【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 စစ်ပွဲများနှင့် လက်တစ်ကမ်းအလို

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】  စစ်ပွဲများနှင့် လက်တစ်ကမ်းအလို

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】  စစ်ပွဲများနှင့် လက်တစ်ကမ်းအလို

ယခုရက်သတ္တပတ်အတွင်း နိုင်ငံတကာသတင်းတွေထဲမှာ လက်နက်စမ်းသပ်မှုတွေ၊ လက်နက်ပြပွဲသတင်းတွေနဲ့ စစ်ရေးဆိုင်ရာသတင်းတွေက ထိပ်တန်းသတင်းတွေထဲ ပါဝင်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတစ်ခုလုံး မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှု ၄ ကြိမ်ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။တရုတ်နိုင်ငံမှာ လက်နက်ပြပွဲကျင်းပခဲ့သလို အာရှဒေသတွင်းမှာ အရေးပါတဲ့ ဂျပန်နိုင်ငံမှာ အာဏာရပါတီရွေးကောက်ပွဲ သတင်းတွေလည်းရှိခဲ့ပါတယ်။
ဒီရက်ထဲမှာ တရုတ်က ခွဲထွက်ပြည်နယ်အဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်လေကြောင်းထဲ တရုတ်ဘက်က တိုက်လေယာဉ်တွေ ဝင်ရောက်ပျံသန်းခဲ့တာတွေ၊ တရုတ်နိုင်ငံမှာ အိမ်ရာဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခု ပြိုလဲရာကနေဖြစ်လာနိုင်တဲ့ ဘဏ္ဍာရေးပြဿနာတွေ၊ ကမ္ဘာတစ်ဝန်း ကိုဗစ် ဒယ်လ်တာမျိုးကွဲ ခြိမ်းခြောက်မှုတွေ စသဖြင့် သတိပြုမိခဲ့တဲ့ သတင်းတွေလည်းရှိခဲ့ပါတယ်။

သိသာထင်ရှားတဲ့ သတင်းတွေလို့ ဆိုလို့ရတဲ့ သတင်းတွေအဖြစ် တခြားသတင်းတွေလည်း ရှိခဲ့ပါသေးတယ်။ယခင်က ဒုသမ္မတနေရာကို ဝင်ပြိုင်မယ်လို့ သတင်းထွက်နေတဲ့ သမ္မတ ဒူတာဒေး တာဝန်ယူချိန်ကုန်ရင် နိုင်ငံရေးလောကကနေ အနားယူတော့မယ်ဆိုတဲ့သတင်း၊ အာဖဂန်လေပိုင်နက်ကို လေးစားဖို့ တာလီဘန်တွေက အမေရိကန်ကို တောင်းဆိုခဲ့တဲ့သတင်း၊ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ထင်ရှားတဲ့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရတဲ့သတင်း၊ တူနီးရှားမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို ဝန်ကြီးချုပ်ခန့်အပ်ခဲ့တဲ့သတင်း၊ ပြင်သစ်သမ္မတ ကြက်ဥနဲ့ပစ်ပေါက်ခံရတဲ့သတင်း၊ ကားလိုင်စင်နံပါတ်ပြားတပ်ရမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဆားဘီးယားနဲ့ ကိုဆိုဗို နယ်စပ်တင်းမာမှုဖြစ်ခဲ့ကြတဲ့သတင်း၊ ဘရာဇီးမှာ သမ္မတကို စွပ်စွဲဖြုတ်ချရေးအတွက် တောင်းဆိုဆန္ဒပြနေကြတဲ့သတင်း၊ တရုတ်ရဲ့ BRI စီမံကိန်းကို တန်ပြန်မယ့် အမေရိကန်ရဲ့ အခြေခံအဆောက်အအုံ စီမံကိန်း အကောင်အထည်ဖော်ဖို့ လက်တင်အမေရိကနိုင်ငံတွေကို အမေရိကန်တာဝန်ရှိသူတွေ သွားရောက်နေတဲ့သတင်း၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်တယ်ဆိုပြီး ကုလအကြီးတန်းအရာရှိတွေကို အီသီယိုးပီးယား အာဏာပိုင်တွေက မောင်းထုတ်ခဲ့ကြတဲ့သတင်း၊ နယ်စပ်တင်းမာမှုဖြစ်နေတဲ့ အဇာဘိုင်ဂျန် နယ်စပ်အနီးမှာ အီရန်စစ်တပ်က စစ်ရေးလေ့ကျင့်ခဲ့ကြတဲ့သတင်း၊ ဒူဘိုင်း ကုန်စည်မြို့သစ်ကို စဖွင့်လိုက်တဲ့သတင်း၊ အီကွေဒေါအကျဉ်းထောင်အတွင်း မူးယစ်ဂိုဏ်းတွေအကြားတိုက်ပွဲဖြစ်လို့ ၁၁၆ ဦးသေဆုံးခဲ့တဲ့ သတင်းတွေအပါအဝင် သတင်းပေါင်းများစွာဟာ စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။

