ပြည်သူများနှင့် ကြောက်လန့်မှုတစ္ဆေ

ပြည်သူများနှင့် ကြောက်လန့်မှုတစ္ဆေ

 

 

“ဥပဒေအထက်မှာ မည်သူမျှမရှိစေရ” လို့ ဆိုတဲ့ စကားရပ်ကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေပေမယ့် မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးမှု အခြေအနေအရ အဲ့ဒီစကားဟာ နှုတ်ဖျား၌သာ တည်နေသလို ဖြစ်လို့နေပါတယ်။အခု အရပ်သားအစိုးရ တက်လာပြီးတဲ့နောက်ပိုင်း လျော့ရဲနေတဲ့ တရားဥပဒေစိုးမိုးရေးကို ပိုမိုအားကောင်းလာဖို့ မျှော်လင့်ခဲ့ကြပေမယ့် တရားဥပဒေစိုးမိုးရေး ကဏ္ဍအပိုင်းကို ပြန်ကြည့်ရင်တော့ လက်ရှိအချိန်အထိ စိန်ခေါ်မှုတွေများစွာ ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲ နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့တဲ့ အမှုကြီးတွေထဲမှာ လူသတ်မှု၊ မုဒိန်းမှုတွေက အများဆုံးဖြစ်ပွားတယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ကိန်းဂဏန်းတွေရဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့သလို ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းမှာ အမှုပေါင်း (၃၅၃၄) မှု ဖြစ်ပွားခဲ့ပါတယ်။လက်ရှိအချိန်မှာလည်း မန္တလေးမြို့၊ ရန်ကုန်မြို့တို့လို စီးပွားရေးအရ အဓိကအချက်အချာကျတဲ့ မြို့ကြီးတွေမှာ နေ့ခင်းဘက်တောင် ထိတ်လန့်ဖွယ်ရာကောင်းတဲ့ ရာဇဝတ်မှုတွေကလည်း တစ်စနဲ့တစ်စ တိုးလို့လာနေတာကြောင့် နေ့စဉ် သွားလာလှုပ်ရှား ရုန်းကန်နေရတဲ့ ပြည်သူလူထုတွေအတွက် စိတ်ချလုံခြုံမှု ကင်းမဲ့နေသလို ဖြစ်နေပြီး ခိုး၊ ဆိုး၊ လုယက်မှုတွေ အပါအဝင် ရာဇဝတ်မှု ထူပြောလာတာတွေနဲ့ ပတ်သက်လို့ တရားဥပဒေစိုးမိုးရေး ကဏ္ဍဟာ လူမှုကွန်ရက်တွေပေါ်မှာ ဝေဖန်မှုတွေနဲ့ ပြည့်နှက်ခဲ့ရပါတယ်။ပြည်သူလူထုတွေရဲ့ လုံခြုံစိတ်ချမှုနဲ့ အသက်အိုးအိမ် စည်းစိမ်တွေအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေက အကာအကွယ်မပေးနိုင်တော့ဘူးလား ဆိုတာက လူအများစုရဲ့ ပါးစပ်မှာ မေးခွန်းထုတ် ပြောဆိုစရာ ဖြစ်လာခဲ့တာပါ။

မြန်မာပြည်မှာ တကယ်တော့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် အပေါ်မှာတောင် ကွဲလွဲနေကြပါတယ်။
ခေတ်အဆက်ဆက် အာဏာရှိသူတွေနဲ့ ငွေကြေးရှိသူတွေက ဥပဒေကို လိုရင်လိုသလို လက်တစ်လုံးခြား သုံးစွဲခဲ့တာတွေကြောင့်  တရားရုံးတွေဟာ နာမည်ပျက်ခဲ့ပြီး ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းခဲ့ရပါတယ်။တရားတဲ့ ဥပဒေတွေ၊ မျှတမှုရှိတဲ့ ကျင့်ထုံးတွေဟာ မူလကတည်းက ပြဋ္ဌာန်းထားပြီးဖြစ်ပေမယ့် စောင့်ရှောက်ထိန်းသိမ်းဖို့ တာဝန်ရှိတဲ့ တရားရေးနယ်ပယ်က ဝန်ထမ်းတစ်ချို့ ကိုယ်တိုင်တောင်မှ အပြုအမူဆိုးတွေ၊ အကျင့်အဟောင်းတွေနဲ့ ခေါက်ရိုးကျိုးနေကြပုံရတယ်လို့လည်း ဝေဖန်သုံးသပ်မှုတွေက ရှိပါတယ်။

