【 ဆောင်းပါး 】 အာဏာကို သင် ဘယ်လိုဆန်တက်မလဲ

【 ဆောင်းပါး 】 အာဏာကို သင် ဘယ်လိုဆန်တက်မလဲ

စစ်ဘက်ကနေ အရပ်ဘက်ကိုရောက်တော့ ဧည့်ကောင်းစောင်ကောင်းများအတွက် ထိုင်ချင်စဖွယ် ကောင်းကောင်းကန်းကန်း ဆက်တီတစ်စုံပင်မရှိ။မီးဖိုချောင်ထဲကိုကြည့်ဦးမလား။ပြောင်ပြောင်ရောင်ရောင် အိုးခွက်ပန်ကန်များလည်းမရှိ။အရာအားလုံးသည် ဟောင်းဟောင်းနွမ်းနွမ်း နည်းနည်းပါးပါး။သို့သော် အဂတိလိုက်စားမှုကင်းခဲ့သည်ဆိုသော တည်ကြည်မားမတ်သည့် ဖြူဖြူဆွတ်ဆွတ်စိတ်ထားမှာ တလူလူလွင့်လို့နေ သည်။
 
သူ၏ အရပ်ဘက်တာဝန်မှာ ဧရာမကြီးမားသော မြို့တော်ဝန်ရာထူးဖြစ်သည်။စစ်တိုက်ကောင်းတာ နှင့် အရာရာကို လုပ်တတ်ကိုင်တတ်သည်ဟုထင်သော ကယောင်ကတမ်းစီမံခန့်ခွဲမှုအမြင်အရ သူ မြို့တော်ဝန်ရာထူးဖြင့် တောတောင်ကျေးလက် နယ်မြို့လေးမှ မြို့ကြီးပြကြီးဆီသို့ ရောက်ရှိလာခဲ့သည်။
 
သူ၏ဘေးပတ်ပတ်လည်တွင် အဆီတဝင်းဝင်း ပြောင်ပြောင်ရောင်ရောင်ဆိုတာချည်း။သူ့အရင် စစ် ဘက်ကနေ အရပ်ဘက်ရောက်လာသူများကလည်း ရေဗူးပေါက်တာမလိုချင်ဘူးဆိုသည့် စီမံခန့်ခွဲမှုစတိုင်ကလွဲ အဆီတဝင်းဝင်း ဇိမ်ခံစရာမျိုးစုံ ရေပူရေအေးကမ်းလှမ်းသူအပြည့်ဖြင့်။သူတို့အားလုံးမှာ သူရှင်ဆိုရှင် သေဆိုသေ၊ အချိန်မရွေး သူ့လက်မှတ်တစ်ချက်ထိုးလိုက်ရုံဖြင့် တန်းစီအလုပ်ပြုတ်သွားမည့်သူချည်း။
 
ရုံးစတက်သည့်နေ့တွင် အေးစက်နေသော လေအေးပေးစက်ကြောင့် သူဖျားချင်ချင်ဖြစ်ရသဖြင့် ဒေါသထွက်ရသည်။နှစ်များစွာကြာ သူကျင်လည်ခဲ့သောပတ်ဝန်းကျင်မှာ ချွေးထွက်များမှ သွေးထွက်နည်း မည်ဆိုသောနေရာ။သဘာဝအပူကို မှုတ်ထုတ်ဖို့ရာ လေးတိလေးကန် မလည်ချင့်လည်ချင် ပန်ကာဖြင့်သာ အသားကျခဲ့သူမို့ ခပ်စိမ့်စိမ့်အေးနေသော လေအေးပေးစက်ဒဏ် ခံရခက်လှ။
 
ဘာပဲဖြစ်ဖြစ် အဘ ဆိုတာချည်း မိုးမွှန်နေအောင် ကြားရတာကိုတော့ သူကြိုက်သည်။ကိုယ့်ကိုမြင်တာနဲ့ လက်နှစ်ဖက်ရှေ့ချ၊ ခါးကိုင်းမတတ်ရိုကျိုးမှုမျိုးကိုလည်း သူကြိုက်သည်။သူမေးခွန်းတစ်ခုမေး တိုင်း အကုန်ပြာယာခတ်နေကြသည်ကိုလည်း သူကြိုက်သည်။သို့သော် သူတို့အားလုံး ပြောင်ရောင်လွန်းနေတာကိုတော့ သူလုံးဝမကြိုက်။ငေါက်ထားငမ်းထားနိုင်မှ တော်ရုံကျမည့်အစားမျိုးချည်း။
 
ထို့ကြောင့် အေးလွန်းသဖြင့် ထွက်နေသော ဒေါသနှင့် ပြောင်ရောင်နေမှုအပေါ် မကျေနပ်ခြင်းအရ သူ့ အနီးကပ် ဌာနမှူးများနှင့် ပထမဆုံးတွေ့ဆုံပွဲတွင် ‘မင်းတို့ ငါ့လက်ထက် လာဘ်စားရဲတဲ့ကောင် စားကြည့်။အလုပ်ပြုတ်ရုံတင်မက ထောင်ထဲသွားဖို့သာ ပြင်ထား။ငါကလည်း လာဘ်စားမယ့်ကောင် မဟုတ်ဘူး။ငါ့ကို လာဖျားယောင်းမယ်မကြံနဲ့’ ဟု စိတ်လိုက်မာန်ပါ သူပြောချလိုက်သည်။
 
