【တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】အရှေ့တောင်အာရှက ကမ္ဘာ့စစ်အေးတိုက်ပွဲဗဟိုချက်လား

【တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】အရှေ့တောင်အာရှက ကမ္ဘာ့စစ်အေးတိုက်ပွဲဗဟိုချက်လား

         ယခုတစ်ပတ် ကမ္ဘောဒီးယားမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးက နိုင်ငံတကာအရေး ကျွမ်း ကျင်သူတွေ သုံးသပ်ထားသလိုပါဘဲ စိတ်ဝင်စားဖွယ်ရာ အခင်းအကျင်းတွေ ဖြစ်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ ဒီအ စည်းအဝေးမှာ နိုင်ငံတကာ အင်အားကြီးနိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့အတွက် လက်ရှိဖြစ် နေတဲ့ နိုင်ငံတကာတင်းမာမှုနဲ့ပတ်သက်ပြီး သိသာတဲ့  တွေ့ဆုံဆွေးနွေးမှုတွေကို တွေ့ခဲ့ရပါတယ်။

           နိုင်ငံတကာမှာ ဖြစ်ခဲ့တဲ့ တချို့သတင်းတွေဖြစ်တဲ့ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲသတင်းတွေ၊ အစ္စ တန်ဘူလ်မြို့လယ်က လူစည်ကားတဲ့နေရာမှာ ဗုံးပေါက်ကွဲခဲ့လို့ လူ ၆ ဦးသေဆုံးခဲ့ရတဲ့ သတင်းတွေ၊ နိုင်ငံ တွင်း ပဋိပက္ခတွေ မထိန်းနိုင်လို့ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံကို ကင်ညာတပ်တွေ ဝင်လာတဲ့ သတင်းတွေ၊ အမေရိကန် နိုင်ငံ တက်ဆပ်ပြည်နယ် ဒါးလက်စ်မြို့မှာကျင်းပတဲ့ ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် လေကြောင်းပြပွဲတခုမှာ လေယာဉ်နှစ်စင်း တိုက်မိခဲ့တဲ့သတင်းတွေ၊ ဖလော်ရီဒါပြည်နယ်ကို ဝင်တိုက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း နီကိုးလ် ကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့တဲ့သတင်းတွေ၊ ဘိုလီးဗီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ ဆန်တာခရုဇ်မှာ သန်း ခေါင်စာရင်း ကောက်ခံမှုနှောင့်နှေးလို့ သီတင်း ၃ ပတ်ကြာ ဆန္ဒပြမှုတွေ၊ ကိုလံဘီယာနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ နိုင်ငံတဝန်းရှိ မြို့ပေါင်း ၃၉၀ ကျော်ကို အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားရတဲ့ သတင်း တွေ၊မက္ကဆီကိုနိုင်ငံအလယ်ပိုင်း ဂွါနာဟွာတိုပြည်နယ်ရှိ ဘားတခုမှာ ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး လူ ၉ ‌ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့သတင်းတွေ၊ ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့်  ပေါ်ပေါက်လာတဲ့ ပျက်စီး ဆုံးရှုံးမှုတွေအတွက် ပြန်လည်ပေးဆပ်ဖို့  COP 27 မှာဆွေးနွေး နေကြတာတွေ၊ ဆန္ဒပြနေသူတွေကို အကြမ်းဖက် နှိမ်နင်းနေတဲ့အီရန် အပေါ်တိုးမြှင့်ဒဏ်ခတ်ဖို့ ဂျာမန်ဝန်ကြီးချုပ်တောင်းဆိုခဲ့တာတွေ၊ တရုတ်နိုင်ငံမှာ ကိုဗစ်လှိုင်း သစ်တက်လာလို့ ပေကျင်းနဲ့ တရုတ်မြို့ကြီးတချို့ အသွားအလာကန့်သတ်လိုက်တာတွေ၊ အာဖဂန်နစ္စတန်မှာ တာ လီဘန်တွေက အမျိုးသမီးတွေ အားကစားရုံအသုံးပြုခွင့်ပိတ်ပင်လိုက်တဲ့သတင်းတွေ စတဲ့ သတင်းတွေဟာ အာ ဆီယံမှာကျင်းပနေတဲ့ ဆွေးနွေးပွဲသတင်းတွေကြောင့် စိတ်ဝင်စားမှုလျော့နည်းခဲ့ပါတယ်။

           ဒီတစ်ပတ်မှာ စိတ်ဝင်စားစရာကောင်းခဲ့တာက အာဆီယံအဖွဲ့ဥက္ကဋ္ဌအပြောင်းအလဲနဲ့အတူ အာဆီယံဒေ သကို စစ်အေးတိုက်ပွဲရှေ့တန်းမျက်နှာစာသစ်မဖြစ်စေဖို့ ပြောခဲ့တဲ့သတင်းနဲ့ အမေရိကန်ကြားဖြတ် ရွေးကောက်ပွဲ သတင်းတွေပဲ ဖြစ်ပါတယ်။

