【 ပြည်တွင်း 】လျှပ်စစ်မီး နေ့စဉ်ပြတ်တောက်မှုကြောင့် အသုံးစရိတ် ကုန်ကျမှုပိုများလာဟု အိမ်ထောင်ရှင်မများဆို

【 ပြည်တွင်း 】လျှပ်စစ်မီး နေ့စဉ်ပြတ်တောက်မှုကြောင့် အသုံးစရိတ် ကုန်ကျမှုပိုများလာဟု အိမ်ထောင်ရှင်မများဆို

အခြေခံစားသောက်ကုန်စျေးနှုန်းဆက်တိုက်မြင့်တက်နေချိန်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို နေ့စဉ်ကြုံနေရတဲ့အတွက် မီးဖိုချောင်ကုန်ကျစရိတ်တွေ ပိုများလာတယ်လို့ ရန်ကုန်မြို့နေ အိမ်ထောင်ရှင်မများထံ က သိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ အချိန်အတိအကျ မီးပျက်တာမျိုးမဟုတ်ဘဲ မနက်ပျက်လိုက် ၊ညနေပိုင်းပျက်လိုက်ဖြစ်နေတာကြောင့် အလုပ်ပျက်အကိုင်ပျက်ဖြစ်စဉ်တွေကြုံနေရပြီး မီးဖိုချောင်မှာ ချက်ပြုတ် မစားနိုင်ပဲ အပြင်မှာဝယ်စားရတဲ့အတွက်  ကုန်ကျစရိတ်တွေ ပိုများလာတယ်လို့ ရန်ကုန်မြို့နေပြည်သူများနှင့် ကုမ္ပဏီဝန်ထမ်းများထံက သိရပါတယ်။

“အရင်ကအလှည့်ကျ မီးပျက်မယ်ဆိုပြီး  လူမှုကွန်ရက်ပေါ်ကနေ ကြိုတင်အသိပေးတာတွေရှိတယ်။ အခုက အလှည့်ကျလည်းမဟုတ်ဘူး။ပျက်ချင်တဲ့အချိန်ပျက်တယ်။ ကြိုတင်အသိပေးတာလည်းမရှိဘူး။ အထူးသဖြင့် မနက်ပိုင်းနဲ့ ညနေပိုင်းပျက်တာတွေရှိတယ်။ မနက်ပိုင်းပျက်တဲ့အခါကြတော့ ရုံးသွားခါနီးထမင်းချိုင့်ထည့်ဖို့ ဘာမှ ချက်လို့မရဘူး။ အပြင်မှာပဲဝယ်စားရတယ်။ ညနေပိုင်းရုံးဆင်းလို့ အိမ်ပြန်လာတော့လည်း နေ့တိုင်း မဟုတ်ပေမယ့် တစ်ရက်ခြား ၊နှစ်ခြားမီးပျက်တာတွေရှိတယ်။ အဲ့ဒီလိုမီးပျက်တဲ့ အခါမှာလည်း အပြင်ကပဲ ဝယ်စားနေရတော့ အကုန်အကျပိုများတာပေါ့ ”လို့ ရန်ကုန်မြို့ အင်းစိန်မြို့နယ်နေ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောပါ တယ်။

ကြိုတင်အသိပေးထားခြင်းမရှိ မီးပျက်တဲ့အခြေအနေကို မြို့နယ်တော်တော်များများမှာ ကြုံနေရပြီး တစ်နေ့ကို ၅ နာရီလောက် မီးပျက်နေပေမယ့် မီတာခတွေကောက်ခံရမှာတော့  တစ်လထက်တစ်လ မီတာခတွေ ပိုများလာတယ်လို့လည်း  ပြည်သူတွေထံက သိရပါတယ်။

“မီးကနေ့တိုင်းပျက်နေတယ်။မီးတာခကတော့ လျော့သွားတယ်ကိုမရှိဘူး။ တိုးလာတာပဲရှိတယ်။ အရင်က မီးသိပ်မပျက်တဲ့အတွက် လကုန်တော့  မီတာခလာကောက်တာ ၆၀၀၀ကျပ်ပဲကျတယ်။ ဒီလက မီးကလည်း ခဏခဏ ပျက်တယ်။မီးလည်းသိပ်မသုံးရပဲနဲ့ မီတာဆောင်ခ ကျပ်၉၀၀၀ကျော်တောင် ပေးလိုက်ရတယ်။ မီတာကလည်း သေသေချာချာဖတ်တာမရှိဘူး။ ခန့်မှန်းပြီးတော့ မီတာခ ကောက်သွားကြတာ”လို့ ရန်ကုန်မြို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နေ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

လျှပ်စစ်မီးပျက်တဲ့ ဖြစ်စဉ်ကို ရန်ကုန်မြို့အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ကြုံတွေ့နေရတာဖြစ်ပြီး အဲ့ဒီလိုမီးပျက်မှုကြောင့် အခြေခံလူတန်းစားမိသားစုတွေအတွက် ရိုက်ခတ်မှုတွေရှိသလို လျှပ်စစ်မီး အသုံးပြုပြီး စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်နေရတဲ့ အသေးစား၊အလတ်စား စက်ရုံအလုပ်ရုံတွေလည်း ထိခိုက်မှုရှိတယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြချက်တွေအရသိရပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၆