးနွယ်ယဉ်ကျေးမှုနဲ့ တိုးတက်မှုအတွက် ရပ်တည်ပါတယ်။ မိမိတို့ဟာ တရုတ်ရဲ့ အသိပညာနဲ့ ဖြေရှင်းချက်တွေကို လူသားမျိုးနွယ်အားလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေး ဖော်ဆောင်ရာမှာ အကျိုးပြုစေဖို့ ကြိုးစားအားထုတ်နေပါတယ်”ဟု လက်ရှိကမ္ဘာ့အခင်းအကျင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ပြောခဲ့သည်။

နာလန်ထူရန်ကြိုးစားနေသော  ကမ္ဘာ့စီးပွားရေးအတွက် ရှီက “တရုတ်နိုင်ငံဟာ အားမာန်အပြည့်နဲ့ တက် ကြွနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ လွတ်လပ်သောကုန်သွယ်မှုဇုန် ရှေ့ပြေးစမ်းသပ်မှု အမျိုးမျိုးနဲ့ ဟိုင်နန်လွတ်လပ်သော ကုန်သွယ်မှု ဆိပ်ကမ်းတို့ဟာ တိုးတက်နေပြီး ကမ်းရိုးတန်းဒေသများဟာ တီထွင်ကြံဆမှုတွေဟာ အား ကောင်းလာကာ ဗဟိုနဲ့ အနောက်ပိုင်းဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုက အရှိန်မြင့်လာပါတယ်။ အရှေ့မြောက်ဘက်မှာတော့ ပြန်လည်ဖွံ့ဖြိုးရေး အရှိန်ဟာ စတင်နေပြီဖြစ်ပြီး နယ်စပ်ဒေသများမှာတော့ ပိုမိုဖွံ့ဖြိုးမှုနဲ့ ကြွယ်ဝ ချမ်းသာမှုတွေ ရရှိလာတော့မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ခံနိုင်ရည် အားကောင်းနေဆဲဖြစ်ပြီး အလားအလာကောင်းမွန်ကာ တက်ကြွမှုလည်း ရှိပါတယ်။ ရေရှည်တိုးတက်မှုအတွက် လိုအပ်တဲ့ အခြေခံတည်တံ့ခိုင်မြဲမှုတွေဟာ အားကောင်းနေဆဲ ဖြစ်ပါတယ်။ မိမိတို့သာ ယုံကြည်ချက်အပြည့်နဲ့ တည်ငြိမ်မှုကို ဆုတ်ကိုင်ပြီး ရှေ့ဆက်တိုးတက်ရေးအတွက် ဆောင်ရွက်နေနိုင်သမျှ ချမှတ်ထားသမျှ ပန်းတိုင်တွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ပြီးခဲတဲ့ ကိုဗစ်ကပ်ကာလ ၃ နှစ်တာအတွင်း အံဖွယ်သရဲ ထူးကဲစွာ စီးပွားရေးကောင်းခဲ့သည့် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံ၏ ခေါင်းဆောင်က ၎င်းနိုင်ငံ၏စီးပွားရေးအားကောင်းဆဲဖြစ်ကြောင်းပြောကြားခဲ့သည့် ကမ္ဘာ့စီးပွားရေးအတွက် အလားအလာကောင်း၊အနာဂတ်ကောင်းဖြစ်သည်။မကြာသေးသည့် ဒီဇင်ဘာ ၇ ရက်က တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်ပြီး တင်းကျပ်ထားသည်များကို အချက် ၁၀ ချက်ဖြင့်လျော့ချပေးခဲ့သည်။ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလံထူမှု မြန်ဆန်လာစေရေးအတွက် အရေးပါသည့် ဦးဆောင်နိုင်ငံနေရာတွင်ရှိသည့် တရုတ်နိုင်ငံ၏ အဆိုပါဆောင်ရွက်ချက်ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍတွင် အလားအလာကောင်းများပေါ်ထွက်လာခဲ့သည်။    

ထိုသို့ တင်းကျပ်သည့် ကိုဗစ်ကန့်သတ်ချက်များကို တရုတ်ကျန်းမာရေးအာဏာပိုင်များက ပြည်တွင်းအခြေအနေနှင့် ချိန်ညှိကာ လျော့ချပေးခဲ့သဖြင့်  ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့က ကြို ဆိုခဲ့ကြပြီး ယခု ၂၀၂၃ခုနှစ်အတွက် စီးပွားရေးအလားအလာကောင်းများအဖြစ် ပြောခဲ့ကြသည်။ ကမ္ဘာ့စီးပွားရေးရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့သည့် ကိုဗစ်ကပ်ကာလတစ်လျှောက်လုံး ရပ်ဆိုင်းထားခံရသည့် ခရီးသွားကဏ္ဍမှာ ကိုဗစ်ကပ်အလွန်နှင့် ကူးစက်မှုုလျော့ပေါ့လာချိန်တွင် ကမ္ဘာ့စီးပွားရေးကို ပုံမှန်အတိုင်းပြန်တွန်းတင်မည့် လုပ်ငန်းကဏ္ဍအဖြစ် အားထားခဲ့ကြသည်။

တရုတ်နိုင်ငံ၏ ခရီးသွား အရေအတွက်က ကမ္ဘာ့တစ်ဝန်းခရီးသွားကဏ္ဍ၏ အရေးပါသည့်နေရာတွင် ရှိနေရာ ယခုလို ကိုဗစ်ကန့်သတ်ချက်လျော့ပေါ့မှုက တရုတ်နိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသွားဝင်ရောက်မှု့ကို ယခင်လို ပြန်ဝင်ရောက်လာဖို့ရှိပြီး

ကမ္ဘာ့တစ်ဝန်းသို့ သွားရောက်ရန် တပြင်ပြင်ဖြစ်နေသည့် တရုတ်ခရီးသွားများကြောင့်လည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းက ပြန်လည်လည်ပတ်ကောင်းမွန်လာဖို့ ရှိနေလေသည်။ ထိုအခြေအနေကို တရုတ်သမ္မတရှီကျင့်ဖျင်က နှစ်သစ်မိန့်ခွန်းတွင် “ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ခံနိုင်ရည် အားကောင်းနေဆဲဖြစ်ပြီး အလားအလာကောင်းမွန်ကာ တက်ကြွမှုလည်း ရှိပါတယ်”ဟု ပြောခဲ့သည်ကိုတွေ့ရသည်။  

လက်ရှိတွင်  တရုတ်ခရီးသွားများကို လက်ခံရန် အမေရိကန်နှင့် နိုင်ငံအချို့ကလွဲပြီး ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများက ပြင်ဆင်နေကြပြီဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အားကောင်းလာလျှင် ကိုဗစ်နှင့် အတူယှဉ်တွဲနေထိုင်သည့် နည်းလမ်းနှင့်အတူ ယခု၂၀၂၃ ခုနှစ်က ကမ္ဘာ့စီးပွားရေးကို ပြန်လည်နာလံထူမည့် နှစ်တစ်ခုဖြစ်လာပေလိမ့်မည်။ ထိုသည်မှာ တရုတ်သမ္မတ၏ နှစ်သစ်ကူးဆုတောင်းထဲကလို “ ကမ္ဘာကြီးလည်း ငြိမ်းချမ်းပြီး နိုင်ငံအားလုံးက ပြည်သူများလည်း ပျော်ရွှင်ကြပါစေ။ အားလုံးကို ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ ”   ဆိုသည့်အတိုင်း ဖြစ်လာမည် ဖြစ်လေသည်။

လင်းသစ်အောင်