【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာပေါ်က ရှေးအကျဆုံး မြေသားဗိသုကာမြို့တော်

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာပေါ်က ရှေးအကျဆုံး မြေသားဗိသုကာမြို့တော်

နှစ်ပေါင်းထောင်ချီ တည်ရှိခဲ့တဲ့ ပိုးလမ်းမသမိုင်းကြောင်းနဲ့အတူ ကမ္ဘာပေါ်က မြေသားဗိသုကာလက်ရာအနေနဲ့ အကြီးဆုံး၊ ရှေးအကျဆုံး မြို့တစ်မြို့ဟာ  ဒီနေ့ခေတ်မှာဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေကို စိတ်ဝင်စားစေတဲ့ မြို့တစ်မြို့အဖြစ် လူသိများလျက်ရှိပါတယ်။

ဒီမြို့ကိုတော့ Jiaohé ရှေးဟောင်းမြို့တော် Site of Yar City လို့ သိကြပြီး တရုတ်နိုင်ငံ၊ ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Gaochang ခရိုင်၊ တာပန်Turpan မြို့ အနောက်ဘက် ၁၁ ကီလိုမီတာခန့်အကွာ Yarzhi တောင်ကြားမှာ တည်ရှိနေတာလည်းဖြစ်ပါတယ်။

ဒီနေရာဟာဆိုရင် ဟန်မင်းဆက်ရဲ့ မြို့ပြအပျက်အစီးတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာဖြစ်ပါတယ်။တစ်ဖက်မှာတော့ တရုတ်နိုင်ငံအတွက် အကောင်းဆုံးနဲ့ အကြီးဆုံးတစ်ခုတည်းသော မြေသားဗိသုကာမြို့ဖြစ်တဲ့အပြင် ကမ္ဘာကြီးအတွက်လည်း မြေသားရှေးဟောင်းမြို့တွေကို လေ့လာဖို့အတွက် တစ်ခုတည်းသော နမူနာပုံစံအဖြစ်လည်း ရှိနေတာပါ။

အခုတစ်ခေါက်မှာတော့ စိတ်ဝင်စားဖွယ် သမိုင်းနောက်ခံနဲ့ ထူးထူးခြားခြား တည်ရှိနေတဲ့ ကမ္ဘာပေါ်က ရှေးအကျဆုံး မြေသားဗိသုကာမြို့တော်ဖြစ်တဲ့ Jiaohé ရှေးဟောင်းမြို့တော်အကြောင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

မြို့ရဲ့အကြောင်းကို ဖော်ပြပေးရာမှာတော့ သူ့ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်တွေထဲက တည်ရှိမှုနဲ့ ပုံစံကနေ စလိုက်ချင်ပါတယ်။

           တည်ရှိမှုနဲ့ ပုံစံ

Jiaohé ရှေးဟောင်းမြို့တော်ကို တရုတ်လို “ကြားခံဧရိယာ” လို့ အဓိပ္ပါယ်ရတယ်လို့ ဆိုကြပါတယ်။ဒီရှေးဟောင်းမြို့က မြစ်ကြမ်းပြင်အထက် မီတာ ၃၀ မြင့်တဲ့ မိုးမခသစ်ရွက်ပုံသဏ္ဍာန် လှေကားထစ်ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး ဘက်ပေါင်းစုံကနေ မြစ်တွေ ဝန်းရံထားတာလည်းဖြစ်ပါတယ်။အလျား ၁၇၅၀ မီတာနဲ့ အမြင့်ဆုံးအကျယ်က ၃၀၀ မီတာရှိပြီး ဧရိယာ ၃၇.၆ ဟက်တာရှိတယ်လို့ ဖော်ပြကြပါတယ်။ဒီလိုမြို့ရဲ့ တည်ရှိပုံကြောင့် ရန်သူတွေရဲ့ တိုက်ခိုက်ခြင်းကို သဘာဝအတိုင်း ခုခံကာကွယ်နိုင်စွမ်းရှိခဲ့ပြီး ပိုးလမ်းမရဲ့ အရေးကြီးတဲ့ ကုန်သွယ်ရေးစခန်းဖြစ်ခဲ့သလို အလုံခြုံဆုံး ကုန်သွယ်မှုအချက်အချာထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။