ထမင်းစားချိန်ရောက်တော့ ဘုန်းကြီးပွဲပမာ ဟင်းအမယ်စုံလင်စွာဖြင့် ပြင်ထားသော ထမင်းပွဲကို ‘ဒါ ဘာလုပ်တာလဲ’ ဟု မျက်နှာထားခပ်တင်းတင်းဖြင့် ဆိုလိုက်တော့ ဘယ်သူမှ တစ်ခွန်းပြန်မဟရဲ။ခမ်းနားလှသော မြို့တော်ဝန်အခန်းထဲသို့ ပြန်ဝင်။အိမ်ကထည့်ပေးလိုက်သော စတီးချိုင့်ခပ်နွမ်းနွမ်းကိုဖွင့်။တော်ရိရော်ရိ ဟင်းတစ်ခွက်ဖြင့် စစ်သားပီပီ ခပ်သွက်သွက်စား။
 
‘အဲဒီတုန်းက ကျနော်တို့ ဌာနမှူးတွေ ဘာတွေ မနက်စောစောထပြီး မြို့တော်ဝန်အိမ်သွားတဲ့ လူကသွား၊မြို့တော်ဝန်လာကြည့်မယ့်ဆိုဒ်မှာ စောင့်တဲ့သူစောင့်နဲ့ အကုန်ယောက်ယက်ခတ်နေရတာ သုံး၊လေး၊ ငါးလ ကြာတယ်။’ အမှတ်တမဲ့ဆုံတွေ့ရာက စကားလက်ဆုံကျခဲ့သော ကျနော့်ဦးလေး၏ မိတ်ဆွေ၊ တစ်ချိန်က ဝန်ထမ်းဟောင်းကြီးက ပြန်ပြောင်းပြောပြသည်။
 
အလုပ်ဆိုဒ်များတွင် မြို့တော်ဝန်ကြီးလာမည်ဆို၍ အသေအချာပြင်ဆင်ထားသည်။မြို့တော်ဝန်ကြီးက မြန်မာမုန့်များကို ကြိုက်သည်ဆိုသော သတင်းအရ မြန်မာနံနက်စာ ပူပူနွေးနွေး ဖွယ်ဖွယ်ရာရာ ယင် မနားရလေအောင် ဝန်ထမ်းတစ်ဦးက ယပ်တောင်တဖြတ်ဖြတ်ခတ်ကာ အသင့်ပြင်ထားသည်။
 
မြို့တော်ဝန်ကြီးရောက်လာ၊ ဆိုဒ်တာဝန်ရှိသူများက ရိုကျိုးစွာဖြင့် လုပ်ငန်းများအကြောင်းရှင်းပြ၊ မေး ခွန်းများကိုဖြေကြား။အလုပ်ကိစ္စအပြီး နံနက်စာစားပွဲဆီ ခေါ်ဆောင်သွားတော့ ‘မင်းတို့ငါ့ကို လာဘ်ထိုးနေတာလား။ငါ့ကို ဘာကောင်မှတ်နေလဲ…….။’ ဌာနမှူးတို့ခေါင်း မိုးကြိုးပစ်သလို ငေါက်လုံးများက သည်းသည်းထန်ထန်။
 
‘နောက်တစ်ခါမဖြစ်ရပါဘူး အဘ’ ဟု မျက်နှာငယ်များဖြင့် တောင်းတာင်းပန်ပန်။
 
‘အဲဒီတုန်းက ဝန်ထမ်းကြီး၊ ငယ် စိတ်ပျက်ကြတာ။သူကလည်း ရောက်ခါစဆိုတော့ သူတို့ထုံးစံအ တိုင်း သူတို့ကိုမကြောက်ကြောက်အောင် ဖြဲခြောက်တာ။ပြီးတော့ ဒီလိုလာဘ်မစားတဲ့လူနဲ့ ဘယ်လိုအလုပ်တွဲလုပ်ကြမလဲ။စစ်အစိုးရလက်ထက်လေ။ကိုယ်တို့လည်း လာဘ်စားနေတာ။ဒါပေမဲ့ ကိုယ်တို့လုပ်ဖော်ကိုင်ဘက်တချို့ကတော့ အေးဆေးပဲ။သူတို့ရောက်ခါစဆို ဒီအတိုင်းပဲ။ကိုယ်တွေက လူငယ်ဆိုတော့ လူကြီးတွေကို စားတတ်ဝါးတတ်အောင်လေ့ကျင့်ပေးရမယ်လို့ပြောပြီး ရယ်နေကြသေးတယ်။’ ဟု ဦးလေး၏ မိတ်ဆွေက ဆိုသည်။
 
အမှန်တကယ်ပင် ကျွမ်းကျင်ဝန်ထမ်းများက ကျွမ်းကျင်စွာဖြင့်ပင် နောက်ဖေးမီးဖိုချောင်သို့ နောက်ဖေးပေါက်မှဝင်ကာ တဖြည်းဖြည်းလေ့ကျင့်ပေးခဲ့သည်။မြို့တော်ဝန်ကြီး အိမ်တွင်မရှိတုန်း ဆန်တစ်အိတ်၊ ဆီတစ်ပုံးကစလို့ ခေတ်မီမီးဖိုချောင်အသုံးအဆောင်ပစ္စည်းများအထိ။ကတော်ကြီးကို ဂါရဝပြုသည်ဆိုသော ပုံစံဖြင့် လမ်းကြောင်းဖောက်ခဲ့ကြသည်။
 