ဒီတစ်ပတ်မှာ လတ်တလောတင်းမာမှုဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်ထဲက ထိုင်ဝမ်ပြဿနာနဲ့ မြောက်ကိုရီးယားရဲ့ စစ်လက်နက်စမ်းသပ်နေမှုတွေအပေါ် အမေရိကန်နဲ့ အနောက်အုပ်စုက ဘယ်လိုသဘောထားနေသလဲဆိုတာကို အာရုံစိုက်ဖော်ပြချင်ပါတယ်။

တင်းမာမှုမြင့်တက်လာနေတဲ့ တောင်တရုတ်ပင်လယ်

တရုတ်နိုင်ငံက ၎င်းရဲ့ပိုမိုခေတ်မီဆန်းသစ်လာတဲ့ လေကြောင်းအင်အားကို ပြသတဲ့အနေနဲ့ စက်တင်ဘာ ၂၈ ရက်မှာ စောင့်ကြည့်ထောက်လှမ်းရေး ဒရုန်းများနှင့် ရန်သူရဲ့ အီလက်ထရွန်းနစ်ကိရိယာတွေကို နှောင့်ယှက်နိုင်တဲ့ ဂျက်လေယာဉ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။တရုတ်ရဲ့ အကြီးမားဆုံး လေကြောင်းပြပွဲဖြစ်တဲ့ ဒီပွဲကို တရုတ်တောင်ပိုင်း ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ကျူးဟိုင်တွင် ကျင်းပခဲ့တာဖြစ်ပြီး ဒါဟာ တရုတ်စစ်တပ်ကို ၂၀၃၅ ခုနှစ် နောက်ဆုံးထားပြီး အဆင့်မြှင့်တင်မှု အပြီးသတ်နိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေတာမှာ ဘယ်အဆင့်ရောက်နေပြီဆိုတာကို နိုင်ငံတကာကို အသိပေးလိုက်တာဖြစ်ပါတယ်။

