【 အားကစား 】 ဖီဖာအကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ လီဝန်ဒေါစကီး

【 အားကစား 】 ဖီဖာအကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ လီဝန်ဒေါစကီး

Ballon d'Or ဆုကို လွဲချော်ခဲ့အပြီးမှာတော့ ပိုလန်လက်ရွေးစင် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ တင်္နလာနေ့ညမှာတော့ သူနဲ့ထိုက်တန်တဲ့ ဆုတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ခ်ျမြို့မှာ အွန်လိုင်းကနေကျင်းပခဲ့တဲ့ ကမ္ဘာ့‌ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ အကောင်းဆုံးကစားသမားရွေးချယ်ပွဲကြီးမှာ ဘိုင်ယန်အသင်းရဲ့ တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါစကီး က Ballon d'Or ဆုရှင် PSG ကစားသမား လီယွန်နယ် မက်ဆီနဲ့ လီဗာပူးလ် ကြယ်ပွင့်ကစားသမား မိုဟာမက် ဆာလက်တို့ကို ကျော်ဖြတ်ပြီး ၂၀၂၁ ဖီဖာအကောင်းဆုံး အမျိုးသားကစားသမားဆုကို ရရှိခဲ့ဝာာဖြစ်ပါတယ်။

အမျိုးသားဘောလုံးလောကမှ အကောင်းဆုံးကစားသမားများကို နိုင်ငံတကာဂျူရီလူကြီးများက မဲပေးဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

လီဝန်ဒေါစကီးအနေနဲ့ ၂၀၂၁ ခုနှစ်အတွင်းက ဘိုင်ယန်အသင်းအတွက် လိဂ်ပွဲ ၃၄ ပွဲကစားပေးခဲ့ရာမှာ ၄၃ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး၊ ဂျာမန် ဂန္တဝင်ကစားသမားကြီး ဂဒ်မူလာရဲ့ ၄၉ နှစ်ကြာတင်ထားခဲ့တဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွက် ဖီဖာအကောင်းဆုံး အမျိုးသားနည်းပြဆုကို ချဲလ်ဆီးအသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့ ချဲလ်ဆီးနည်းပြ သောမတ်စ် တူချယ်လ် က ရရှိခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသားဂိုးသမားဆုကိုတော့ ချဲလ်ဆီးအသင်း ဂိုးသမားဖြစ်သူ အက်ဒွတ် မန်ဒီ က ရရှိခဲ့ပြီး၊ မန်ယူအသင်း တိုက်စစ်မှူးကြီး စီရော်နယ်လ်ဒိုကတော့ အထူးဆုကို ရရှိခဲ့ပါတယ်။

ပွစ်ကတ်စ်ဆုကိုတော့ စပါးအသင်းကစားသမားဟောင်း အဲရစ်ခ် လာမယ်လာ က အာဆင်နယ်အသင်းဘက်ကို သွင်းယူသောဂိုးနဲ့ ရရှိခဲ့ပါတယ်။

ပရိသတ်ဆုကို ဒိန်းမတ်နဲ့ ဖင်လန် ပရိသတ်များက ရရှိခဲ့ပြီး၊ အသန့်ရှင်းဆုံးအသင်းဆုကို ဒိန်းမတ်လက်ရွေးစင်အသင်းက ရရှိခဲ့ပါတယ်။

ဖီဖာအကောင်းဆုံး အမျိုးသမီးကစားသမားဆုကို ဘာစီလိုနာအမျိုးအသင်းကစားသမား အလက်ဇီယာ ပူတဲလ်က်စ် က ရရှိခဲ့ပြီး၊ အကောင်းဆုံး အမျိုးသမီးနည်းပြဆုကို ချဲလ်ဆီးအမျိုးသမီးအသင်း နည်းပြ အမ်မာ ဟေးစ် က ရရှိခဲ့ပါတယ်။

PSG အမျိုးသမီးအသင်းရဲ့ ဂိုးသမား ခရစ္စတင်း အန်ဒလာကတော့ အကောင်းဆုံး အမျိုးသမီးဂိုးသမားဆုကို ရရှိခဲ့ပြီး၊ ပို့တ်လန်း သွန်းစ်အသင်းရဲ့ ခရစ္စတင်း ဆင်ကလဲယားကတော့ အထူးဆုကို ရရှိခဲ့ပါတယ်။

Linko
ဇူးရစ်ခ်ျ၊ ဇန်နဝါရီ - ၁၈