ရာဇဝတ်မှုတွေ လျော့နည်းပပျောက်စေဖို့။

ရာဇဝတ်မှုတွေ လျော့နည်းစေဖို့ အပါအဝင် ခိုး၊ ဆိုး၊ လု၊ နှိုက် အစရှိတဲ့ အမှုအခင်းတွေ ပပျောက်စေဖို့ဆိုတာကလည်း ပြစ်မှုကျူးလွန်သူတွေကို နောက်နောင် မလုပ်ရဲမကိုင်ရဲ မကျုးလွန်ရဲအောင် ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုး ချရမှာဖြစ်ပြီး စံနမူနာပြတဲ့အနေနဲ့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်တာတွေကိုလည်း ပြုလုပ်ဖို့ လိုတယ်လို့ အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက ပြောပါတယ်။

“အဓိက ကတော့ ပြစ်ဒဏ်ကို ထိထိရောက်ရောက်ချရမှာ မလုပ်ရဲမကိုင်ရဲ မကျူးလွန်ရဲအောင် လုပ်ရမှာ အခုကတော့ မစို့မပို့ပြစ်ဒဏ်တွေကိုဘဲ ပေးနေတော့ ဒုစရိုက်သမားတွေက ထောင်ထဲ ဝင်လိုက် ထွက်လိုက် လွတ်လာပြန်ရင်လည်း ဒါပဲပြန်လုပ်စားနေတာပေါ့။တစ်ခုလောက်တော့ နမူနာပြပြီး ဆော်လိုက်ပါလား မဆော်ဘူး။မြန်မာလူမျိုးတွေ ဆိုတော့လည်း သက်ညှာသောအားဖြင့် ပြစ်ဒဏ်ပေး၊ သင်ခန်းစာပေးတယ် ပြစ်ဒဏ်ချတယ်ပေါ့လေ။ ဒါကြောင့် အပြင်မှာ ပြစ်မှုကျူးလွန်သူတွေကလည်း မထီမဲ့မြင်ဖြစ်လာတယ်၊ မမှုတော့ဘူးလေ။ပြစ်မှုကျူးလွန်လိုက်၊ ထွက်ပြေးလိုက် ရဲက ပင်ပင်ပန်းပန်းလိုက်ရတယ်။ငယ်ငယ်တုန်းက သူခိုးပုလိပ် ကစားသလိုပေါ့၊ မိလိုက်၊ ထွက်ပြေးလိုက် အဲ့လိုမျိုးဖြစ်နေတယ်။
တရားစီရင်ရေး အပိုင်းမှာဆိုလည်း ကျေအေးပေးပါမယ်ဆိုပြီး လာဘ်ထိုးတဲ့အခါ ကျေအေးပေးပါဆိုပြီး ဖြစ်ပြန်ရော၊ ဒါတွေက အောက်ခြေက ရဲတွေက ပင်ပန်းစွာလုပ်ရတာကို အပေါ်ေရောက်တော့ တစ်မျိုးဖြစ်သွားပြန်ရော၊ အမှန်က ပြစ်ဒဏ်တွေကို တရားသူကြီးတွေက ထိထိရောက်ရောက် လုပ်ရမှာ၊ ရဲက တရားစွဲတင်တယ်၊ အပေါ်ရောက်ရင် လွှတ်ပေးလိုက်တယ်၊ ဒါတွေကို ဘယ်လိုလုပ်ကြမလဲ။အပေါ်က ချမှတ်ပေးလိုက်တဲ့ ပြစ်ဒဏ်တွေက ပြစ်မှုကျူးလွန်သူတွေအတွက် အယားတောင်မပြေဘူး ဖြစ်နေတယ်၊ ဒီတော့လည်း သူတို့က ဒုစရိုက်လောကထဲမှာဘဲ ပြန်ပြီးကျင်လည်ကြတာပေါ့” လို့ အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက အခုလို သုံးသပ်ခဲ့ပြောကြားခဲ့တာပါ။