ဒီလိုလေကြောင်းပြပွဲကျင်းပပြီး အောက်တိုဘာ ၁ ရက် တရုတ်အမျိုးသားနေ့မှာ သူပိုင်နယ်နမိတ်အဖြစ် ယူဆထားတဲ့ ထိုင်ဝမ်အနီး ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်ထဲ တရုတ်ဘက်က ဗုံးကြဲလေယာဉ်နှစ်စီး၊ ရေငုတ်သင်္ဘောဖျက် လေယာဉ်တစ်စီးနှင့် တိုက်လေယာဉ် ၂၂ စီး ဝင်ရောက်ခဲ့လို့ ထိုင်ဝမ်ဘက်ကနေ တိုက်လေယာဉ်တစ်စင်း တက်ခဲ့ရတယ် ဆိုပါတယ်။ထိုင်ဝမ်ဘက်ကတော့ အောက်တိုဘာ ၁ ရက်နှောင်းပိုင်းမှာ ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်ထဲ တရုတ်က တိုက်လေယာဉ် ၁၃ စီး ထပ်မံဝင်ရောက်ခဲ့လို့ စုစုပေါင်း ၃၈ စီးအထိ တစ်ရက်အတွင်း စံချိန်တင်ဝင်ရောက်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒါဟာ ထိုင်ဝမ်ရေလက်ကြားကို ဗြိတိန်က စစ်သင်္ဘောတစ်စင်းက ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြတ်သန်းခဲ့ပြီးမှာ ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပစိဖိတ်ကုန်သွယ်ရေးစာချုပ်ထဲ ပူးပေါင်းပါဝင်ရန် တရားဝင်လျှောက်ထားခဲ့လို့ တရုတ်စစ်လေယာဉ် ၂၄ စင်း ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်ထဲ ဝင်ရောက်ခဲ့ပါသေးတယ်။တရုတ်အနေနဲ့ ထိုင်ဝမ်ကို အထူးဂရုစိုက်နေသလို ထိုင်ဝမ်နဲ့ အနောက်နိုင်ငံတွေအကြား ကူးလူးဆက်ဆံမှု ပိုမိုများပြားလာတာဟာ တရုတ်အတွက် လုံခြုံရေးအရ အတော်လေးကိုစိုးရိမ်ရတဲ့ အနေအထားအဖြစ် ယူဆလာတဲ့ပုံစံပါပဲ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်မှာ ဘေကျင်းနှင့်ရင်းနှီးတဲ့ ထိုင်ဝမ် ကူမင်တန်ပါတီက ရွေးကောက်ခံရတဲ့ ပါတီခေါင်းဆောင်သစ် အဲရစ်ချူးဆီ တရုတ်သမ္မတ ရှီ က ချီးကျူးဂုဏ်ပြုတဲ့စာကို ပေးပို့ခဲ့ပြီး တရုတ်အစိုးရနဲ့ ထိုင်ဝမ်ကြား ဆက်ဆံရေးအခြေအနေ ဆိုးရွားနေလို့ နိုင်ငံပေါင်းစည်းရေးအတွက် နည်းလမ်းရှာရာမှာ အကူအညီပေးဖို့ တောင်းဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။ထိုင်ဝမ်ဘက်က ယခုရက်သတ္တပတ်ထဲမှာပဲ တာဝေးပစ်ဒုံးကျည်တွေကို တပ်ဆင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပြီး ထိုင်ဝမ်ဘက်ကနေရှိနေခဲ့တဲ့ အမေရိကန်နဲ့ အနောက်အုပ်စုကြောင့် ထိုင်ဝမ်ရဲ့ လက်နက်တပ်ဆင်မှုက တတိယကမ္ဘာစစ်ဖြစ်တဲ့အထိ ဦးတည်နေနိုင်လို့ နိုင်ငံတကာက စိုးရိမ်နေကြတာပါ။

ထိုင်ဝမ်ရဲ့ လာမယ့် ၅ နှစ်အတွင်း ၉ ဘီလျံတန် ကာကွယ်ရေးအသုံးစရိတ်ထဲမှာ အမေရိကန်ဘက်က ခွင့်ပြုပေးတဲ့ လက်နက်တွေ၊ လေကြောင်းကာကွယ်ရေးစနစ်တွေကြောင့် ပြည်မကြီးနဲ့ ထိုင်ဝမ် ပေါင်းစည်းရေးက တရုတ်အတွက် ကြာလာလေ အခက်တွေ့လာလေဖြစ်လာမှာကို တရုတ်ဘက်က ရိပ်မိနေတဲ့အတွက် မကြာခဏဆိုသလို စစ်ရေးအင်အားပြမှုတွေ တရုတ်ဘက်ကလုပ်သလို ဒီလိုလုပ်တိုင်းလည်း အမေရိကန်နဲ့ အနောက်အုပ်စုက တုံ့ပြန်ပြီး ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်မှာ စစ်ရေးအင်အားပြန်ပြနေတာတွေကြောင့် ဒေသတွင်းမှာ စစ်မက်ဖြစ်လာဖို့ဟာ အတိမ်းအစောင်းလေးတစ်ခုခုသာဖြစ်ရင် သေချာပေါက်ဖြစ်လာနိုင်တဲ့ အခြေအနေပါ။