‘ကိုယ်တို့ စစ်အစိုးရခေတ် ဝန်ထမ်းတွေဆိုတာက ဝန်ထမ်းတင်မကဘူး။ဝန်ထမ်းမိန်းမတွေကပါ ဒီလိုကိစ္စမျိုးမှာ ကျွမ်းကျင်ပြီးသား။ကိုယ့်အထက်အရာရှိကြီးရဲ့ ကတော်ကို ဖားလို့ဖားမှန်းမသိ၊လာဘ်ပေးလို့ပေးမှန်းမသိအောင် ဝင်တတ်ထွက်တတ် ပြောတတ်ဆိုတတ်အောင် ခေတ်ကြီးက သင်ကြားခဲ့ပြီးသား။အခါကြီးရက်ကြီးတွေမှာ လူကြီးသူမတွေကို ကန်တော့ရတဲ့ ယဉ်ကျေးမှုကလည်း ရှိပြီးသားဆိုတော့ လူကြီးသူမကို အရိုအသေပေးတဲ့ပုံစံမျိုး ကန်တော့ပန်းဆင်တာပေါ့။’ ဟု သူကဆက်ပြောသည်။
 
ပထမ ကတော်ကြီးအိမ်သို့ ကတော်လေးများက အကြောင်းရှာဝင်ထွက်၊ ဝေယျာဝစ္စများ ဆောင် ရွက်။ခြောက်ခမ်းနေသော မီးဖိုချောင်ကို အမြင်မတော်၍ဟုဆိုကာ ပြင်ဆင်မွန်းမံပေးကြ။ကတော်ကြီးမမနှင့် ညီမလေးတို့ အကျွမ်းဝင်ပြီးနောက်တွင် လင်သားအရာရှိများက ကတော်ကြီးထံ ဆက်လက်ဝင်ထွက်ကာ ခိုင်းသမျှ ဖင်ပေါ့ပြ။
 
‘၆ လကျော်လာတော့ မြို့တော်ဝန်ရဲ့ မျက်နှာလည်း ပျော့ပျောင်းလာတယ်။ကတော်ကြီးရဲ့ သွန်သင် ချက်အရ ဘယ်သူ့ကို မျက်နှာသာပေးရကောင်းမှန်း သိလာတယ်။သူကတော့ လာဘ်ပေးလာဘ်ယူကိစ္စမျိုးကို ဘာမှတိုက်ရိုက်မလုပ်ဘူး။ဘယ်သူမှလည်း သူ့ဆီသွားမပေးဘူး။ကတော်ကြီးလမ်းကြောင်းကနေပဲ ပထမ ပစ္စည်း၊ နောက်တော့ ငွေ။ငွေလာပေးတာကို ငွေလို့ချက်ချင်းမြင်ရင် ရိုင်းတယ်။လူကြီးကိုစော်ကားတယ်လို့ မြင်မှာစိုးလို့ ငွေကို ပါကင်လှလှထုတ်ပြီး ပေးရတာ။’
 
တစ်နှစ်ကျော်လာသည့်အခါ မြို့တော်ဝန်သည်လည်း ဒီပုတ်ထဲက ဒီပဲတင်မက တဖြည်းဖြည်းစား လုံးကြီးလာတော့သည်။သို့သော် အရိုအသေတန်မည်စိုးသဖြင့် တိုက်ရိုက်အဂတိလိုက်စားခြင်းမျိုးကို တတ်နိုင်သလောက်ရှောင်ကာ အထူးလေ့ကျင့်ထားသော တပည့်ရင်းချာများကတစ်ဆင့် အလုပ်ဖြစ်ကြသည်။
 
တစ်ချိန်က နာမည်ကျော်ဝန်ကြီးတစ်ဦးမှာမူ သားသမီးများကလည်း အရွယ်ရောက်နေပြီမို့ သားများ သမီးများ သမက်များကပါ ဝန်ကြီးလုပ်ပိုင်ခွင့်အာဏာထဲက သူ့လိုင်းနှင့်သူ ကိုင်တွယ်စေကာ အာဏာဖြင့် သိုက်တူးခြင်းလုပ်ငန်းကို သားစဉ်မြေးဆက် ထိုင်စားနိုင်အောင် လုပ်ကိုင်ကြကြောင်း သိရသည်။
 
စစ်အစိုးရကာလ တက္ကစီယာဉ်များ မီတာမတပ်မနေရ ညွှန်ကြားချက်ထွက်သည်။လုပ်ပိုင်ခွင့်အာဏာအပြည့်ရှိသော လူကြီး၏ သားသမီးနှင့် အပေါင်းအပါက တက္ကစီများ မဖြစ်မနေတပ်ဆင်ရမည့် မီတာကို တင်သွင်းခွင့်ရပြီး ၎င်းတို့နှင့်ပတ်သက်သူများသာ မီတာတပ်ဆင်ခွင့်ရသည်။
 
မီတာမှ မတပ်လျှင် တက္ကစီပြေးဆွဲခွင့်မရနိုင်သဖြင့် တက္ကစီသမားများခမျာ အလုပ်မဖြစ်သော မီတာကို ငွေကုန်ခံတပ်ရသည်။အလုပ်မဖြစ်ခြင်းသည် လူကြီးနှင့်မဆိုင်၊ ဘယ်လူကြီးကမှ တာဝန်မယူ။သူတို့နှင့်ဆိုင်တာက အာဏာဖြင့် ငွေတွင်းတူးခြင်း။ထိုသို့သော နည်းလမ်းမျိုးဖြင့် ပြိုင်ဘက်မရှိ လုပ်ပိုင်ခွင့်ရယူကာ သားစဉ်မြေးဆက် ထိုင်စားနိုင်သည်အထိ ချမ်းသာသွားကြသည်။
 
