【 ဆောင်းပါး 】အနာဂတ်နှင့် အပြောင်းအလဲများစွာ

【 ဆောင်းပါး 】အနာဂတ်နှင့် အပြောင်းအလဲများစွာ

အတိတ်သည် အမှတ်ရစရာ၊ လွမ်းမောစရာဖြစ်ရပ်များနှင့် ပြည့်နှက်နေသည်ဟုဆိုလျှင် ထိုသို့သော အတိတ်ဖြစ်ရပ်များမှ ပေါ်ပေါက်လာသော သက်ရောက်မှုအကျိုးဆက်က ကျွန်တော်တို့ဘ၀နှင့် အနာဂတ်အတွက် အပြောင်းအလဲများစွာကို တွေ့ကြုံခံစားကြမည်ဟု ထင်မှတ်မထားမိခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ……
 
 
ကျွန်တော် စတုတ္ထတန်းကျောင်းသား ဘ၀လောက်ကတည်းက ကျောင်းကိုစက်ဘီးနှင့် သွားနေပြီဖြစ်သည်။  ကျွန်တော်တို့အိမ်မှာ စက်ဘီးနှစ်စီးရှိသည်။ ကျွန်တော်ကကျောင်းကိုစက်ဘီးနှင့်သွားချင်သည်ဟုဆို၍ အမေက အတန်ငယ်ပေါ့သော ရလေး(Raleigh) စက်ဘီးကိုစီးသွားဟု အလွယ်ပြောလိုက်ခြင်းဖြစ်သည်။ ၁၉၆၀ပြည့်နှစ် ကျော်လောက်က တစ်နေရာသွားလျှင် စက်ဘီးကိုသာအားကိုးရသည့်ခေတ်။ ကျွန်တော်တို့လို နယ်မြို့လေးတွင် စက်ဘီးဆိုက္ကားမှလွဲ၍ အများသူငါအတွက် အခြားစီးစရာယာဉ်လည်းမရှိ။ စက်ဘီးရှိသောအိမ်တွင် ယောကျ်ား လေးအများစုမှာ ၈နှစ် ၉နှစ်အရွယ်လောက်ကတည်းက စက်ဘီးကိုကျွမ်းကျွမ်းကျင်ကျင်စီးတက်နေပါပြီ။
 
 
သို့ရာတွင် ဟိုတုန်းကစက်ဘီးများမှာ ယနေ့ခေတ်ကာလကဲ့သို့ လူကြီးလူငယ်မရွေးစီးနိုင်သော စက်ဘီးမျိုးမပေါ်သေး။ ရလေး(Raleigh) နှင့် ဟမ်းမား(hammer) ကဲ့သို့ လူကြီးစီးစက်ဘီးမျိုးသာရှိသည်။ ကျွန်တော်တို့ ကလေးများက လူကြီးစီးစက်ဘီးများကိုဘားတန်းအောက်ကလျှို၍နင်းကာစီးကြသည်။ ထိုသို့စီးနင်းရာတွင်ကျွမ်း  ကျွမ်းကျင်ကျင်ဖြစ်လာချိန်တွင် ဘားတန်းကိုကျော်ခွ၍နင်းသည်။ ဖင်ထိုင်ခုံပေါ်တွင် ထိုင်ကာစီးနင်းနိုင်ခြင်းတော့ မရှိသေး။  စတုတ္ထတန်းရောက်ချိန်တွင်ကျွန်တော်အသက် ၁၁နှစ်သားရှိနေပါပြီ။ အတန်းကျောင်း(ထိုခေတ်အခေါ်)မ နေမီက ဘုန်းကြီးကျောင်းသားဘ၀နှင့် အချိန်ကုန်လွန်ခဲ့ရသည့်အတွက် ကျွန်တော်အတန်းကျောင်းတက်ချိန်တွင် အခြားသူများထက် နှစ်နှစ်ခန့်နောက်ကျနေခဲ့ခြင်းဖြစ်သည်။ ဟိုတုန်းကလမ်းမများပေါ်တွင် ယနေ့ခေတ်ကဲ့သို့ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးနှင့် ဆိုက္ကားများအသွားအလာ ရှုပ်‌ထွေးနေခြင်းမရှိသည့် အတွက် အမေက ကျွန်တော်ကိုစိတ်ချလက်ချ စက်ဘီးနှင့်ကျောင်းတက်စေခဲ့ခြင်းဖြစ်ပါသည်။ 
 