အဲ့ဒီအခြေအနေတွေမှာ ၂၀၁၈ ခုနှစ်၊ မတ် ၂၁ ရက်က တာဝန်ထမ်းနေဆဲ သမ္မတကြီး ဦးထင်ကျော် ဟာ ကျန်းမာရေးအခြေအနေကြောင့် ရာထူးကနေ အနားယူခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ဟာ သမ္မတရာထူး ဆက်ခံခဲ့ချိန်မှာတော့ ချိန်ခွင်လျှာထိန်းညှိနိုင်တဲ့ တရားစီရင်ရေးမဏ္ဍိုင် ဖြစ်လာစေဖို့ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို ပြန်လည်တည့်မတ်သွားမယ်ဆိုတဲ့ သမ္မတသစ်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းကြောင့်လည်း “ဥပဒေအထက်တွင် မည်သူမျှမရှိ” ဆိုတဲ့ စကားရပ်ဟာ ဥပဒေသမားတစ်ယောက်ဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့် လက်ထက်မှာ ပြန်လည်အသက်ဝင်လာမလား ဆိုတာကတော့ အလွန်ပင်စိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်နေပေမယ့် အခုအချိန်အထိ တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်ကတော့ ယိမ်းယိုင်နေသေးတယ်လို့ ဝေဖန်သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။

ယခင် လွှတ်တော်သက်တမ်းမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းခဲ့သူ ဦးခိုင်မောင်ရည် ကတော့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ လုပ်ငန်းစဉ်တွေ ထွက်လာဖို့ အရေးကြီးပြီး အကျင့်စာရိတ္တပြုပြင်ရေး အနေအထားမျိုးနဲ့ ထောင်တွေ ရဲဘက်စခန်းတွေမှာ ထောင်ကျလာတဲ့ ခိုးဆိုးလုယက် တိုက်ခိုက်သူတွေကို ကောင်းကောင်းပြုပြင်ပေးနိုင်တဲ့ နေရာမျိုးဖြစ်ဖို့ လိုတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

“အရင်တုန်းကဆိုရင် လူတွေက ထောင်ကျမှာ အတော်ကြောက်ကြတယ်။ထောင်ထွက်ဆိုတာက လူ့လောကမှာ နာမည်ပျက်တယ်၊ ဝိုင်းပြီးတော့ ဖယ်ကျဉ်ခံရတယ်။အခုက အဲ့ဒီလိုမဟုတ်ဘူး၊ ထောင်ကထွက်လာရင် သူခိုးတစ်ယောက်က လူမိုက်လိုလိုပုံစံ ဖြစ်လာတယ်။အဲ့အတွက် သူတို့တွေကို ထောင်ထဲမှာ အကျင့်စာရိတ္တပြုပြင်ဖို့ ပိုပြီးအားကောင်းအောင်လုပ်ဖို့ လိုတယ်။ထောင်ဆိုတာ ကြောက်စရာကောင်းဖို့ လိုတယ်။
တစ်နည်းအားဖြင့် စိတ်ဓါတ်ပြောင်းလဲမှုလုပ်ဖို့ လိုတယ်၊ ဆိုးသွမ်းသူတွေ ထောင်ကထွက်လာရင် ပိုမိုဆိုးသွမ်းတာက ထောင်က သူတို့ကို ကောင်းကောင်းမပြုပြင်နိုင်ဘူးလို့ ပြောရမှာဖြစ်တယ်။အဲ့တော့ အကျဉ်းစခန်းတွေက ဒီထောင်ကျလာတဲ့ ခိုးဆိုးတိုက်ခိုက်သူတွေကို ကောင်းကောင်းပြုပြင်ပေးနိုင်တဲ့ နေရာမျိုးဖြစ်ဖို့ လိုတယ်။သူတို့တွေကို ထောင်ထဲမှာ အခွင့်အရေးပေး၊ တန်းစီးတွေပေးနဲ့ အခွင့်ထူးခံပြီးထားတာမျိုး မဖြစ်သင့်ဘူး။
လူဆိုးတွေ ထောင်ကျဖို့ မကြောက်တာမျိုးကို ထောင်က တစ်နည်းအားဖြင့် လူဆိုးတွေ တစ်ကြိမ်ကျပြီး နောက်တစ်ကြိမ်မကျအောင် ထောင်ကပြစ်ဒဏ်ပေးနိုင်အောင် ထားရမယ်။ပြောရရင် ကိုယ်တို့နိုင်ငံရေးသမားတွေတောင်မှ ထောင်ထဲဝင်ရင် တိုက်တွေ၊ ခြေခြင်းတွေ အခတ်ခံခဲ့ရသေးတယ်။
ဒါက သာမန်အကျဉ်းသားတွေဆိုရင် ကြောက်သွားစေရမယ် အဲ့လိုအဆင့်မျိုးဖြစ်ဖို့ လိုတယ်၊ ထောင်စခန်းတွေက အကျင့်စာရိတ္တ ပြုပြင်ပြောင်းလဲပေးဖို့ လိုတယ်၊ ဒါကလည်း အရေးကြီးတဲ့ အချက်ဖြစ်တယ်” လို့ ဦးခိုင်မောင်ရည် က ပြောပါတယ်။