           သမိုင်းကြောင်း

ဒီမြို့ရဲ့ သမိုင်းကြောင်းကို ဖော်ပြကြရာမှာ ဘီစီ ၂ ရာစုကနေ စတင်ကြောင်းတွေ့ရပြီး တစ်ချိန်က အနောက်တိုင်းဒေသကြီးရှိ သုံးဆယ့်ခြောက်နိုင်ငံထဲမှ တစ်ခုဖြစ်တဲ့ Cheshiqian တိုင်းပြည်ရဲ့ မြို့တော် ဖြစ်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။နောက်ပိုင်းမှာ Gaochang Kingdom (၄ ရာစုမှ ၇ ရာစု)၊ Tang Xizhou (၇ ရာစုမှ ၈ ရာစု)၊ Gaochang Uighur Kingdom (၉ ရာစုမှ ၁၃ ရာစု) စတဲ့ အင်ပါယာတွေရဲ့ လက်အောက်မှာ Jiaohé ဟာ တည်ရှိဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

အေဒီ ၆၄၀ မှာ ဝန်းကျင်မှာတော့ Jiaohé မြို့ဟာ တစ်ချိန်က တန်အင်ပါယာအတွက် အရေးပါတဲ့ အချက်အချာအဖြစ်ရှိခဲ့တယ်လို့ ဆိုပါတယ်။အခြားတစ်ဖက်မှာတော့ ဖော်ပြမှုတွေအရ XIII ရာစုတွင် မွန်ဂိုကျူးကျော်မှုဖြစ်ပွားခဲ့ပြီး အဲဒီအချိန်က Jiaohé ရှေးဟောင်းမြို့တော်ရဲ့ ထူးခြားတဲ့ ခံတပ်ပုံစံက အကာအကွယ်မရရှိခဲ့ဘူးလို့ ဖော်ပြကြပါတယ်။မြို့ဟာ ထိခိုက်မှု မရှိသလောက် ဖြစ်ခဲ့ပေမယ့်  မြို့သူမြို့သားတွေကတော့ သေဆုံးမှုရှိခဲ့ပြီး အသက်ရှင်သူတွေဟာ ရှောင်တိမ်းပြေးလွှားခဲ့ကြရတယ်လို့ ဖော်ပြကြပါတယ်။

           ဘာတွေကိုတွေ့ရမှာလဲ ?

ဒီနေ့ခေတ်အထိ မြို့အနှံ့ လမ်းလျှောက်ရင်း ခြေရာတွေကို မြင်တွေ့နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် နောက်ဆုံးအခြေချနေထိုင်သူတွေရဲ့ အသုံးအဆောင်တချို့ကိုလည်း တွေ့ရမှာဖြစ်ပါတယ်။မြို့ရဲ့ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း ခြေရာခံနိုင်ပြီး အလယ်ဗဟိုမှာဆိုရင် ကျယ်ပြန့်တဲ့ လမ်းမကြီးတစ်ခုရှိပါတယ်။ဒီလမ်းကြီးရဲ့ တစ်ဖက်တစ်ချက်စီမှာတော့ တစ်ချိန်က ဒီမှာရှိခဲ့တဲ့ ဈေးဆိုင်တွေနဲ့ ချမ်းသာသော နေထိုင်သူတွေရဲ့ အိမ်အဆောက်အဦတွေကို တွေ့ရမှာဖြစ်ပါတယ်။

