【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာတစ်ဝန်း လူကြိုက်များတဲ့ စဉ့်စိမ်းတင်ကြွေထည်

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာတစ်ဝန်း လူကြိုက်များတဲ့ စဉ့်စိမ်းတင်ကြွေထည်

တရုတ်နိုင်ငံသည် ကြွေထည်နှင့်ပတ်သက်လျှင် အလွန်ကျော်ကြားလှပါတယ်။

သမိုင်းမှတ်တမ်းတွေအရ တရုတ်နိုင်ငံဟာ ကြွေထည်များကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းပင် စတင်လုပ်ကိုင် အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ တရုတ်ကြွေထည်များကို နိုင်ငံခြားတိုင်းပြည်များသို့ ရောင်းချခဲ့ပြီး ထိုသို့ရောင်းချရာတွင် ကြွေထည်များဟာ အဖိုးအခကြီးစွာ ပေးရသည့်အတွက် မြတ်နိုးတန်ဖိုးထား သုံးစွဲခဲ့ကြရသော ထုတ်ကုန်ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံထဲက ကျဲ့ကျန်းပြည်နယ် (Zhejiang) ဟာ စဉ့်စိမ်းတင်ကြွေထည် စတင်ပေါ်ထွက်ရာ မြေဖြစ်ပြီး အဲဒီဒေသက ထွက်ရှိတဲ့ လုံချွမ် (Longquan) စဉ့်စိမ်းတင်ကြွေထည်ကလည်း ကမ္ဘာတစ်ဝန်းတွင် လူကြိုက်များ၍ ကျော်ကြားလှပါတယ်။

ကျဲ့ကျန်းပြည်နယ်သည် တရုတ်နိုင်ငံရဲ့ ရှေးခေတ်ယဉ်ကျေးမှုများ အစပြုရာနေရာများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ခမ်းနားထည်ဝါသော သမိုင်းယဉ်ကျေးမှုများရှိပြီး လူ့ယဉ်ကျေးမှုတို့ စုစည်းတည်ရှိရာနေရာဖြစ်ကာ နေရာတိုင်းတွင် ထိမိခံစားစေနိုင်သည့် ဒဏ္ဍာရီပုံပြင်များဖြင့် ပြည့်နှက်နေပါတယ်။

ကျဲ့ကျန်းပြည်နယ် (Zhejiang) တွင် ရှည်လျားသော သမိုင်းကြောင်းရှိကာ များပြားသော ပညာရှင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိနေပါတယ်။ စဉ့်စိမ်းတင်ကြွေထည် စတင်ပေါ်ထွက်ရာ မြေဖြစ်တဲ့ ကျဲ့ကျန်းပြည်နယ်ဟာ တောင်ကုန်းတောင်တန်းနှင့် မြစ်ချောင်းအင်းအိုင်များ၊ လူသားနှင့် ကြွေထည်များ၊ ပင်လယ်ပြင်နှင့် ပိုးလမ်းမတို့တွင် စဉ့်စိမ်းတင်ကြွေထည်လောက၏ လျှို့ဝှက်ချက်များ သိုမှီးထားရှိတဲ့ ဒေသဖြစ်ပါတယ်။

နှစ်ပေါင်းထောင်ချီကြာ စွဲမြဲစွာလောင်ကျွမ်းနေသော ကြွေထည်ဖုတ်ဖို၏ မီးအရှိန်သည် ကျဲ့ကျန်းပြည်နယ်၏ ဒေသအငွေ့အသက်များကို စုစည်းဖြစ်တည်စေသောကြောင့် တရုတ်ရိုးရာယဉ်ကျေးမှုများထဲတွင် အရေးပါ ထင်ရှားလှပါတယ်။