စစ်အေးခေတ်သစ်ထက် လွန်ဆွဲရာဒေသဖြစ်လာဖို့များနေတဲ့ အာဆီယံ

            နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ၁၃ ရက်အထိ လေးရက်တာကျင်းပခဲ့တဲ့ အာဆီယံဆွေးနွေးပွဲဟာ ထင်ထား တာထက်များစွာ အသံထွက်ခဲ့ပါတယ်။ အထူးသဖြင့် ယခုဆွေးနွေးပွဲဟာ အာဆီယံအတွက် မကြုံစဖူးတဲ့ နိုင်ငံတ ကာတင်းမာမှုတွေ ၊ လွန်ဆွဲမှုတွေကြားကျင်းပခဲ့တာဖြစ်လို့ သက်ရောက်မှုတွေ များစွာဖြစ်ခဲ့ပါတယ်။

            ဒီအစည်းအဝေးကို အမေရိကန်သမ္မတဘိုင်ဒင်ကိုယ်တိုင်တက်ရောက်ပြီး တရုတ်ဘက်က ဝန်ကြီးချုပ် လီ ခချန်၊ ရုရှားဘက်က နိုင်ငံခြားရေးဝန်ကြီး လာဗရော့တို့တက်ရောက်ခဲ့ပါတယ်။ ပုံမှန်အတိုင်း အာဆီယံထိပ်သီး အ စည်းအဝေးမှာ ဒေသတွင်းအရေးဖြစ်တဲ့ မြန်မာကိစ္စကို အဓိကထားဆွေးနွေးခဲ့ပါတယ်။ အာဆီယံ+ အစည်းအဝေး တွေဖြစ်တဲ့ အာဆီယံ-တရုတ်၊အာဆီယံ-အမေရိကန်အစည်းအဝေးတွေမှာ တရုတ်နဲ့ အမေရိကန်ခေါင်းဆောင်တွေ နဲ့ဆွေးနွေးမှုက လက်ရှိ ကမ္ဘာ့အခြေအနေကို ထင်ဟပ်ခဲ့ပါတယ်။

            တရုတ်ဝန်ကြီးချုပ်နဲ့ အာဆီယံတွေ့ဆုံမှုမှာ တရုတ်ဝန်ကြီးချုပ်က အာဆီယံနိုင်ငံတွေကို ပူးပေါင်း‌ဆောင် ရွက်မှု တိုးမြှင့်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးတို့မှာ ပူးပေါင်းထိန်းသိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီ ဆွေးနွေးမှုမှာ တရုတ်နိုင်ငံက တရုတ်-အာဆီယံ ဘုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထူးချေးငွေတစ်ရပ် တရုတ်ဘက် ကနေ ထူထောင်ဖို့ ရှိတာကိုပြောခဲ့သလို တရုတ်နိုင်ငံရဲ့ သံခင်းတမန်ခင်းမှာ အာဆီယံနိုင်ငံတွေကို ဦးစားပေးအ ဖြစ် ဆက်လက်ထားရှိမယ်ဆိုတာကိုပါပြောခဲ့ပါတယ်။  

            အမေရိကန်- အာဆီယံဆွေးနွေးပွဲမှာတော့  အမေရိကန်နဲ့ အာဆီယံသဘောတူညီချက်အသစ်ကို ဆွေး နွေးခဲ့ပါတယ်။ သမ္မတဂျိုးဘိုင်ဒင်က  ဆွေးနွေးမှုမှာ အာရှဒေသတခုလုံးမှာ ပိုမိုငြိမ်းချမ်း၊ သာယာဝပြောရေးအ တွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံအသင်းအနေနဲ့ရော၊ တနိုင်ငံချင်းစီနဲ့ပါ ဆက်လက် အတူတွဲ ဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း၊ တောင်တရုတ်ပင်လယ်နဲ့ မြန်မာနိုင်ငံအရေး စိန်ခေါ်မှုတွေကိုလည်း အတူ ဖြေရှင်းသွားမှာဖြစ်သလို ဘုံစိန်ခေါ်မှုတွေအတွက် ဆန်းသစ်တဲ့နည်းလမ်းတွေကို အတူရှာဖွေနိုင်ဖို့လည်း မျှော် လင့်တယ်လို့ အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