မကြာသေးခင်က ဩစတြေးလျှကို အမေရိကန်ဘက်က တည်ဆောက်ပေးဖို့ သဘောတူညီခဲ့တဲ့ နျူကလီးယားရေငုတ်သင်္ဘောမျိုးလို့သာ စစ်လက်နက်တွေ ထိုင်ဝမ်ကို အမေရိကန်က ခွင့်ပြုပေးခဲ့ရင်ဆိုတဲ့ စိုးရိမ်စိတ်က တရုတ်ဘက်မှာရှိနေသလို ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်နဲ့ ဂျာမန် စတဲ့ အနောက်အုပ်စု လေယာဉ်တင် စစ်သင်္ဘောတွေ၊ ဖရီးဂိတ်တွေ ဖျက်သင်္ဘောတွေက တောင်တရုတ်ပင်လယ်မှာ အထိုင်ချလာနေတာ တရုတ်အတွက် ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။

ဒီဒေသတွင်းမှာ တရုတ်ရဲ့ ကြီးထွားလာတဲ့ စစ်အင်အားနဲ့  ဩဇာအာဏာကို ကန့်သတ်ဖို့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက လုပ်ဆောင်နေရာမှာ ထိုင်ဝမ်တွင် မကပါဘူး။ထိုင်ဝမ်နဲ့ အနီးဆုံး ဖိလစ်ပိုင်ကလည်း ဒီအခန်းကဏ္ဍမှာ အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။
စက်တင်ဘာ ၃၀ ရက်မှာ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ဖိလစ်ပိုင်နှင့် အမေရိကန်အကြား နှစ် ၇၀ ကာကွယ်ရေးစာချုပ်ကို ပြန်လည်သုံးသပ်ဖို့လုပ်နေတာကို ကန့်ကွက်ထားတာကို ထုတ်ပြောခဲ့ပြီး ဒီကာကွယ်ရေးမဟာမိတ်စာချုပ်ကို  တရုတ်ရဲ့ အင်အားကြီးထွားလာမှုကို ထိန်းချုပ်ရန် ဆောင်ရွက်မှုအဖြစ် တရုတ်အစိုးရက သတ်မှတ်မှာကို စိုးရိမ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ ချုပ်ဆိုထားတဲ့ ဒီစာချုပ်မှာ ဖိလစ်ပိုင်ကို အခြားနိုင်ငံတစ်ခုက ဝင်တိုက်လာခဲ့ရင် ဘယ်အတိုင်းအတာအထိ အမေရိကန်က ပါဝင်တိုက်ခိုက်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မဖော်ပြထားတဲ့အတွက် ဖိလစ်ပိုင်က ဒီစာချုပ်ကို ပြန်လည်သုံးသပ် ပြင်ဆင်ချင်နေတာပါ။
ဒီလိုပြင်ဆင်တာကို တရုတ်ဘက်က သဘောမကျပဲ တရုတ်ကို ထိန်းချုပ်မှုအဖြစ် ယူဆမယ်ဆိုတာကို ၂၀၁၈ ခုနှစ်ကပြောခဲ့တာ ဆိုပါတယ်။တရုတ်ဘက်က သူ့လုံခြုံရေးနဲ့ သူပိုင်ဆိုင်တယ်လို့ပြောထားတဲ့ တောင်တရုတ်ပင်လယ်ကို ကာကွယ်နိုင်ဖို့အတွက် စစ်ရေးအရ တည်ဆောက်နေသလို ဘိုင်ဒင်လက်ထက်မှာ အနောက်ဘက်ပြန်ယိမ်းပြီး တရုတ်ရဲ့ ဩဇာကို တန်ပြန်လာတဲ့ အာရှနိုင်ငံတွေကြောင့် အင်ဒို-ပစိဖိတ်ဒေသ အခြေအနေက ယမ်းစာပြည့်၀နေတဲ့ ဗုံးတစ်လုံးလို မီးတစ်ချက်ရှို့ဖို့ပဲ လိုနေတဲ့ အနေအထားပါ။  