 
ထိုစဉ်က ကျွန်တော်နေသောကျောင်းမှာ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်းဖြစ်သည်။ အဖေနှင့်အမေ ကပညာကောင်းစွာမတက်ကျသော်လည်း ထိုအချိန်က အိမ်၏ စီးပွားရေးအခြေအနေကောင်းနေသလို အဖေကိုခင်မင်သောပညာတက် မိတ်ဆွေတစ်ဦးက အကြံပေးတိုက်တွန်းသည့် အတွက် ကျွန်တော်တို့မောင်နှမတစ်စုမှာ ကျောင်းလခပေးရသောပုဂ္ဂလိကကျောင်းတွင် ပညာသင်ကြားခွင့်ရခဲ့ခြင်းဖြစ်သည်။ 
 
 
ကျွန်တော်တို့ ကျောင်းကို ပိုင်ဆိုင်သောပုဂ္ဂိုလ်ကြီးမှာ ကျောင်း၏ကျောင်းအုပ်ကြီးလည်းဖြစ်သည်။ ကျွန်တော်တို့ကျောင်းအုပ်ကြီးသည် ပါလီမန်ခေတ်က နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်သည်ဟုဆိုသည်။ သူကအသား ဖြူဖြူ၀၀ဖြိုးဖြိုးနှင့် တည်တည်ခန့်ခန့် မျက်နှာပေါက်မျိုးဖြစ်သည်။ သူက စည်းကမ်းကြီးသည်။သူ့ကျောင်းပရဝုဏ် သန့်သန့်ပြန့်ပြန့်ရှိနေမှ ကြိုက်သူဖြစ်သည်။ သူ့ကျောင်းတွင် အရည်အချင်းရှိသော ကျောင်းဆရာများကိုသာ ခန့်ထားသည်။ ကျောင်းသားများစာမရလျှင် သူကမကြိုက်၊ စာမရ၍ ဒဏ်ပေးသည့်စနစ်ကိုလည်း သူကမလိုလား။
 
 
မနက်တိုင်း ကျောင်းတက်ချိန်ရောက်လျှင် ဆေးပြင်းလိပ်တစ်လိပ် ပါးစပ်တွင်ခဲပြီး ကျောင်းတစ်ပတ်လှည့် လည်ကြည့်ရှုတက်သည်။ ကျောင်းပတ်ဝန်းကျင်တွင် အမှိုက်ရှိနေလျှင် သူက တာဝန်ရှိသူကို ဆူပူတက်သည်။ စာသင်ခန်းတိုင်းကို လှည့်လည်၍ ဆရာ၊ ဆရာမများစာသင်ကြားနေပုံကို အကဲခတ်ကြည့်ရှုတတ်သလို ကျောင်းသားများ ဆရာ၏သင်ကြားမှုကို မည်မျှအာရုံစိုက်နာယူမှတ်ရှုတက်သည်ကို လေ့လာစူးစမ်းနေတက်သည်။ စာသင်ကြားမှုနှင့်ပတ်သက်၍ လိုအပ်ချက်ရှိသည်ဟု ထင်လျှင် နေ့လည်အားချိန်တွင် ဆရာများကိုသူ့ရုံးခန်း တွင်စုစည်းစေကာ ဆွေးနွေးပြောကြားတတ်သည်။
 
 
ကျွန်တော် စတုတ္ထတန်းရောက်သည့် နှစ်က ၁၉၆၂ ခုနှစ်ဖြစ်သည်။ ထိုနေ့က မနက်ပိုင်း ကျောင်းရောက်ရောက်ချင်း ထူးခြားမှုတစ်ခုကို ချက်ချင်းသတိပြုမိသည်။ ကျွန်တော်တို့ စာသင်ကျောင်းဆောင်ကြီး၏ လက်ယာဘက်တွင် ကျောင်းအုပ်ကြီး၏နေအိမ်ရှိသည်။ ကျောင်းအုပ်ကြီး၏နေအိမ်နှင့် ကျွန်တော်တို့ကျောင်းအဆောက်အဦကြားတွင် ခြံစည်းရိုးကာရံနေခြင်းဖြစ်သည်။ ခြံစည်းရိုးကာရံနေသည်ကို တွေ့ပြီး ဘာကြောင့်မှန်းမသိရသော်လည်း ကျွန်တော်တို့ကလေးများ၏ စိတ်ထဲတွင် မပျော်မရွင်ဖြစ်ကြရသည်။ အားလပ်ချိန်တွင် ကျွန်တော်တို့ကလေးများ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနေကျ နေရာလေး ကျဉ်းမြောင်းသွားသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယင်းသည်ကလေးဘ၀က ကျွန်တော့်ကိုကြုံတွေ့ခဲ့ရသည့် ပထမဦးဆုံးအပြောင်းအလဲလည်း ဖြစ်သည်။
 