            ဒီထိပ်သီးစည်းဝေးပွဲမှာ အမေရိကန်နဲ့ အာဆီယံကြား မဟာဗျူဟာမြောက် ကျယ်ပြန့်ပြည့်စုံတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ စတင်လုပ်သွားတော့မယ် ဆိုတာကိုလည်း အမေရိကန်သမ္မတက ကြေညာခဲ့တာကိုတွေရသလို ပါတယ်။ ဘိုင်ဒင်က "အာဆီယံဟာ ကျနော့်အစိုးရရဲ့ အင်ဒို-ပစိဖိတ် သေနင်္ဂဗျူဟာမှာ အချက်အခြာကျတယ်။ သြဇာကြီးမား ညီညွတ်တဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာအောင် ကျနော်တို့ဆက်လက် လုပ်ကိုင်သွား မှာဖြစ်တယ်"လို့ ပြောခဲ့ပါတယ်။  ဒါဟာ အာရှဒေသမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိနိုင်ဖို့ အမေရိ ကန်က အာရှနိုင်ငံတွေ အရေး အလေးထားတယ်ဆိုတာ ပြသနေတဲ့ သဘောပါဘဲ။

            ဒီလို ချိန်ခွင်လျှာညှိရာမှာ အမေရိကန်တွင်မကပါဘူး။ ဂျပန်ကလည်း ဂျပန်-အာဆီယံထိပ်သီးဆွေးနွေး ပွဲမှာ အာဆီယံ နိုင်ငံတွေ စီးပွားရေး ပြန်နလံထူလာစေဖို့ အကူအညီပေးတဲ့ အနေနဲ့ အာဆီယံ- အလုံးစုံ ပြန်လည် တည်ဆောက်ရေး မူဘောင်ဆိုင်ရာ CRF အတွက် ယန်းငွေ ၂၉၅ ဘီလီယံ ချေးငွေချထားပေးမယ်ဆိုပြီး ဂျပန်ဝန် ကြီးချုပ် ဖူမီအိုကီရှီဒါက ပြောကြားခဲ့ပါတယ်။

            အာဆီယံဆွေးနွေးပွဲနဲ့ တစ်ဆက်တည်း  အရှေအာရှထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒီအစည်း အဝေးမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးလည်းတက်ရောက်ခဲ့ပြီး ၁၈ နိုင်ငံပါဝင်တဲ့ အရှေအာရှထိပ်သီး အစည်းအဝေး အပြီး ပူးတွဲကြေညာချက်ထုတ်ရာမှာ စကားလုံး အသုံးအနှုန်းများအပေါ်  အမေရိကန်နဲ့ ရုရှား သဘောထား ကွဲလွဲ ခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့က အမေရိကန်နှင့်မဟာမိတ်များဟာ ယူကရိန်းအခြေ အနေနှင့် ပတ်သက်ပြီး လုံးဝလက်မခံနိုင်တဲ့ စကားအသုံးအနှုန်းတွေ သုံးကြောင်းပြောခဲ့ပါတယ်။ ဒီအစည်းအဝေး အပြီး သတင်းထောက်တွေနဲ့ ပြောခဲ့ရာမှာ အမေရိကန်ဟာ အရှေ့တောင်အာရှ နိုင်ငံများအသင်း အသင်းဝင် ၁၀ နိုင်ငံကို သွေးခွဲရာတွင် အောင်မြင်ခဲ့ကြောင်း ပြောခဲ့ပြီး ဒီဒေသမှာ NATO က  စွက်ဖက်ရန် ပိုမိုကြိုးစားနေကြောင်း ပြောခဲ့ပါတယ်။ဒါအပြင် တရုတ်နဲ့ ရုရှားရဲ့ သြဇာကို ထိန်းချုပ်ဟန့်တားလိုတဲ့အတွက် အရှေ့တောင်အာရှမှာ အမေရိကန်က စစ်ဘောင်ချဲ့နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

            ဒီဆွေးနွေးမှုပြင်ပမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ  ဂျပန်နဲ့တောင်ကိုရီးယားမှ ခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီဆွေးနွေးမှုမှာ မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုနှင့် နျူကလီးယား အစီအစဉ် ခြိမ်းခြောက် မှုကို ညီညွတ်စွာ ရပ်တည်တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