ဒီလိုတင်းမာမှုတွေ ဆက်တိုက်မဖြစ်လာခင်မှာ အမေရိကန် လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ချားစ် ဘရောင်း က ရုရှားသတင်းဌာန Sputnik မှာ အနောက်ပစိဖိတ်ဒေသ၊ ဂျပန်နှင့် ထိုင်ဝမ်တို့မှာ တရုတ်လေတပ်ရဲ့  စိန်ခေါ်မှုနှင့် လက်ရဲဇက်ရဲ လုပ်ဆောင်လာမှုကို အမေရိကန်ဘက်က အာရုံစိုက်စောင့်ကြည့်နေတယ်ဆိုပြီး စက်တင်ဘာ ၂၈ ရက်က ပြောခဲ့တာရှိပါတယ်။ဒါ့အပြင် ဒီလို တရုတ်ဘက်က လုပ်ဆောင်နေတာဟာ အမေရိကန်လေတပ်နဲ့ ထိုင်ဝမ်၊ ဂျပန်တို့ရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို တရုတ်က စမ်းသပ်နေတာပါဆိုပြီး ပြောခဲ့တာလည်းရှိပါတယ်။ဒီလိုအခြေအနေမှာ ထိုင်ဝမ်ရဲ့ စစ်အင်အားတိုးချဲ့မှုတွေ၊ တရုတ်ဘက်က အဘက်ဘက်ကပြင်ဆင်နေမှုတွေ၊ အနောက်အုပ်စုက ဒီဒေသတွင်း လာရောက်အထိုင်ချမှုတွေကြောင့် မကြာခင်မှာ ပိုဆိုးလာနိုင်တဲ့ အခင်းအကျင်းတစ်ခုကို တွေ့ရဖို့များလာနေပါပြီ။

ဒီထိပ်တိုက်တွေ့မှုကနေ ကမ္ဘာ့ချိန်ခွင်လျှာအပြောင်းအလဲ ဖြစ်လာနိုင်ချေရှိနိုင်သလို မထင်မှတ်တာတွေလည်း ဖြစ်နိုင်တဲ့အတွက် ဒေသတွင်းနိုင်ငံတွေအဖို့ ရှောင်လို့လွတ်မယ့်အနေအထား မရှိပါဘူး။ဒီအတွက် ပထဝီနိုင်ငံရေးကို ကောင်းစွာတွက်ချက်နိုင်တဲ့ နိုင်ငံကတော့ ဒီတင်းမာမှုကနေ အကောင်းဆုံးထုတ်နုတ်ယူနိုင်ပါလိမ့်မယ်။အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲ၊ ထိုင်ဝမ်ဘက် လေတပ်အင်အားပြခဲ့တဲ့ တရုတ်ကို အမေရိကန်ဘက်က ဘယ်လိုအင်အားပြမလဲ၊ ဒါကို တရုတ်ဘက်က ဘယ်လိုထိတုံံ့ပြန်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။  

နီးကပ်လာတဲ့ အမေရိကန်-အိန္ဒိယ ဆက်ဆံရေး အနာဂတ်

မကြာခင်က အိမ်ဖြူတော်မှာ QUAD ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သလို ဒီအစည်းအဝေးနောက်မှာ အမေရိကန်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ခဲ့ကြပါတယ်။ဒီလိုတွေ့ဆုံရာမှာ ဒေသတွင်းအရေးကိစ္စတွေ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ မထုတ်ပြန်ခဲ့ပေမယ့် ထုတ်ပြန်သင့်သလောက် ထုတ်ပြန်ခဲ့တဲ့ သတင်းတွေအရဆိုရင် အမေရိကန်နဲ့ အိန္ဒိယ ဆက်ဆံရေးဟာ ပိုမိုအားကောင်းပြီး နီးစပ်ခိုင်မာလာမယ်ဆိုပြီး အမေရိကန်သမ္မတ ဘိုင်ဒင် က ပြောခဲ့တာရှိပါတယ်။အစဉ်အဆက်အရ အိန္ဒိယဟာ အမေရိကန်နဲ့ သိပ်အစေးကပ်လှတာမဟုတ်ပဲ ယခင်ကဆိုရင် ဆိုဗီယက်ရုရှားနဲ့ နီးကပ်တဲ့ဆက်ဆံရေး တစ်လျှောက်လုံးရှိခဲ့တာပါ။
ဒါဟာလည်း အိန္ဒိယရဲ့ အစဉ်အလာပြိုင်ဘက် ပါကစ္စတန်က အမေရိကန်နဲ့နီးစပ်တဲ့ ဆက်ဆံရေးရှိနေခဲ့တဲ့အတွက် အိန္ဒိယဟာ အမေရိကန်နဲ့ ခပ်ခွာခွာနေခဲ့တာပါ။

ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးတဲ့နောက်မှာ နိုင်ငံတကာအခင်းအကျင်းတွေက ပြောင်းလဲလာခဲ့ပါတယ်။ဒီလိုပြောင်းလဲလာရာမှာ ပါကစ္စတန်ဟာ နောက်ပိုင်းမှာ ရုရှားနဲ့ ပိုအစေးကပ်လာပြီး ဒီကနေ ဘဏ္ဍာရေးပြဿနာတွေကြောင့် တရုတ်ဩဇာခံနီးပါးဖြစ်လာတဲ့အခါ အိန္ဒိယအတွက် ရွေးချယ်စရာက အနောက်အုပ်စုပဲ ရှိလာခဲ့ပါတယ်။အစောပိုင်းက အိန္ဒိယဟာ အမေရိကန်ထက် ဥရောပကို ရွေးချယ်ထားဟန်တူပါတယ်။
ဘာကြောင့်ဆို ဗြိတိန်ဟာ တစ်ချိန်က အိန္ဒိယကို နှစ်ပေါင်းရာနဲ့ချီကာ အုပ်စိုးခဲ့တာဖြစ်လို့ အိန္ဒိယက နဂိုကတည်းက ဥရောပဘက်ကိုယိမ်းနေတဲ့ အနေအထားပါ။ဒါပေမယ့် အာဖဂန်ပြဿနာ၊ မွန်ဘိုင်းပြဿနာ၊ ကတ်ရှ်မီးယားပြဿနာတွေကြောင့် ပါကစ္စတန်နဲ့ ပြင်းပြင်းထန်ထန် စစ်ဖြစ်လုနီးပါး ဖြစ်လာတဲ့အချိန်မှာ ပါကစ္စတန်က ရုရှား၊ တရုတ်တို့နဲ့ နီးစပ်တဲ့ ဆက်ဆံရေးတွေကြောင့် အိန္ဒိယအတွက် ရွေးချယ်မှုကို ပြောင်းလဲလာရတဲ့ပုံပါပဲ။

ကိုဗစ် ကျန်းမာရေးကပ်ဘေးမှာ ကမ္ဘာ့အင်အားကြီး အမေရိကန်ကို ပခုံးတိုက်ပြီး တရုတ်ရဲ့ နိုင်ငံတကာစင်မြင့်ပေါ် တွန်းထွက်လာမှုဟာ အိန္ဒိယကို ရှောခ့်ရစေခဲ့ပါတယ်။တစ်ချိန်တည်းမှာ လူအသေအပျောက်များခဲ့တဲ့ နယ်စပ်ပြဿနာဖြစ်ပွားပြီးချိန်မှာ တရုတ်ကိုလိုက်မီဖို့ဆိုတာ အိန္ဒိယအတွက် ကိုယ့်ဘာသာရပ်တည်ကြိုးစားရင်း မဖြစ်နိုင်သလို အစဉ်အလာမဟာမိတ် ရုရှားကို နည်းပညာမှီခိုဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့အတွက် အိန္ဒိယအတွက် ရွေးချယ်စရာဟာ အမေရိကန်ပဲ ဖြစ်လာခဲ့တာကို တွေ့ရပါတယ်။