Jiaohé ရှေးဟောင်းမြို့တော်ရဲ့ အပျက်အစီးတွေအကြားမှာ Goubei သုသာန်နဲ့ Gouxi သုသာန်တို့ကို တွေ့မြင်ရမှာဖြစ်ပြီး မြို့တွင်းမှာ အစိုးရရုံးနေရာ၊ ကြီးမားတဲ့ တရားရုံးနေရာ၊ ဘုရားကျောင်းနေရာ၊ ကုန်သိုလှောင်နေရာ၊ သင်္ချိုင်းဧရိယာ စတာတွေကို အထင်ကြီးလောက်အောင် စနစ်တကျဖွဲ့စည်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။မြို့ရဲ့ အပြင်ဘက်အပိုင်းမှာတော့ ဂျူးရှီဘုရင့်နိုင်ငံနဲ့ ဂျင်-ထန် မင်းဆက်များ (ဘီစီ ၂ ရာစုမှ ၈ ရာစုအထိ) ရှေးဟောင်းအဆောက်အဦတွေကို တွေ့ရမှာဖြစ်ပါတယ်။

Jiaohé ရှေးဟောင်းမြို့တော်ဟာ ဘီစီ ၂ ရာစုကနေ အေဒီ ၁၄ ရာစုအထိ ပိုးလမ်းမတစ်လျှောက် တာပန်မြစ်ဝှမ်းဒေသရဲ့ အရေးကြီးတဲ့ အချက်အချာဖြစ်ဖြစ်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။ဒါဟာဆိုရင် Jushi ပြည်နယ်၊ Qocho ဘုရင့်နိုင်ငံနဲ့ အနောက်တိုင်းဒေသ Uyghur Kingdom of Qocho တို့ရဲ့ တည်ရှိမှုသမိုင်းကိုလည်း သက်သေပြလျက်ရှိတယ်လို့ ဆိုကြပါတယ်။

           ယဉ်ကျေးမှုအမွေအနှစ်နေရာ ဖြစ်လာခြင်း

ဒီလိုသမိုင်းကြောင်းတွေနဲ့အတူ ရှိနေခဲ့တဲ့ ရှေးဟောင်းမြေသားဗိသုကာမြို့တော် Jiaohé မြို့ကို ၁၉၁၆ ခုနှစ်မှာတော့ တရုတ်နိုင်ငံအနေနဲ့ ပထမဆုံး နိုင်ငံတော်ဦးစားပေးကာကွယ်တဲ့ ယဉ်ကျေးမှုအမွေအနှစ် နေရာအဖြစ် တရုတ်နိုင်ငံတော်ကောင်စီက သတ်မှတ်ခဲ့ကြပါတယ်။ ၂၀၀၁ ခုနှစ်မှာ Jiaohé ရှေးဟောင်းမြို့တော်အနီးက Gouxi ၊ Goubei သုဿာန်တွေနဲ့အတူ Ya’er Lake Grottoes တို့ကို “Jiaohé Ancient City” အမျိုးသား အဓိကယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး ယူနစ်အဖြစ် ပေါင်းစည်းခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ပိုးလမ်းမရဲ့ ဗဟိုမြို့အဖြစ် UNESCO က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။

ဒီနေ့ခေတ်မှာတော့ Jiaohé ရှေးဟောင်းမြို့တော်ဟာ ရှင်းကျန်းဒေသရဲ့ အကျော်ကြားဆုံး နေရာတွေထဲက တစ်ခုအဖြစ်ရှိနေပြီဖြစ်ပြီး ခရီးသွားဆွဲဆောင်မှုနေရာအဖြစ် ရှင်သန်နေဆဲဖြစ်ပါတယ်။

ဒီနေရာမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအပြင် Jiaohé ရဲ့ သမိုင်းအတွက် ရည်ညွှန်းတဲ့ ပွဲတွေကိုလည်း နှစ်စဉ် နှစ်တိုင်း ကျင်းပမှုတွေရှိပါတယ်။

မိုးသား