【 ပြည်တွင်း 】အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေမှာ စေတနာ့ဝန်ထမ်းရှားပါးမှု ကြုံနေရ

【 ပြည်တွင်း 】အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေမှာ စေတနာ့ဝန်ထမ်းရှားပါးမှု ကြုံနေရ

ရန်ကုန်အပါအဝင် မြို့ကြီးတွေနဲ့ မြို့နယ်၊ ကျေးလက်တွေက ပရဟိတလုပ်ဆောင်နေတဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေမှာ စေတနာ့ဝန်ထမ်းရှားပါးမှု ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အရင်ကတော့ ပြည်သူတွေရဲ့ အရေးကိစ္စတွေကို အချိန်နဲ့တပြေးညီ အခမဲ့ကူညီပေးဖို့အတွက် အရေးပေါ် ကယ်ဆယ်ရေး လူမှုကူညီရေးအဖွဲ့တွေမှာ စေတနာ့ဝန်ထမ်းတွေအဖြစ် ဆယ်ကျော်သက်လူငယ်ကအစ လူလတ်ပိုင်း အထိ အားတက် သရောပါဝင်ခဲ့ကြပေမယ့် လက်ရှိမှာတော့ စားဝတ်နေရေးနဲ့ နိုင်ငံရေး အခြေအနေကြောင့် မပါဝင်လာနိုင်တော့တဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

“အခုက စေတနာ့ ဝန်ထမ်းရှားပါးတော့ အခက်အခဲတွေအများကြီးကြုံရတယ်။ ရှိတဲ့ လူအင်အားနဲ့လုပ်ရတော့ စိတ်ထင်တိုင်း မလုပ်နိုင်တော့ဘူး။ အရင်တုန်းကတော့ အဆင်ပြေတယ်။ လူငယ်တွေအများကြီးဝင်လုပ်ကြတယ်။ အခုက သိတဲ့အတိုင်း စားဝတ်နေရေးအတွက်ရုန်းရ၊ နိုင်ငံခြားထွက်ကြ၊ တော်လှန်ရေးအတွက် ရုန်းကြနဲ့ဆိုတော့ ဒီလိုလုပ်ဖို့ မလွယ် တော့ဘူးလေ။”လို့ ပဲခူးတိုင်းအတွင်း အခမဲ့ လူမှုကူညီရေးဆောင်ရွက်တဲ့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အရင်က အချိန်တစ်ချိန်တည်း  အရေးပေါ်ကိစ္စ ၄၊ ၅ ခုလောက် ကူညီနိုင်ပေမယ့် လက်ရှိမှာ စေတနာ့ဝန်ထမ်း ရှားပါးတဲ့အတွက် ရှိတဲ့ဝန်ထမ်းနဲ့ အရေးပေါ်ကိစ္စ ၂ ခုလောက်သာ ကူညီပေးနိုင်တဲ့ အခြေအနေဖြစ်နေ တယ်လို့ ဆိုပါတယ်။

“ အရင်ကတော့ မီးဆိုလည်း မီး၊ အရေးပေါ်လူနာဆိုရင်လည်း အရေးပေါ်လူနာ၊ ယာဉ်တိုက်မှုဆိုရင်လည်း ယာဉ် တိုက်မှု ဝင်လာတဲ့ဖုန်းသံကြားတာနဲ့ အဖွဲ့လိုက်ထွက်ကြတယ်။ လူအင်အားက တောင့်တာကို၊ အသက် ၁၃ နှစ် အထက်လောက်လူငယ်တွေ စေတနာ့ဝန်ထမ်းဝင်လုပ်ကြတာ။ လှူတဲ့လူကလည်း လှူ၊ ကူတဲ့လူကလည်း ကူ ဆို တော့ ပြည်သူတွေကို ကူညီရတာ တော်တော်ထိရောက်ခဲ့တယ်။ အခုကတော့ စိတ်သွားတိုင်း ကိုယ်မပါတဲ့ အနေ အထား၊ တစ်နေ့တစ်နေ့ စိတ်ဆင်းရဲရတယ်။ ယာဉ်တိုက်မှုဆိုရင်လည်း ရော့အင်းဆိုပြီး လူနာကို အရေးပေါ် ဌာနမှာ ထားခဲ့လို့မရဘူး။ သူ့အသိတွေကို ဆက်သွယ်ပေးရ၊ လူနာစောင့်ပေးရနဲ့ နောက်တစ်မှုကို လူမရှိတော့ သွားမကူနိုင်တော့ဘူး။ တခြားကို ပြောင်းချိတ်ပေးရတယ်။ အဲ့ဒီမှာ ကြန့်ကြာ မဖြစ်သင့်တာတွေ ဖြစ်ကုန်နဲ့ ဒါမျိုးတွေပေါ့။ ”လို့ ရန်ကုန်အခြေစိုက် လူမှုကူညီရေး အသင်း တစ်သင်းရဲ့ တာဝန်ရှိသူက ပြောပြပါတယ်။

မြန်မာနိုင်ငံအတွင်း မြို့နယ်အလိုက် အခမဲ့လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့တွေရှိနေပြီး ရန်ကုန်မြို့မှာဆိုရင် အသင်းပေါင်း ၂၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။ ဒီအသင်း၊ အဖွဲ့တွေထဲမှာ လူငယ်နဲ့ လူလတ်ပိုင်းတွေ အများဆုံးပါဝင်ကူညီနေကြပြီး ရေဘေး၊ မီးဘေး၊ စစ်ဘေးနဲ့ ယာဉ်တိုက်မှု အပါအဝင် ကိုယ်ဝန်ဆောင်၊ လူနာ၊ ကျန်းမာရေးအရေးပေါ်ကိစ္စတွေကအစ ၂၄ နာရီ လိုက်လံကူညီပေးနေကြတာဖြစ်တယ်လို့ သိရပါတယ်။

လီလီ

ရန်ကုန်၊ စက်တင်ဘာ  ၂၅