 
အိမ်ပြန်ရောက်တော့ ခြံစည်းရိုးကာရံသည့် အကြောင်းကို ပြောပြသည်။  အဖေက ပြည်သူပိုင်သိမ်းမှာကို စိုးရိမ်၍ ဖြစ်မည်ဆိုသည်။ ထိုစဉ်ကတော့ ပြည်သူပိုင်သိမ်းသည်ကို ဘာမှန်းမသိ။ သို့ရာတွင်ထိုအချိန်မှစ၍ နောက်ပိုင်းတွင် ကျွန်တော်တို့၏ ဖြူဖြူ၀၀ကျောင်းအုပ်ကြီးကို ကျွန်တော်တို့၏ ကျောင်းဘက်တွင်မတွေရတော့။ သူ့အိမ် ၏ပြတင်းပေါက်တွင်ရပ်၍ ကျောင်းကြီးကိုငေးမောကြည့်ရှုနေတတ်သည်ကိုသာ ရံဖန်ရံခါတွေ့ရတက်သည်။ ဆိုရလျှင် ကျွန်တော်တို့၏ ကျောင်းဆောင်ဘက်သို့ ကျောင်းအုပ်ကြီးခြေမချတော့သည်မှာ သူကွယ်လွန်သည့် အချိန်အထိပင်ဖြစ်သည်။ 
 
 
တစ်ခါတုန်းက ကလေးဘ၀အကြောင်းကို ပြန်လည်တွေးမိတိုင်း စိတ်ညစ်ညူးစရာထက် ပျော်စရာတွေက များသည်ဟုထင်သည်။ ဟိုတုန်းကလူတွေကို ကြည့်လျှင် စားဝတ်နေရေး အတန်ပင်ပြေလည်ခဲ့ကြသည်ဟုထင်သည်။ ထိုစဉ်က ပွဲလမ်းသဘင်တွေ များသလောက် ပွဲလမ်းသဘင်တိုင်းတွင် စည်ကားသိုက်မြိုက်နေတက်သည်။ ထိုစဉ်က ၁၂ရာသီပတ်လုံး ပွဲတော်များမပြတ်ရှိနေတက်သည်။ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ တပေါင်းပွဲတော် များမှာ ကျွန်တော်တိုမြို့လေး၏ အစည်ကားဆုံး ပွဲတော်များ ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အစည်ကားဆုံးမြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ပင်ဖြစ်သည်။ ယခုတော့ ထိုသို့သောပျော်စရာပွဲတော်များမှာလည်း အပြောင်းအလဲ များစွာထဲတွင် တိမ်မြုပ်ပျောက်ကွယ်သလို ရှိနေသည့် နောက်ထပ်အပြောင်းအလဲ တစ်ခုလည်းဖြစ်နေပါတော့သည်။ 
ကျွန်တော်တို့ ကောလိပ်ကျောင်းပထမနှစ်က မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ပါမောက္ခချုပ်က ကျွန်တော် တို့ကို မင်းတို့လူကြီးဖြစ်လာပြီး အိမ်မှာလို မိဘအုပ်ထိန်းမှုအောက်တွင် ရှိမနေသည့်အတွက် ကိုယ့်ကိုကိုယ်ထိန်းကျောင်းကြရမည့် အရွယ်ကိုရောက်နေပြီဟု ဆိုခဲ့ရာ အချို့က ပါမောက္ခချုပ်အပြောကို အဓိပ္ပါယ်အယူအကောက် လွဲကြ၍ လွတ်လွတ်လပ်လပ်ကြီး ပျော်ပါးခဲ့ကြသည်။ သို့ရာတွင် အချို့ကတော့ ထိန်းထိန်းသိမ်းသိမ်းနှင့် အရွယ်ရောက် ပြီးသူ လူကြီးစိတ်မွေးနိုင်ကာ ကောလိပ်ကျောင်းသားဘ၀ကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ခဲ့ကြသည်။  မည်သို့ပင်ဆိုစေ ဟိုတုန်းကတော့ အဆောင်နေသူငယ်ချင်းများမှာ ညီအစ်ကိုလိုဖြစ်နေ၍ တစ်ယောက်အခက်တွေ့လျှင် တစ်ယောက်ကကူညီဖြည့်ဆည်းပေးတက်ကြသည့် အလေ့အကျင့်များနှင့်အတူ ကောလိပ်ကျောင်းသား ဘ၀ပျော်စရာနေ့ရက်များ ဖြစ်ခဲ့ကြရသည်ကတော့ အမှန်ပင်ဖြစ်သည်။
 