ဒါက နောက်ခံအခင်းအကျင်းနဲ့ အမေရိကန်နဲ့ အိန္ဒိယ နီးကပ်လာတဲ့ အခြေအနေပါ။လတ်တလောမှာ အာဖဂန်ကနေ အမေရိကန် တက်သုတ်ရိုက်ထွက်ခွာ၊ QUAD နဲ့ AUKUS အဖွဲ့တွေ လှုပ်လာတဲ့အချိန်မှာ အင်ဒို-ပစိဖိတ်ဒေသ အခင်းအကျင်းက နိုင်ငံတကာအာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။ဒီထဲမှာ အိန္ဒိယနဲ့ ဩစတြေးလျှဟာ အင်အားကြီးနိုင်ငံအဖြစ်ထွက်ပေါ်လာတဲ့ တရုတ်ကို ဒေသတွင်းမှာ ဟန်ချက်ညီညီထိန်းဖို့ ဖြစ်လာနိုင်မလားဆိုတာ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ စဉ်းစားချက်ဖြစ်လာဟန်တူပါတယ်။
အထူးသဖြင့် တရုတ်ကိုယှဉ်နိုင်တဲ့ အခြေအနေကောင်းအတော်များများရှိနေတာ အိန္ဒိယဖြစ်နေတဲ့အတွက် အိန္ဒိယရဲ့ နိုင်ငံတကာလှုပ်ရှားမှုတွေဟာ အိမ်နီးချင်း တရုတ်အတွက်ရော၊ ပါကစ္စတန်နဲ့ ဒေသတွင်းနိုင်ငံတွေအတွက်ပါ စောင့်ကြည့်စရာဖြစ်လာခဲ့ပါတယ်။

မကြာခင်က ဩစတြေးလျှကို နျူကလီးယားရေငုတ်သင်္ဘောရောင်းချလို့ ကန်ထရိုက်စာချုပ်အဖျက်ခံရတဲ့ ပြင်သစ်ကဆိုရင် သူ့ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်က အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာမှာ အဓိကျတာ အိန္ဒိယလို့ပြောခဲ့ပြီး AUKUS ဆိုတဲ့ သုံးနိုင်ငံစစ်ရေးအုပ်စုဖွဲ့ဖို့ မလိုဘူးဆိုတဲ့သဘောမျိုး ပြောခဲ့တာကို တွေ့ ရပါတယ်။အမေရိကန်အတွက် တရုတ်ကို စီးပွားရေးအရကော စစ်ရေးအရကော၊ သံတမန်ရေးရာမှာပါ ကန့်သတ်ဖို့အတွက် အားသွန်ခွန်စိုက်လုပ်နေရာမှာ အိန္ဒိယက အဓိကဇာတ်ကောင်ဖြစ်လာဖို့ များနေပါတယ်။အထူးသဖြင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်လုပ်သားနဲ့ ကြီးမားချိုသာတဲ့ လုပ်သားစျေးကွက်ရှိနေတာ၊ လူဦးရေ တစ်ဘီလျံကျော် (နောက်ဆို တရုတ်ကို လူဦးရေပါ ကျော်တက်လာနိုင်တဲ့ အနေအထားရှိနေ) ရှိနေတာတွေက တရုတ်က အနောက်အုပ်စုလုပ်ငန်းတွေကို ဆွဲထုတ်ခြင်တဲ့ အမေရိကန်ရဲ့ မူဝါဒနဲ့ ကိုက်ညီနေပါတယ်။  

လက်ရှိမှာ တရုတ်ရဲ့ ကမ္ဘာတစ်ဝန်းကိုလွှမ်းခြုံမယ့် စီးပွားရေးဆိုင်ရာ အစီအမံဖြစ်တဲ့ BRI ကို ဖြတ်ချဖို့အတွက် ဥရောပသမဂ္ဂက ကမ္ဘာလုံးဆိုင်ရာ မုခ်ဦးပေါက်အစီအစဉ် (Global Gateway) ကို မကြာသေးမီက စတင်လိုက်သလို G-7 အဖွဲ့ရဲ့ Build Back Better World –B3W စီမံကိန်းကို စဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး ဒယ်လိဆင်း ဦးဆောင်သော သံတမန်ရေးရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ဟာ လက်တင်အမေရိကနိုင်ငံတွေကို သွားရောက်နေပါတယ်။

အမေရိကန်ရဲ့ B3W စီမံကိန်းကို လာမည့်နှစ်အစောပိုင်းမှာ တရားဝင်စတင်မှုပြုလုပ်ဖို့ စီစဉ်ထားတယ်ဆိုပြီး ၂၀၃၅ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများလိုအပ်သော အမေရိကန်ဒေါ်လာ ၄၀ ထရီလီယံ ကုန်ကျပေးဖို့ရှိနေတယ် ဆိုပါတယ်။