တရားဥပဒေစိုးမိုးရေးအတွက် ကိုင်တွယ်ရမယ့် အခက်အခဲများ။

ဒါကြောင့်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးဖို့လိုပြီး ရိုးရိုးလေးပြောရမယ်ဆိုပါက ပြည်သူပြည်သားများဟာ မိမိတို့ အသက်အိုးအိမ် စည်းစိမ်အတွက် အခြေခံလုံခြုံမှု မရှိဘူးဆိုရင် ညီညွတ်ရေးအတွက် အဓိကဖြစ်တဲ့ မတူကွဲပြားမှုများကို ညှိနှိင်းတိုင်ပင်ဆွေးနွေးပြီး တူညီတဲ့ ရည်မှန်းချက်တွေအပေါ် အခြေခံလမ်းစဉ် ချမှတ်နိုင်ဖို့ အင်မတန်မှ ခက်ခဲပါလိမ့်မယ်” လို့ သုံးသပ်ပြောကြားမှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

“တကယ့်ဖြစ်စဉ်အရ ပြောရရင်တော့ တရားဥပဒေစိုးမိုးရေးအတွက် မကောင်းတဲ့ဟာပေါ့။ကျွန်တော်တို့ NLD ကလည်း တရားဥပဒေစိုးမိုးရမယ်ဆိုပြီး ၂၀၁၅ မှာ ပြည်သူလူထုကို ကတိကဝတ်တွေပေးပြီး တက်လာတယ်။အခု တရားဥပဒေစိုးမိုးရေးအတွက်က စိန်ခေါ်မှုတွေ အများကြီးဖြစ်လာတယ်။အဲ့ဒါက ကောင်းတဲ့အလားအလာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။စောစောကပြောသလို ပြည်သူလူထုရဲ့ စားဝတ်နေရေးကြပ်တည်းမှု ဆိုတာကလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ဒီဘက်ခေတ်ပိုင်းမှာကျတော့ လုယက်မှုတွေ တရားဥပဒေစိုးမိုးမှု ယိုယွင်းမှုတွေကို သိလာရတယ်၊ ဒါကလည်း ဒီမိုကရေစီကိုးဗျာ့။သတင်းစာထဲမှာ နေ့တိုင်းပါနေတယ် လူမှုကွန်ရက်တွေကလည်း ပေါ်လာတဲ့အခါကျတော့ သတင်းတွေက အမြဲလိုလိုသိနေရတယ်၊ ဖတ်နေရတယ်။အဲ့ဒါကဘာနဲ့ဆိုင်လဲဆိုရင် ဒီမိုကရေစီအစိုးရဆိုတာက သတင်းကို အမှောင်ချတဲ့ အစိုးရ မဟုတ်ဘူးလေ။ကိုယ်လိုချင်တဲ့ သတင်းတွေကိုပဲတင်တဲ့ အစိုးရလည်း မဟုတ်တော့ ဒီလိုတွေ့လာရတာပေါ့။ဟိုတုန်းကတော့ သတင်းအမှောင်ချတဲ့ လက်ထက်ဆိုရင်တော့ ဒီလိုတွေ မရှိခဲ့ဘူးပေါ့လေ။ဒါကိုက ဒီမိုကရေစီကာလရဲ့ ပွင့်လင်းမြင်သာမှုပေါ့လေ။ဒါကို ပွင့်ပွင့်လင်းလင်း မြင်လာလို့ရှိရင် ကျွန်တေ်ာတို့ အစိုးရက အလုပ် လုပ်လို့ရတယ် အကာအကွယ်တွေ လုပ်နိုင်တယ်။အဲ့လိုဘဲ ကျွန်တော်ကတော့ မြင်ပါတယ်။ဒါကို ကာကွယ်နိုင်ရမယ် တားဆီးနိုင်ရမယ်၊ အဲ့လိုသတိပေးမှုတွေကို ဖြစ်စေတယ်လို့ဘဲ ထင်ပါတယ်” လို့ လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုပြန်ကြားရေး အတွင်းရေးမှူးဖြစ်သူ မုံရွာဦးအောင်ရှင် က ပြောပါတယ်။