လုံချွမ် (Longquan) စဉ့်စိမ်းတင်ကြွေထည်များသည် သုံးပြည်ထောင်ခေတ်နှင့် ကျင့်မင်းဆက်ခေတ်တို့တွင် စတင်ပေါ်ပေါက်လာခဲ့ရာမှ စုန့်မင်းဆက်ခေတ်နှင့် ယွမ်မင်းဆက်ခေတ်တို့တွင် တွင်တွင်ကျယ်ကျယ် ထွန်းကားလာခဲ့ပြီး ယနေ့ခေတ်တွင် အသစ်တစ်ဖန် ပြန်လည်ဦးမော့၍ ရေပန်းစားလာခဲ့ပါတယ်။

၂၀၀၉ ခုနှစ်တွင် လုံချွမ် (Longquan) စဉ့်စိမ်းတင်ကြွေထည်၏ ရိုးရာအိုးဖုတ်သည့် အတတ်ပညာသည် “လူသားမျိုးနွယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုအမည်စာရင်း” တွင် ထည့်သွင်းရွေးချယ်ခံခဲ့ရပြီး ထိုအချိန်က ရွေးချယ်ခံရသည့် တစ်မျိုးတည်းသော ကြွေထည်မြေထည်အမျိုးအစား ပစ္စည်းဖြစ်ပါတယ်။

ကျဲ့ကျန်းပြည်နယ်ထဲမှာ လုံချွမ် (Longquan) စဉ့်စိမ်းတင်ကြွေထည်ပြတိုက်၊ သရောင်ကျေးရွာ (Dayao)၊ လုံချွမ် (Longquan) အိုးဖုတ်ဖို ရှေးဟောင်းနေရာဥယျာဉ်၊ အိုးဖုတ်လုပ်သားမှ ရွှံ့စေးများကို သန့်စင်ဆေးကြော၍ ရွှံ့စေးစင်စင်ရရှိစေရန် ဖိသိပ်ကြိတ်နယ်ခြင်းများပြုလုပ်နေပုံ၊ စိန်ကွမ်လုံ (Shen Guanglong) ဓားအရောင်းဆိုင်၊ “မငြိမ်းသော အိုးဖုတ်ဖိုမီး” ရိုးရာနဂါးပုံသဏ္ဌာန် အိုးဖုတ်ဖိုဖြင့် မီးဖုတ်သည့် အတတ်ပညာတွေဟာ ယခုခေတ် စဉ့်စိမ်းတင်ကြွေထည်နှင့် လုံချွမ် (Longquan) ဓားရတနာတို့၏ တိုးတက်ပြောင်းလဲလာမှုနှင့် ယင်းတို့၏ ထူးခြားချက် ဝိသေသလက္ခဏာများကို လေ့လာတွေ့ရှိနိုင်မှာဖြစ်ပါတယ်။

တရုတ်ကြွေထည် သမိုင်းကြောင်း အဆိုတစ်ခုရှိပါတယ်။တရုတ်ကြွေထည်သမိုင်း၏တစ်ဝက်ဟာ ကျဲ့ကျန်းပြည်နယ်တွင် ထုတ်လုပ်သော ကြွေထည်ပစ္စည်းများအကြောင်းဖြစ်ပြီး ကျဲ့ကျန်းကြွေထည်သမိုင်းတစ်ဝက်သည် လုံချွမ်မြို့၌ ထုတ်လုပ်သော ကြွေထည်များအကြောင်းဖြစ်ပါတယ်။အဲဒီဒေသက ကြွေထည်တွေဟာ စိမ်းပြာရောင် (သို့မဟုတ်) မီးခိုးပြာ ကြွေထည်အမျိုးအစားဖြစ်ပြီး ၎င်း၏ စွဲမက်ဖွယ်တောက်ပသော အရောင်အသွေးနှင့် လက်ရာမြောက်သော လက်မှုပညာတွေကို မြင်တွေ့ရမှာဖြစ်ပါ တယ်။

ဒါတွေက နှစ်ပေါင်းထောင်ချီ သမိုင်းရှိသော ကျဲ့ကျန်းပြည်နယ်ထဲက တရုတ်ရိုးရာအမွေအနှစ်များကို ထင်ဟပ်ပြသနေခြင်းဖြစ်ပါတယ်။

ခန့်မောင်