ဒီလိုလုပ်ဆောင်နေမှုတွေကြောင့် BRI စီမံကိန်းမှာ ဒေါ်လာထရီလျံနဲ့ချီပြီး ကုန်ကျမြုပ်နှံထားတဲ့ တရုတ်အတွက် ဘေးကျပ်နံကျပ်ဖြစ်လာနိုင်သလို အမေရိကန်ရဲ့ စီးပွားရေးဆိုင်ရာ ကန့်သတ်မှုတွေကြောင့် တရုတ်နိုင်ငံထဲကနေ အနောက်အုပ်စုဝင်ကုမ္ပဏီတွေ ပြန်ထွက်သွားနိုင်တဲ့အခြေအနေကို ရင်ဆိုင်လာရနိုင်ပါတယ်။ဒီလို တရုတ်ဘက်ကထွက်လာတဲ့ စီးပွားရေးဆိုင်ရာအခွင့်အလမ်းတွေကို အိန္ဒိယဘက်က ကောက်ယူသွားနိုင်ဖို့ အမေရိကန်နဲ့ အိန္ဒိယ တွေ့ဆုံမှုမှာ ဆွေးနွေးခဲ့သလားဆိုတာ တွက်ဆချင်စရာပါ။

စစ်ရေးအရဆိုရင် အိန္ဒိယလိုနေတဲ့ နည်းပညာကို အမေရိကန်ဘက်က ဒီမိုကရေစီနိုင်ငံခြင်းဖြစ်တဲ့အတွက် ထောက်ပံ့နိုင်သလို ဒေသတွင်းမှာရှိနေတဲ့ လုံခြုံရေးဆိုင်ရာတာဝန်တွေကိုလည်း မျှဝေထမ်းနိုင်တဲ့အနေအထားထိ အိန္ဒိယဘက်က ရှိလာနိုင်ပါတယ်။

မကြာသေးခင်ကပဲ အိန္ဒိယရေတပ် စစ်သင်္ဘောတွေ တောင်တရုတ်ပင်လယ်ဘက်ကိုသွားပြီး စစ်ရေးလေ့ကျင်မှုမှာပါလာတာတွေ၊ တပ်ချထားမှုတွေမှာ ပါဝင်လာတာကိုကြည့်ရင် ဒေသတွင်း မဟာပြိုင်ဘက် တရုတ်ကိုဟန့်တားဖို့အရေးမှာ အိန္ဒိယကို အမေရိကန်အနေနဲ့ သိပ်ခက်ခက်ခဲခဲ မစည်းရုံးခဲ့ရတာ ပေါ်လွင်နေပါတယ်။

တရုတ်ရဲ့ အင်အားကြီးထွားလာတာကို စိုးရိမ်နေတဲ့ အိန္ဒိယအတွက် တရုတ်ရဲ့ ကြီးထွားလာမှုကို ကန့်သတ်ချင်တဲ့ အမေရိကန်နဲ့ လက်တွဲလာတာ သိပ်ထူးဆန်းတဲ့ကိစ္စမဟုတ်ပေမယ့် ဒီလိုအခင်းအကျင်းကို စီးပွားရေးနိုင်ငံဖြစ်တဲ့ တရုတ်ကထည့်တွက်ပြီးသားဖြစ်နေလို့ ဘယ်လိုတုံ့ပြန်မလဲ၊ အထူးသဖြင့် အိန္ဒိယကိုရင်ဆိုင်ထားဖို့ ပါကစ္စတန်ကို ဘယ်လိုကစားမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။ပါကစ္စတန်၊ တရုတ်တို့နဲ့  နယ်စပ်ပြဿနာအကြီးအကျယ်ဖြစ်ခဲ့တဲ့ အိန္ဒိယအတွက် ဒီလိုပြင်းထန်မှုမြင့်တက်လာတဲ့ ဒေသတွင်းပါဝါပြိုင်မှုကနေ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအဖြစ် အမေရိကန်အကူအညီနဲ့ ထွက်ပေါ်လာမလား၊ ဒေသတွင်း မတည်မငြိမ်မှုတွေဖြစ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မင်းထက်
အောက်တိုဘာ - ၄