ဒါ့အပြင် ရာဇဝတ်မှုတွေ လျော့နည်းပပျောက်ဖို့အတွက် ပြည်ထဲရေးမှာ တကယ့်ကို တိတိကျကျနဲ့ တင်းတင်းကြပ်ကြပ် လုပ်နိုင်မယ့် ဥပဒေတွေ၊ လူတွေလိုပြီး၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အရည်အချင်းတွေ ကျွမ်းကျင်မှု စကေးတွေလည်း လိုအပ်သလို ရဲတပ်ဖွဲ့ဝင်တွေရဲ့စားဝတ်နေရေး၊ ဒါတွေကို ကောင်းအောင်လုပ်ပေးဖို့ လိုတယ်လို့လည်း ၎င်းက သုံးသပ်ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကတော့ ဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်နေတဲ့ အဖွဲ့အစည်းတွေကို စည်းနှောင်ထားတဲ့ မှားနေတဲ့ဟာတွေကို ပြန်ပြီးပြင်ဆင်ဖို့ လိုအပ်သလို ရဲတပ်ဖွဲ့တွေကို စည်းနှောင်ထားတဲ့ နောက်ယောင်ခံ ဥပဒေတွေလိုဟာမျိုးတွေကို ပြန်ဖျက်ပစ်ရမယ်လို့လည်း သုံးသပ်မှုတွေက ရှိခဲ့ပြန်ပါတယ်။