 
စင်စစ် ထိုသို့သောပျော်စရာနေ့ရက်များတွင် ကျွန်တော်တို့လူငယ်ဘ၀ နောက်ထပ်အပြောင်းအလဲများစွာ ကိုလည်း ထပ်မံကြုံတွေ့ခဲ့ကြရပါသေးတယ်။ မည်သို့ပင်ဆိုစေ  ကောလိပ်ကျောင်းသားဘ၀က တွေ့ကြုံခဲ့ရသော အပြောင်းအလဲများက လူငယ်ဘ၀များမို့ များစွာသတိမူမိခဲ့ခြင်းမရှိဟု ဆိုနိုင်သော်လည်း ကောလိပ်ကျောင်းသား ဘ၀နှောင်းပိုင်းလက်တွေ့ဘ၀ကို နှဖူးတွေ့ဒူးတွေ့ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းနေရသည့် အချိန်ကာလများ နှင့်အတူ ၁၉၈၈၊ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ စသည့် အချိန်ကာလ ရေစီးကြောင်းများတွင် တွေ့ခဲ့ကြုံခဲ့ကြရသည့် အပြောင်းအလဲများ၏ သက်ရောက်မှုအကျိုးဆက်များကိုမူ သတိမမူဘဲ မနေနိုင်အောင်ဖြစ်ခဲ့ကြရပါသည်။
 
 
ယခုတော့ ထိုသို့သော အတိတ်ဖြစ်ရပ်များမှ ပေါ်ပေါက်လာသော အပြောင်းအလဲများစွာကို ပြန်လည်တွေးဆ ဆင်ခြင်နေပြီဖြစ်သည်။ ထိုသို့သော အချိန်မှာပင် ကျွန်တော်၏ အတိတ်ဆီ ဦးလှည့်နေသည့် အတွေးအာရုံကို လှုပ်နှိုးပေးလိုက်သူက ကျွန်တော့်မြေးမလေးပင်ဖြစ်သည်။ မြေးမလေးကသူ၏အပြစ်ကင်းလှသည့် အပြုံးပန်းဖြူဖြူ နှင့် အဘိုးဖြစ်သူကို မော့ကြည့်ရင်းသူကို ချီပိုးခိုင်းနေခြင်းဖြစ်သည်။
 
 
ကျွန်တော်မြေးမလေးက ကိုဗစ်အဦးအစကာလတွင် မှတ်မှတ်ရရမွေးဖွားလာသူလေးဖြစ်သည်။ နောက်ထပ် ၅နှစ်လောက်ဆိုလျှင် သူဘ၀အပြောင်းအလဲတစ်ခုအဖြစ် ပညာသင်ကြားရေးကိုစတင်ရတော့မည်ဖြစ်သည်။ မြေးမလေးအနေနှင့် အနာဂတ်တွင်မည်သို့သော အပြောင်းအလဲများနှင့် ကြုံတွေ့ရနိုင်သည်ကို သိမည်မဟုတ်။ သို့ရာတွင် အတိတ်ဖြစ်ရပ်များမှ ပေါ်ပေါက်လာသော သက်ရောက်မှုအကျိုးဆက်က ပြောင်းအလဲများဖြစ်ပေါ်လာတက်သည်ကိုတော့ ငြင်း၍ရနိုင်မည်မဟုတ်ပါချေ။ 
 
 
မည်သို့ပင်ဆိုစေ အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးအတွက် ကိုလိုနီနယ်ချဲ့တို့ကို အကြမ်းမဖက်သည့် နည်းဖြင့် ဆန့်ကျင်ရာတွင် ဦးဆောင်ခဲ့သည့် မဟတ္တမဂန္ဒီကတော့ ‘’ အနာဂတ်တွင်တွေ့ကြုံရင်ဆိုင်ရမည့် အပြောင်းအလဲများမှာ ပစ္စုပ္ပန်တွင် မိမိတို့ဘာလုပ်နေသည် ဆိုသောအပေါ်တွင် မှုတည်နေသည်’’ ဟုဆိုခဲ့ပါသည်။
 
 
မြင့်နောင်မိုး