ကျနော့်မိတ်ဆွေတစ်ဦးဆိုလျှင် သာမန်ဌာနဆိုင်ရာ အရာရှိတစ်ဦးမျှသာဖြစ်သည်။သို့သော် သူ့လုပ်ငန်းခွင်အရ စီမံကိန်းများ ဖော်ဆောင်မည့်နေရာကို သာမန်ပြည်သူများထက် ကာလအတန်ကြာ စောစောစီးစီးကြိုသိရသည်။ထုံးစံအတိုင်း စီမံကိန်းကြီး စတင်မည့်နေရာသည် စီမံကိန်းလုပ်တော့မည်ဟု အသံကြားရုံဖြင့် မြေဈေးတက်ပြီ။ထို့ကြောင့် သတင်းဦးသော မိတ်ဆွေသည် စီမံကိန်းတစ်ဝိုက်ရှိမြေများကို ဈေးပေါစဉ်ကာလက ကြိုတင်ဝယ်ကာ ရင်းနှီးမြှုပ်နှံသည်။စီမံကိန်းကြီးစတင်ချိန် မြေဈေးမိုးထိထောင်တော့ ပြန်ရောင်းသည်။ထိုသို့သောနည်းဖြင့် ကျနော့်မိတ်ဆွေ ကြီးပွားလာသည်။ယင်းမှာ အဂတိလိုက်စားမှုမဟုတ်သော်လည်း အာဏာကပေးသော သတင်းဦးမှုအရဖြစ်လာသည့် ကြွယ်ဝမှုဖြစ်သည်။ပြောရလျှင် အာဏာသည် အနိမ့်ဆုံးအဆင့် သတင်းဦးရရှိမှုအပေါ် အခြေခံကာ ငွေတွင်းတူးနိုင်စွမ်းရှိသည်။
 
စစ်အစိုးရကာလ များစွာသော အာဏာပိုင်တို့မှာ ငွေကိုမလွန်ဆန်နိုင်ကြသဖြင့် ဂုဏ်သိက္ခာကင်းမဲ့စွာဖြင့် သိုက်တူးခဲ့ကြသည်။ထို့ပြင် အာဏာရှိလျှင် အရာရာရှိနိုင်သည်ဆိုသော အသိက မကောင်းဆိုးဝါး တစ်ကောင် ပူးကပ်ခံရသလိုဖြစ်လာတော့ တိုင်းပြည်အာဏာကို ဘိုးဘွားပိုင်အမွေဟု ယုံမှတ်ကာကွယ်လာခြင်းက ပြည်သူနှင့် ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်ခဲ့သည်။
 
ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ ပြည်သူက နောက်ထပ် ၅နှစ်တာ အာဏာအပ်နှံခဲ့ပြီ။ယခု အာဏာတစ်ခုခုကို ရရှိထားသူအများစုမှာ တစ်ချိန်က အာဏာနှင့် မည်သို့မျှမဆိုင်သော ထောင်ထဲသို့သာ ဝင်လိုက်ထွက်လိုက် လုပ်ခဲ့ကြရသည်။စစ်အစိုးရကာလ၊ ကျနော်တို့ ဒီမိုကရေစီအင်အားစုကြား ဂုဏ်သိက္ခာတစ်ရပ်မှာ နိုင်ငံရေးသွေး ဘယ်လောက်ရှိသလဲ၊ ဒူးမထောက်လက်မမြှောက် ထောင်ထဲဘယ်လောက်နေရဲသလဲ၊ ထောင်ထဲဘယ်လောက်ဝင်ရဲသလဲဖြစ်သည်။
                                                                                            ယခုတော့ ထိုသူတို့၏လက်ထဲသို့ တိုင်းပြည်အာဏာကို ပြည်သူတို့က ယုံကြည်စွာ ထပ်မံအပ်နှံခဲ့ပြီ။အာဏာ၏ ပတ်ပတ်လည်တွင် မာန်နတ်တို့က သကြားအုပ်ထားသော ကျည်ဆန်တို့ဖြင့် ကြောက်မယ်ဖွယ် ဆွဲဆောင်လျက်ရှိသည်။မာရ်နတ်၏ ဖျားယောင်းမှုကို နိုင်ငံရေးသွေးရဲခဲ့ရုံဖြင့် ခုခံနိုင်စွမ်းမရှိ။သင့်နိုင်ငံရေးသီလ မာဂုဏ်မြင့်ခြင်းဖြင့်သာ ကာကွယ်နိုင်မည်။ယင်းသည် သင်၏ နိုင်ငံရေးမသေဆေးလည်းဖြစ်သည်။
 
လင်းဆက်ငြိမ်းချမ်း
ဒီဇင်ဘာ - ၂၆
 
( Zawgyi )
 
စစ္ဘက္ကေန အရပ္ဘက္ကိုေရာက္ေတာ့ ဧည့္ေကာင္းေစာင္ေကာင္းမ်ားအတြက္ ထိုင္ခ်င္စဖြယ္ ေကာင္းေကာင္းကန္းကန္း ဆက္တီတစ္စုံပင္မရွိ။မီးဖိုေခ်ာင္ထဲကိုၾကည့္ဦးမလား။ေျပာင္ေျပာင္ေရာင္ေရာင္ အိုးခြက္ပန္ကန္မ်ားလည္းမရွိ။အရာအားလုံးသည္ ေဟာင္းေဟာင္းႏြမ္းႏြမ္း နည္းနည္းပါးပါး။သို႔ေသာ္ အဂတိလိုက္စားမႈကင္းခဲ့သည္ဆိုေသာ တည္ၾကည္မားမတ္သည့္ ျဖဴျဖဴဆြတ္ဆြတ္စိတ္ထားမွာ တလူလူလြင့္လို႔ေန သည္။
 