            ဒီထိပ်သီးအစည်းအဝေးမှာ ကမ္ဘောဒီးယားဆီကနေ ဥက္ကဋ္ဌနေရာလွှဲပြောင်းရယူခဲ့တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အရှေ့တောင်အာရှဒေသကို စစ်အေးတိုက်ပွဲအသစ်ရဲ့ ရှေ့တန်းစစ်မျက်နှာအဖြစ်ခံမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဝီဒိုဒိုက “အာဆီယံဟာ ငြိမ်းချမ်းတဲ့ဒေသ ဖြစ်လာရပါမယ်။ ကမ္ဘာ့တည်ငြိမ်ရေးအတွက် မှီခိုအား ထား ရာနေရာ ဖြစ်ရပါမယ်။ နိုင်ငံတကာဥပဒေတွေကို တသမတ်တည်း စွဲကိုင်ရပါမယ်။ အင်အားကြီး အာဏာ တစ် ရပ်ရဲ့ ကိုယ်စားပြုတာမျိုး မဖြစ်ရပါဘူး၊ လက်ရှိ ပထဝီနိုင်ငံရေးရဲ့ အပြန်အလှန်သက်ရောက်အားတွေကို ကျွန်တော်တို့ဒေသတွင်းမှာ စစ်အေးတိုက်ပွဲသစ်တစ်ရပ်အဖြစ် ပြောင်းသွားမှာကို အာဆီယံက အဖြစ်မခံသင့်ဘူး” လို့ ပြောခဲ့ပါတယ်။

            ဒီအစည်းအဝေးပြီးရင် ဘာလီမှာ G-20 အစည်းအဝေးကို ဆက်ကျင်းပမှာပါ။ အဲဒီအစည်းအဝေးမှာ တရုတ်သမ္မတရှီကျင့်ဖျင်ကိုယ်တိုင်တက်ရောက်မှာဖြစ်ပြီး အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ သီးသန့်တွေ့ဆုံဖို့ရှိနေပါ တယ်။ ရုရှားသမ္မတ ပူတင်က အစောပိုင်းမှာ G20 အစည်းအဝေးကို တက်ရောက်မယ် လက္ခဏာပြခဲ့ပေမယ့် နီးလာတဲ့အခါ မအားမလပ်နိုင်အောင်ဖြစ်နေလို့ အကြောင်းပြချက်နဲ့ နိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ကို တက် ရောက်စေခဲ့ပါတယ်။ တရုတ်သမ္မတနဲ့မတွေ့ခင် အမေရိကန်သမ္မတဘက်က ဘာမှအလျော့မပေးဘူးဆိုပြီး အသံ လွှင့်ထားသလို ပဋိပက္ခတွေ ဖြစ်ပေါ်လာမှာကို ဟန့်တားနိုင်ရေး နှစ်ဘက်ဆွေးနွေး ညှိနှိုင်းနိုင်ဖို့ တရုတ်နိုင်ငံအ တွက် ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ပေးထားတယ်လို့ ပြောခဲ့ပါတယ်။

            လက်ရှိအခြေအနေမှာ အာဆီယံဒေသဟာ အင်အားကြီးနိုင်ငံတွေ အားပြိုင်မှုထဲရောက်နေပေမယ့် ဘယ်ဘက်မှ မပါဘဲ အကောင်းဆုံးအခွင့်အလမ်းကို ရယူနိုင်ဖို့ အားထုတ်နေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီအခြေအနေက ဒီမှာဘဲ ထိန်းထားလို့ ရနိုင်ပါ့မလားဆိုတာ သံသယရှိစရာပါ။ ဆွေးနွေးပွဲတွေမှာ ရုရှားနဲ့ အမေရိကန်ထိပ်တိုက်တွေကနေသလို တရုတ်က အာဆီယံဒေသနဲ့ စီးပွားရေးတိုးချဲ့မှုတွေကို အားကောင်းလာ အောင် လုပ်သွားတာကိုတွေ့ရပါတယ်။ 

            လာမယ့် G20 အစည်းအဝေးမှာ တရုတ်နဲ့ အမေရိကန်သမ္မတ သီးသန့်ဆွေးနွေးမှုတွေ ရှိမှာဖြစ်ပါမယ်။ အင်အားကြီးနိုင်ငံနှစ်ခုရဲ့ ထိပ်တန်းခေါင်းဆောင်တွေ့ဆုံမှုမှာဆွေးနွေးစရာတွေ ရှိနေပါတယ်။ ထိုင်ဝမ်၊ တောင် တရုတ်ပင်လယ်၊ မြောက်ကိုရီးယားကနေ  ယူကရိန်း၊ ဆီမီးကွန်ဒတ်တာချစ်စ်တွေအထိ အရေးတွေရှိနေပါတယ်။ ကမ္ဘာ့လက်ရှိအခြေအနေကိုပြောင်းလဲနိုင်တဲ့ သမ္မတနှစ်ယောက်တွေ့ဆုံမှုမှာ ဘာတွေ တိုးတက်မှုရမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။ လက်ရှိမှာတော့ အမေရိကန်ဘက်က မလျော့ဘူးလို့ ကြိုကန်ထားတဲ့ အတွက် မျှော်လင့် ချက် သိပ်ထားလို့ မရတဲ့ အခြေအနေဖြစ်နေတယ်ဆိုတာတင်ပြရင် ယခုရက်သတ္တပတ်နိုင်ငံတကာ သတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။     

မင်းထက်