“စီးပွားရေးတွေ ကျလာတယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းလာတယ်၊ မိသားစုစားဝတ်နေရေးတွေ အဆင်မပြေဘူး။
နောက် အပျော်အပါး မူးယစ်ဆေးဝါးအတွက် ငွေတွေလိုလာတယ်၊ ဒီအတွက်ကို ငွေလိုလာတော့ လမ်းပေါ်တက်ပြီး လုတယ် မရတော့ သေနတ်နဲ့ ပစ်တာတွေ ဖြစ်လာတယ်ပေါ့၊ ဒါတွေကို ဘယ်လိုပုံစံနဲ့ ပြုပြင်ပြောင်းလဲလို့မရလဲ၊ အခုအစိုးရလက်ထက်မှာ ဘာဖြစ်သွားလဲဆိုရင် နိုင်ငံသားဥပဒေဆိုင်ရာ လုံခြုံမှုဆိုင်ရာ ဥပဒေနောက်ယောင်ခံမှုကို ပြဋ္ဌာန်းလိုက်တယ်၊ နောက်တစ်ခါ ဧည့်စာရင်း ဥပဒေအပိုဒ်တွေကို ဖျက်လိုက်တယ်။အဲဒီလို မပြဋ္ဌာန်းသင့်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းတယ်။မဖျက်သင့်တဲ့ ဥပဒေတွေကို ဖျက်တယ်၊ ဒီအပေါ်မှာ ကျွန်တော်တို့ ဥပဒေစိုးမိုးမှု ကျဆင်းလာတာကို တွေ့ရတယ်။တရားဥပဒေစိုးမိုးအောင် ဘာလုပ်ရင်ကောင်းမလဲဆိုတော့ ကျွန်တော်တို့ အခု ဒုစရိုက်လုပ်ငန်းဖြစ်တဲ့ ကေတီဗီ၊ မာဆတ် ဒါကို ပေါ်ပေါ်တင်တင်တွေ လုပ်နေတယ်၊ ဖွင့်နေတယ်။ဒါတွေကို တာဝန်ရှိသူတွေက ထိထိရောက်ရောက်မလုပ်ဘူး၊ တကယ်မသိလို့လား သိလျက်နဲ့လည်း မဖမ်းတာလားဆိုတာကိုက မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ပြောလိုတာက ဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်တဲ့ အဖွဲ့ကို စည်းနှောင်ထားတဲ့ မှားနေတဲ့ဟာတွေကို ပြန်ပြီးပြင်ရမယ်။အခုက ဘယ်လိုဖြစ်လဲဆိုတော့ လူတွေကိုလည်း ရက်ရက်စက်စက် လူမြင်ကွင်းမှာ သေနတ်နဲ့ပစ်တယ်၊ ဓါးနဲ့လည်ပင်းလှီးတယ်ဆိုတာ နောက်တစ်ခါ ပက်ပက်စက်စက် လုနေတဲ့သူတွေကို ဥပဒေကို ထပ်တိုးပြီး ပြဋ္ဌာန်းသင့်ရင်လည်း ပြဋ္ဌာန်းရမယ်၊ ထိရောက်တဲ့ပြစ်ဒဏ် ပေးရမယ်။နောက် နိုင်ငံပြန်ပြီးတော့ တည်ငြိမ်သွားတယ်ဆိုရင် အဲ့ဥပဒေက ပြန်ပြင်လို့ရတာပါပဲ” လို့ ဦးသိန်းထွန်းဦး က ပြောပါတယ်။

ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ နိုင်ငံသူနိုင်ငံသားတွေကို ဥပဒေနဲ့ အကာအကွယ်ပေးရတဲ့ နေရာမှာ ဥပဒေအကာအကွယ် မဲ့နေသလိုဖြစ်နေပြီး တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီအရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးက တိုက်ရိုက်အချိုးကျသလို အခုလို တရားဥပဒေစိုးမှုတွေ မရှိသလိုဖြစ်တာဟာ ဒီမိုကရေစီအရေးကို စိန်ခေါ်တာမျိုးနဲ့ လူ့အခွင့်အရေးကို ခြိမ်းခြောက်လာတာမျိုးဖြစ်ပြီး ဒါဟာ တကယ်တော့ အလွန်တရာမှ စိုးရိမ်မကင်းဖြစ်စရာထဲကမှ အလွန်တရာ စိုးရိမ်ဖွယ် ရေအမှတ်ကို ရောက်နေတယ်လို့ သုံးသပ်မိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် ကလည်း ပြောကြားခဲ့ပါတယ်။