သူ၏ အရပ္ဘက္တာဝန္မွာ ဧရာမႀကီးမားေသာ ၿမိဳ႕ေတာ္ဝန္ရာထူးျဖစ္သည္။စစ္တိုက္ေကာင္းတာ ႏွင့္ အရာရာကို လုပ္တတ္ကိုင္တတ္သည္ဟုထင္ေသာ ကေယာင္ကတမ္းစီမံခန႔္ခြဲမႈအျမင္အရ သူ ၿမိဳ႕ေတာ္ဝန္ရာထူးျဖင့္ ေတာေတာင္ေက်းလက္ နယ္ၿမိဳ႕ေလးမွ ၿမိဳ႕ႀကီးျပႀကီးဆီသို႔ ေရာက္ရွိလာခဲ့သည္။
 
သူ၏ေဘးပတ္ပတ္လည္တြင္ အဆီတဝင္းဝင္း ေျပာင္ေျပာင္ေရာင္ေရာင္ဆိုတာခ်ည္း။သူ႔အရင္ စစ္ ဘက္ကေန အရပ္ဘက္ေရာက္လာသူမ်ားကလည္း ေရဗူးေပါက္တာမလိုခ်င္ဘူးဆိုသည့္ စီမံခန႔္ခြဲမႈစတိုင္ကလြဲ အဆီတဝင္းဝင္း ဇိမ္ခံစရာမ်ိဳးစုံ ေရပူေရေအးကမ္းလွမ္းသူအျပည့္ျဖင့္။သူတို႔အားလုံးမွာ သူရွင္ဆိုရွင္ ေသဆိုေသ၊ အခ်ိန္မေ႐ြး သူ႔လက္မွတ္တစ္ခ်က္ထိုးလိုက္႐ုံျဖင့္ တန္းစီအလုပ္ျပဳတ္သြားမည့္သူခ်ည္း။
 
႐ုံးစတက္သည့္ေန႔တြင္ ေအးစက္ေနေသာ ေလေအးေပးစက္ေၾကာင့္ သူဖ်ားခ်င္ခ်င္ျဖစ္ရသျဖင့္ ေဒါသထြက္ရသည္။ႏွစ္မ်ားစြာၾကာ သူက်င္လည္ခဲ့ေသာပတ္ဝန္းက်င္မွာ ေခြၽးထြက္မ်ားမွ ေသြးထြက္နည္း မည္ဆိုေသာေနရာ။သဘာဝအပူကို မႈတ္ထုတ္ဖို႔ရာ ေလးတိေလးကန္ မလည္ခ်င့္လည္ခ်င္ ပန္ကာျဖင့္သာ အသားက်ခဲ့သူမို႔ ခပ္စိမ့္စိမ့္ေအးေနေသာ ေလေအးေပးစက္ဒဏ္ ခံရခက္လွ။
 
ဘာပဲျဖစ္ျဖစ္ အဘ ဆိုတာခ်ည္း မိုးမႊန္ေနေအာင္ ၾကားရတာကိုေတာ့ သူႀကိဳက္သည္။ကိုယ့္ကိုျမင္တာနဲ႔ လက္ႏွစ္ဖက္ေရွ႕ခ်၊ ခါးကိုင္းမတတ္႐ိုက်ိဳးမႈမ်ိဳးကိုလည္း သူႀကိဳက္သည္။သူေမးခြန္းတစ္ခုေမး တိုင္း အကုန္ျပာယာခတ္ေနၾကသည္ကိုလည္း သူႀကိဳက္သည္။သို႔ေသာ္ သူတို႔အားလုံး ေျပာင္ေရာင္လြန္းေနတာကိုေတာ့ သူလုံးဝမႀကိဳက္။ေငါက္ထားငမ္းထားႏိုင္မွ ေတာ္႐ုံက်မည့္အစားမ်ိဳးခ်ည္း။
 
ထို႔ေၾကာင့္ ေအးလြန္းသျဖင့္ ထြက္ေနေသာ ေဒါသႏွင့္ ေျပာင္ေရာင္ေနမႈအေပၚ မေက်နပ္ျခင္းအရ သူ႔ အနီးကပ္ ဌာနမႉးမ်ားႏွင့္ ပထမဆုံးေတြ႕ဆုံပြဲတြင္ ‘မင္းတို႔ ငါ့လက္ထက္ လာဘ္စားရဲတဲ့ေကာင္ စားၾကည့္။အလုပ္ျပဳတ္႐ုံတင္မက ေထာင္ထဲသြားဖို႔သာ ျပင္ထား။ငါကလည္း လာဘ္စားမယ့္ေကာင္ မဟုတ္ဘူး။ငါ့ကို လာဖ်ားေယာင္းမယ္မႀကံနဲ႔’ ဟု စိတ္လိုက္မာန္ပါ သူေျပာခ်လိုက္သည္။
 
ထမင္းစားခ်ိန္ေရာက္ေတာ့ ဘုန္းႀကီးပြဲပမာ ဟင္းအမယ္စုံလင္စြာျဖင့္ ျပင္ထားေသာ ထမင္းပြဲကို ‘ဒါ ဘာလုပ္တာလဲ’ ဟု မ်က္ႏွာထားခပ္တင္းတင္းျဖင့္ ဆိုလိုက္ေတာ့ ဘယ္သူမွ တစ္ခြန္းျပန္မဟရဲ။ခမ္းနားလွေသာ ၿမိဳ႕ေတာ္ဝန္အခန္းထဲသို႔ ျပန္ဝင္။အိမ္ကထည့္ေပးလိုက္ေသာ စတီးခ်ိဳင့္ခပ္ႏြမ္းႏြမ္းကိုဖြင့္။ေတာ္ရိေရာ္ရိ ဟင္းတစ္ခြက္ျဖင့္ စစ္သားပီပီ ခပ္သြက္သြက္စား။
 
