【 အားကစား 】 ပိုကောင်းတဲ့ ကစားသမားဖြစ်လာဖို့အတွက် မန်ယူအသင်းမှထွက်ခွာခဲ့ဟု လူကာကူ ဆို

【 အားကစား 】 ပိုကောင်းတဲ့ ကစားသမားဖြစ်လာဖို့အတွက် မန်ယူအသင်းမှထွက်ခွာခဲ့ဟု လူကာကူ ဆို

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးသစ်ဖြစ်လာခဲ့တဲ့ ရိုမီလူ လူကာကူဟာ မန်ယူအသင်းမှာ‌ ကစားခဲ့စဉ်ကတော့ အောင်မြင်မှုတွေမရရှိခဲ့ပဲ ခြေစွမ်းဆိုးရွားခဲ့ဝာာဖြစ်ပါတယ်။

ယခုတော့ လူကာကူဟာ သူဘာကြောင့် မန်ယူအသင်းကို စွန့်ခွာခဲ့ရတဲ့အကြောင်းကို ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကနေ ထွက်ခွာပြီးနောက် အဲဗာတန်အသင်းမှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူနေတဲ့ လူကာကူ ကို မန်ယူအသင်းက ပေါင် သန်း ၈၀ နဲ့ မျှော်လင့်တကြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အဲဗာတန်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ လူကာကူဟာ မန်ယူအသင်း နည်းပြ ဆိုးလ်ရှား လက်အောက်မှာတော့ ခြေစွမ်းပြသနိုင်ခြင်းမရှိပဲ နောက်ပိုင်းမှာတော့ အင်တာမီလန်အသင်းကို ပေါင် ၇၃ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။အင်တာမီလန်အသင်းမှာတော့ လူကာကူဟာ ပြန်လည်တောက်ပလာခဲ့ပြီး အင်တာမီလန်အသင်းကို အီတလီ စီးရီးအေ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ ယခုတော့ ချဲလ်ဆီးအသင်းထံသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

"ကျနော် ပိုကောင်းတဲ့ ကစားသမားဖြစ်ဖို့အတွက် မန်ယူအသင်းကနေ ထွက်ခွာခဲ့တာပါ" လို့ လူကာကူ က ဆိုပါတယ်။

"အခုတော့ ကျနော် အီတလီမှာ အတွေ့အကြုံကောင်းတွေရရှိခဲ့ပြီးပြီ၊ အင်္ဂလန် ပရီးမီးယားလိဂ်က အသင်းတွေနဲ့ ကစားသမားတွေဟာ ပိုမိုကောင်းမွန်လာနေတာကို မြင်တွေ့ရပါတယ်၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ကျနော်အသင့်ဖြစ်နေပါပြီ" လို့ လူကာကူ က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီအသင်း နည်းပြ တူချယ်လ်ကတော့ လာမယ့်ရက်ပိုင်းအတွင်း အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ် (၂) လန်ဒန်ဒါဘီအဖြစ် ယှဉ်ပြိုင်ကစားရမယ့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူးသစ် လူကာကူ ကို ပွဲထွက် ကစားစေဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။

"သူ (လူကာကူ) ဟာ ခွန်အားသုံးပြီး ကစားရတာကို နှစ်သက်သူပါ၊ အရမ်းလည်းသန်မာပြီး အမြန်နှုန်းကိုမြှင့်ပြီး ကစားနိုင်သူလည်းဖြစ်ပါတယ်၊ ရိုမီလူမှာ အားသာချက်တွေ အများကြီးရှိပြီး ဖြတ်တင်ဘောတွေလည်း ပေးပို့နိုင်သလို ခေါင်းတိုက်ဂိုးတွေကိုလည်း သွင်းယူပေးနိုင်ပါတယ်၊ ပွဲစဉ်တွေမှာ ရိုမီလူ ခြေစွမ်းပြနိုင်ဖို့အတွက် ကျနော်တို့အသင်းအနေနဲ့ ထူးထူးခြားခြား ကစားကွက်ပြောင်းလဲကစားနေစရာ မလိုပါဘူး" ဟု ချဲလ်ဆီးအသင်း နည်းပြ တူချယ်လ်မှ ၎င်းရဲ့ တိုက်စစ်မှူးသစ်ကို ချီးကျူးခဲ့ပါတယ်။

Linko
လန်ဒန်၊ ဩဂုတ် - ၂၀