“အဓိက က ကျွန်တော်တို့ တိုင်းပြည်ရဲ့ စီးပွားရေးကျဆင်းမှု၊ စားဝတ်နေရေး မပြေလည်မှုနှင့်အတူ ကျွန်တော်တို့ အတွေးအခေါ်ပေါ့လေ၊ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ အင်မတန်နိမ့်ကျလာတယ်လို့ ကျွန်တေ်ာတို့ မြင်ပါတယ်။ဘာလို့လဲဆိုတော့ အရင်တုန်းက ကျွန်တော်တို့မှာက ဖိုခနောက်ဆိုင်ပေါ့၊ သုံးဦး သုံးဖလှယ် လူ့ဘောင်အဖွဲ့အစည်းတွေကို ထိန်းသိမ်းလာတာ ရှိတယ်။
ကျွန်တော်တို့ တိုင်းပြည်ရဲ့ စီးပွားရေးကျဆင်းမှု၊ စားဝတ်နေရေး မပြေလည်မှုနဲ့အတူ ကျွန်တော်တို့ ဒီအတွေးအခေါ်တွေပေါ့လေ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ အင်မတန်နိမ့်ကျလာတယ်လို့ ကျွန်တေ်ာတို့ မြင်ပါတယ်။
အဓိက က စားဝတ်နေရေး ပြေလည်ဖို့အတွက် တိုင်းပြည်မှာ အဆင့်ဆင့်လုပ်ရမယ်၊ နောက်တစ်ခုက ကျွန်တော်တို့ တိုင်းပြည်မှာက စည်းကမ်းမရှိဘူး။နောက်တစ်ခုက စည်းကမ်းမဲ့နေတဲ့သူတွေ အများကြီးရှိပါတယ်။ဥပမာ ကျွန်တော်တို့ အာရှမှာဆိုရင် စင်ကာပူနိုင်ငံမှာ မြင်နိုင်တွေ့နိုင်ပါတယ်။
ဘယ်လောက်စည်းကမ်းရှိလဲ ဆိုတာကိုပေါ့၊ အဲ့ဒါကြောင့် ဒီ ဖိုခနောက်သုံးခုနဲ့ အစပြုပြီး ယဉ်ကျေးလိမ္မာအောင်၊ စည်းကမ်းရှိအောင်၊ စားဝတ်နေရေး ပြေလည်အောင် လုပ်ပေးနိုင်ရင်တော့ တရားဥပဒေစိုးမိုးမှုကို ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်မယ်လို့ ယူဆပါတယ်” လို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော် က ပြောပါတယ်။

ကျီးလန့်စာစား ဖြစ်နေရတဲ့ ပြည်သူတွေ။

အခု လတ်တလောဖြစ်စဉ် တစ်ခုအနေနဲ့ စက်တင်ဘာလ ၈ ရက်၊ မွန်းလွဲပိုင်းအချိန်က ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းမှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အဲ့ဒီနေ့က ရည်းစားဖြစ်သူနဲ့အတူ လမ်းမတော်မြို့နယ်ဘက်ကနေ ဗဟန်းမြို့နယ်ဘက်ကို လမ်းလျှောက်လာစဉ် နောက်မှလိုက်လာတဲ့ အမျိုးသားသုံးဦးက ပုလင်းနဲ့ရိုက်နှက်ပြီး လက်သီးဖြင့် ဝိုင်းဝန်းထိုးကြိတ်တာတွေ ပြုလုပ်ကာ ရွှေအိုရောင် လက်ကိုင်ဖုန်းတစ်လုံးကို လုယက်ပြီး လမ်းတစ်ဖက်မှာရပ်ထားတဲ့ အငှားယာဉ်တစ်စီးပေါ်တက်ကာ ထွက်ပြေးသွားခဲ့တဲ့ လုယက်မှုဖြစ်စဉ်တစ်ခုလည်း ကြုံလာခဲ့ပါတယ်။ထိုကဲ့သို့သော အလားတူဖြစ်စဉ်တွေဟာ ရန်ကုန်လို မြို့ကြီးတွေမှာတောင် ဖြစ်ပွားလာတာကြောင့် ပြည်သူလူထုတွေကြားရဲ့မှာ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းစရာ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။

ဒါတွေဟာ ခေတ်ကာလ စနစ်ဟောင်းရဲ့ လက်ကျန်လုံခြုံရေးတပ်ဖွဲ့တွေ၊ မလွတ်လပ်တဲ့ တရားစီရင်ရေး စနစ်တွေက မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲရဲ့ အဓိကစိန်ခေါ်ချက်တွေပါပဲ။အရည်အချင်းရှိတဲ့၊ ကျွမ်းကျင်တဲ့၊ မူဘောင်နဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ် သမာသမတ်ကျကျကျ လုပ်ဆောင်မယ့် ပြည်သူ့ဝန်ထမ်းကောင်းတွေကို လူမှန်နေရာမှန်ဖြစ်အောင် လုပ်ဆောင်နိုင်ဖို့ဟာလည်း အရေးတကြီး လိုအပ်နေတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။သို့ပေမယ့်လည်း ဒါတွေကို ဘယ်လိုဘယ်ပုံ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်လို့ရမလည်း ဆိုတာကတော့ ……..။

ပြေသိမ်း
Photo Credit : Mandalay Police