‘အဲဒီတုန္းက က်ေနာ္တို႔ ဌာနမႉးေတြ ဘာေတြ မနက္ေစာေစာထၿပီး ၿမိဳ႕ေတာ္ဝန္အိမ္သြားတဲ့ လူကသြား၊ၿမိဳ႕ေတာ္ဝန္လာၾကည့္မယ့္ဆိုဒ္မွာ ေစာင့္တဲ့သူေစာင့္နဲ႔ အကုန္ေယာက္ယက္ခတ္ေနရတာ သုံး၊ေလး၊ ငါးလ ၾကာတယ္။’ အမွတ္တမဲ့ဆုံေတြ႕ရာက စကားလက္ဆုံက်ခဲ့ေသာ က်ေနာ့္ဦးေလး၏ မိတ္ေဆြ၊ တစ္ခ်ိန္က ဝန္ထမ္းေဟာင္းႀကီးက ျပန္ေျပာင္းေျပာျပသည္။
 
အလုပ္ဆိုဒ္မ်ားတြင္ ၿမိဳ႕ေတာ္ဝန္ႀကီးလာမည္ဆို၍ အေသအခ်ာျပင္ဆင္ထားသည္။ၿမိဳ႕ေတာ္ဝန္ႀကီးက ျမန္မာမုန႔္မ်ားကို ႀကိဳက္သည္ဆိုေသာ သတင္းအရ ျမန္မာနံနက္စာ ပူပူေႏြးေႏြး ဖြယ္ဖြယ္ရာရာ ယင္ မနားရေလေအာင္ ဝန္ထမ္းတစ္ဦးက ယပ္ေတာင္တျဖတ္ျဖတ္ခတ္ကာ အသင့္ျပင္ထားသည္။
 
ၿမိဳ႕ေတာ္ဝန္ႀကီးေရာက္လာ၊ ဆိုဒ္တာဝန္ရွိသူမ်ားက ႐ိုက်ိဳးစြာျဖင့္ လုပ္ငန္းမ်ားအေၾကာင္းရွင္းျပ၊ ေမး ခြန္းမ်ားကိုေျဖၾကား။အလုပ္ကိစၥအၿပီး နံနက္စာစားပြဲဆီ ေခၚေဆာင္သြားေတာ့ ‘မင္းတို႔ငါ့ကို လာဘ္ထိုးေနတာလား။ငါ့ကို ဘာေကာင္မွတ္ေနလဲ…….။’ ဌာနမႉးတို႔ေခါင္း မိုးႀကိဳးပစ္သလို ေငါက္လုံးမ်ားက သည္းသည္းထန္ထန္။
 
‘ေနာက္တစ္ခါမျဖစ္ရပါဘူး အဘ’ ဟု မ်က္ႏွာငယ္မ်ားျဖင့္ ေတာင္းတာင္းပန္ပန္။
 
‘အဲဒီတုန္းက ဝန္ထမ္းႀကီး၊ ငယ္ စိတ္ပ်က္ၾကတာ။သူကလည္း ေရာက္ခါစဆိုေတာ့ သူတို႔ထုံးစံအ တိုင္း သူတို႔ကိုမေၾကာက္ေၾကာက္ေအာင္ ၿဖဲေျခာက္တာ။ၿပီးေတာ့ ဒီလိုလာဘ္မစားတဲ့လူနဲ႔ ဘယ္လိုအလုပ္တြဲလုပ္ၾကမလဲ။စစ္အစိုးရလက္ထက္ေလ။ကိုယ္တို႔လည္း လာဘ္စားေနတာ။ဒါေပမဲ့ ကိုယ္တို႔လုပ္ေဖာ္ကိုင္ဘက္တခ်ိဳ႕ကေတာ့ ေအးေဆးပဲ။သူတို႔ေရာက္ခါစဆို ဒီအတိုင္းပဲ။ကိုယ္ေတြက လူငယ္ဆိုေတာ့ လူႀကီးေတြကို စားတတ္ဝါးတတ္ေအာင္ေလ့က်င့္ေပးရမယ္လို႔ေျပာၿပီး ရယ္ေနၾကေသးတယ္။’ ဟု ဦးေလး၏ မိတ္ေဆြက ဆိုသည္။
 
အမွန္တကယ္ပင္ ကြၽမ္းက်င္ဝန္ထမ္းမ်ားက ကြၽမ္းက်င္စြာျဖင့္ပင္ ေနာက္ေဖးမီးဖိုေခ်ာင္သို႔ ေနာက္ေဖးေပါက္မွဝင္ကာ တျဖည္းျဖည္းေလ့က်င့္ေပးခဲ့သည္။ၿမိဳ႕ေတာ္ဝန္ႀကီး အိမ္တြင္မရွိတုန္း ဆန္တစ္အိတ္၊ ဆီတစ္ပုံးကစလို႔ ေခတ္မီမီးဖိုေခ်ာင္အသုံးအေဆာင္ပစၥည္းမ်ားအထိ။ကေတာ္ႀကီးကို ဂါရဝျပဳသည္ဆိုေသာ ပုံစံျဖင့္ လမ္းေၾကာင္းေဖာက္ခဲ့ၾကသည္။
 
‘ကိုယ္တို႔ စစ္အစိုးရေခတ္ ဝန္ထမ္းေတြဆိုတာက ဝန္ထမ္းတင္မကဘူး။ဝန္ထမ္းမိန္းမေတြကပါ ဒီလိုကိစၥမ်ိဳးမွာ ကြၽမ္းက်င္ၿပီးသား။ကိုယ့္အထက္အရာရွိႀကီးရဲ႕ ကေတာ္ကို ဖားလို႔ဖားမွန္းမသိ၊လာဘ္ေပးလို႔ေပးမွန္းမသိေအာင္ ဝင္တတ္ထြက္တတ္ ေျပာတတ္ဆိုတတ္ေအာင္ ေခတ္ႀကီးက သင္ၾကားခဲ့ၿပီးသား။အခါႀကီးရက္ႀကီးေတြမွာ လူႀကီးသူမေတြကို ကန္ေတာ့ရတဲ့ ယဥ္ေက်းမႈကလည္း ရွိၿပီးသားဆိုေတာ့ လူႀကီးသူမကို အ႐ိုအေသေပးတဲ့ပုံစံမ်ိဳး ကန္ေတာ့ပန္းဆင္တာေပါ့။’ ဟု သူကဆက္ေျပာသည္။
 
ပထမ ကေတာ္ႀကီးအိမ္သို႔ ကေတာ္ေလးမ်ားက အေၾကာင္းရွာဝင္ထြက္၊ ေဝယ်ာဝစၥမ်ား ေဆာင္ ႐ြက္။ေျခာက္ခမ္းေနေသာ မီးဖိုေခ်ာင္ကို အျမင္မေတာ္၍ဟုဆိုကာ ျပင္ဆင္မြန္းမံေပးၾက။ကေတာ္ႀကီးမမႏွင့္ ညီမေလးတို႔ အကြၽမ္းဝင္ၿပီးေနာက္တြင္ လင္သားအရာရွိမ်ားက ကေတာ္ႀကီးထံ ဆက္လက္ဝင္ထြက္ကာ ခိုင္းသမွ် ဖင္ေပါ့ျပ။
 
‘၆ လေက်ာ္လာေတာ့ ၿမိဳ႕ေတာ္ဝန္ရဲ႕ မ်က္ႏွာလည္း ေပ်ာ့ေပ်ာင္းလာတယ္။ကေတာ္ႀကီးရဲ႕ သြန္သင္ ခ်က္အရ ဘယ္သူ႔ကို မ်က္ႏွာသာေပးရေကာင္းမွန္း သိလာတယ္။သူကေတာ့ လာဘ္ေပးလာဘ္ယူကိစၥမ်ိဳးကို ဘာမွတိုက္႐ိုက္မလုပ္ဘူး။ဘယ္သူမွလည္း သူ႔ဆီသြားမေပးဘူး။ကေတာ္ႀကီးလမ္းေၾကာင္းကေနပဲ ပထမ ပစၥည္း၊ ေနာက္ေတာ့ ေငြ။ေငြလာေပးတာကို ေငြလို႔ခ်က္ခ်င္းျမင္ရင္ ႐ိုင္းတယ္။လူႀကီးကိုေစာ္ကားတယ္လို႔ ျမင္မွာစိုးလို႔ ေငြကို ပါကင္လွလွထုတ္ၿပီး ေပးရတာ။’
 
တစ္ႏွစ္ေက်ာ္လာသည့္အခါ ၿမိဳ႕ေတာ္ဝန္သည္လည္း ဒီပုတ္ထဲက ဒီပဲတင္မက တျဖည္းျဖည္းစား လုံးႀကီးလာေတာ့သည္။သို႔ေသာ္ အ႐ိုအေသတန္မည္စိုးသျဖင့္ တိုက္႐ိုက္အဂတိလိုက္စားျခင္းမ်ိဳးကို တတ္ႏိုင္သေလာက္ေရွာင္ကာ အထူးေလ့က်င့္ထားေသာ တပည့္ရင္းခ်ာမ်ားကတစ္ဆင့္ အလုပ္ျဖစ္ၾကသည္။
 
တစ္ခ်ိန္က နာမည္ေက်ာ္ဝန္ႀကီးတစ္ဦးမွာမူ သားသမီးမ်ားကလည္း အ႐ြယ္ေရာက္ေနၿပီမို႔ သားမ်ား သမီးမ်ား သမက္မ်ားကပါ ဝန္ႀကီးလုပ္ပိုင္ခြင့္အာဏာထဲက သူ႔လိုင္းႏွင့္သူ ကိုင္တြယ္ေစကာ အာဏာျဖင့္ သိုက္တူးျခင္းလုပ္ငန္းကို သားစဥ္ေျမးဆက္ ထိုင္စားႏိုင္ေအာင္ လုပ္ကိုင္ၾကေၾကာင္း သိရသည္။
 
စစ္အစိုးရကာလ တကၠစီယာဥ္မ်ား မီတာမတပ္မေနရ ၫႊန္ၾကားခ်က္ထြက္သည္။လုပ္ပိုင္ခြင့္အာဏာအျပည့္ရွိေသာ လူႀကီး၏ သားသမီးႏွင့္ အေပါင္းအပါက တကၠစီမ်ား မျဖစ္မေနတပ္ဆင္ရမည့္ မီတာကို တင္သြင္းခြင့္ရၿပီး ၎တို႔ႏွင့္ပတ္သက္သူမ်ားသာ မီတာတပ္ဆင္ခြင့္ရသည္။
 
မီတာမွ မတပ္လွ်င္ တကၠစီေျပးဆြဲခြင့္မရႏိုင္သျဖင့္ တကၠစီသမားမ်ားခမ်ာ အလုပ္မျဖစ္ေသာ မီတာကို ေငြကုန္ခံတပ္ရသည္။အလုပ္မျဖစ္ျခင္းသည္ လူႀကီးႏွင့္မဆိုင္၊ ဘယ္လူႀကီးကမွ တာဝန္မယူ။သူတို႔ႏွင့္ဆိုင္တာက အာဏာျဖင့္ ေငြတြင္းတူးျခင္း။ထိုသို႔ေသာ နည္းလမ္းမ်ိဳးျဖင့္ ၿပိဳင္ဘက္မရွိ လုပ္ပိုင္ခြင့္ရယူကာ သားစဥ္ေျမးဆက္ ထိုင္စားႏိုင္သည္အထိ ခ်မ္းသာသြားၾကသည္။
 
က်ေနာ့္မိတ္ေဆြတစ္ဦးဆိုလွ်င္ သာမန္ဌာနဆိုင္ရာ အရာရွိတစ္ဦးမွ်သာျဖစ္သည္။သို႔ေသာ္ သူ႔လုပ္ငန္းခြင္အရ စီမံကိန္းမ်ား ေဖာ္ေဆာင္မည့္ေနရာကို သာမန္ျပည္သူမ်ားထက္ ကာလအတန္ၾကာ ေစာေစာစီးစီးႀကိဳသိရသည္။ထုံးစံအတိုင္း စီမံကိန္းႀကီး စတင္မည့္ေနရာသည္ စီမံကိန္းလုပ္ေတာ့မည္ဟု အသံၾကား႐ုံျဖင့္ ေျမေဈးတက္ၿပီ။ထို႔ေၾကာင့္ သတင္းဦးေသာ မိတ္ေဆြသည္ စီမံကိန္းတစ္ဝိုက္ရွိေျမမ်ားကို ေဈးေပါစဥ္ကာလက ႀကိဳတင္ဝယ္ကာ ရင္းႏွီးျမႇဳပ္ႏွံသည္။စီမံကိန္းႀကီးစတင္ခ်ိန္ ေျမေဈးမိုးထိေထာင္ေတာ့ ျပန္ေရာင္းသည္။ထိုသို႔ေသာနည္းျဖင့္ က်ေနာ့္မိတ္ေဆြ ႀကီးပြားလာသည္။ယင္းမွာ အဂတိလိုက္စားမႈမဟုတ္ေသာ္လည္း အာဏာကေပးေသာ သတင္းဦးမႈအရျဖစ္လာသည့္ ႂကြယ္ဝမႈျဖစ္သည္။ေျပာရလွ်င္ အာဏာသည္ အနိမ့္ဆုံးအဆင့္ သတင္းဦးရရွိမႈအေပၚ အေျခခံကာ ေငြတြင္းတူးႏိုင္စြမ္းရွိသည္။
 
စစ္အစိုးရကာလ မ်ားစြာေသာ အာဏာပိုင္တို႔မွာ ေငြကိုမလြန္ဆန္ႏိုင္ၾကသျဖင့္ ဂုဏ္သိကၡာကင္းမဲ့စြာျဖင့္ သိုက္တူးခဲ့ၾကသည္။ထို႔ျပင္ အာဏာရွိလွ်င္ အရာရာရွိႏိုင္သည္ဆိုေသာ အသိက မေကာင္းဆိုးဝါး တစ္ေကာင္ ပူးကပ္ခံရသလိုျဖစ္လာေတာ့ တိုင္းျပည္အာဏာကို ဘိုးဘြားပိုင္အေမြဟု ယုံမွတ္ကာကြယ္လာျခင္းက ျပည္သူႏွင့္ ျပဒါးတစ္လမ္းသံတစ္လမ္း ျဖစ္ခဲ့သည္။
 
ယခုအခါ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ထံ ျပည္သူက ေနာက္ထပ္ ၅ႏွစ္တာ အာဏာအပ္ႏွံခဲ့ၿပီ။ယခု အာဏာတစ္ခုခုကို ရရွိထားသူအမ်ားစုမွာ တစ္ခ်ိန္က အာဏာႏွင့္ မည္သို႔မွ်မဆိုင္ေသာ ေထာင္ထဲသို႔သာ ဝင္လိုက္ထြက္လိုက္ လုပ္ခဲ့ၾကရသည္။စစ္အစိုးရကာလ၊ က်ေနာ္တို႔ ဒီမိုကေရစီအင္အားစုၾကား ဂုဏ္သိကၡာတစ္ရပ္မွာ ႏိုင္ငံေရးေသြး ဘယ္ေလာက္ရွိသလဲ၊ ဒူးမေထာက္လက္မေျမႇာက္ ေထာင္ထဲဘယ္ေလာက္ေနရဲသလဲ၊ ေထာင္ထဲဘယ္ေလာက္ဝင္ရဲသလဲျဖစ္သည္။
                                                                                            ယခုေတာ့ ထိုသူတို႔၏လက္ထဲသို႔ တိုင္းျပည္အာဏာကို ျပည္သူတို႔က ယုံၾကည္စြာ ထပ္မံအပ္ႏွံခဲ့ၿပီ။အာဏာ၏ ပတ္ပတ္လည္တြင္ မာန္နတ္တို႔က သၾကားအုပ္ထားေသာ က်ည္ဆန္တို႔ျဖင့္ ေၾကာက္မယ္ဖြယ္ ဆြဲေဆာင္လ်က္ရွိသည္။မာရ္နတ္၏ ဖ်ားေယာင္းမႈကို ႏိုင္ငံေရးေသြးရဲခဲ့႐ုံျဖင့္ ခုခံႏိုင္စြမ္းမရွိ။သင့္ႏိုင္ငံေရးသီလ မာဂုဏ္ျမင့္ျခင္းျဖင့္သာ ကာကြယ္ႏိုင္မည္။ယင္းသည္ သင္၏ ႏိုင္ငံေရးမေသေဆးလည္းျဖစ္သည္။
 
လင္းဆက္ၿငိမ္းခ်မ္း
ဒီဇင္ဘာ - ၂၆