【 နိုင်ငံတကာဆောင်းပါး 】 “ဘိုင်ဒင်၏ အာရှမူဝါဒသည် ယခင်အစိုးရအတိုင်း ပြောင်းလဲမှုမရှိ”

【 နိုင်ငံတကာဆောင်းပါး 】 “ဘိုင်ဒင်၏ အာရှမူဝါဒသည် ယခင်အစိုးရအတိုင်း ပြောင်းလဲမှုမရှိ”

မကြာသေးမီက ဒုတိယသမ္မတ ဟားရစ်၊ ကာကွယ်ရေးဝန်ကြီး အော်စတင်၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှားမင်းတို့၏ ခရီးစဉ်များကြောင့် အမေရိကန်သမ္မတ ဘိုင်ဒင်၏ အာရှမူဝါဒ ပုံပန်းသဏ္ဍာန်ကို ပိုမိုရှင်းလင်းစွာမြင်လာရသည်။

လေသံမှာ ထရမ့် သမ္မတတာဝန်ယူစဉ်က ပေါက်ကွဲသံမျိုး မဟုတ်တော့သော်လည်း ဝါရှင်တန်၏ အာရှမူဝါဒတွင် အပြောင်းအလဲနည်းပြီး အများစုကို ယခင်အတိုင်း ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း ပြသနေသည်။

ဘိုင်ဒင်အစိုးရက ကျင့်သုံးသော နည်းလမ်းကို စင်္ကာပူတွင်ပြောကြားသည့် မိန့်ခွန်းနှစ်ခုက အရှင်းလင်းဆုံးဖေါ်ပြနေသည်။တစ်ခုမှာ ၂၀၂၁ ခုနှစ် ဇူလိုင်လနှောင်းပိုင်းက ကာကွယ်ရေးဝန်ကြီး အော်စတင်၏ ဖူလာတန် ပို့ချချက် အပြည့်အစုံဖြစ်ပြီး နောက်တစ်ခုမှာ သြဂုတ်လနှောင်းပိုင်းက လီကွယ်ယူ ပြည်သူ့ရေးရာမူဝါဒကျောင်းတွင် ပြောကြားသည့် ဒုတိယသမ္မတ ဟားရစ်၏ မိန့်ခွန်းဖြစ်သည်။

အလေးအပေးဆုံးအချက်မှာ အမေရိကန်ပြည်ထောင်စုသည် ထိုဒေသအတွက် ပေးထားသည်မှာ ကာလကြာမြင့်ပြီဖြစ်သော ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခြင်းသာဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ၁၉၄၀ ခုနှစ်များမှ စတင်ပြီး အာရှတွင်လွှမ်းမိုးသော စစ်အင်အားဖြစ်နေပြီး ၎င်း၏ ပထဝီနိုင်ငံရေးအားသာချက်ကို ဆက်လက်ထိန်းသိမ်းထားရန် ရည်ရွယ်ကြောင်း ယခုမိန့်ခွန်းများက အတည်ပြုပေးလိုက်သည်။သို့သော် ထိုမိန့်ခွန်းနှစ်ခုအနက် မည်သည့်မိန့်ခွန်းကမျှ တရုတ်သြဇာကြီးထွားလာခြင်းနှင့် ရည်မှန်းချက်ကြောင့် အမေရိကန်၏ ဆယ်စုနှစ်များစွာကြာပြီဖြစ်သော ဒေသတွင်းအခန်းကဏ္ဍကို အတိတ်ကထက် ပိုမိုခက်ခဲ၊ ပိုမိုအန္တရာယ်များပြီး ပိုမိုအကုန်အကျများမည်ဆိုသည့် ပကတိတရားကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိပေ။

ဒေသဆိုင်ရာစနစ်တွင် ၎င်းတို့လိုလားသော အနေအထားကို ထိန်းသိမ်းထားရန် အခြေခံအဖြစ် ဒေသတွင်းမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန်က မည်သို့မြင်သည်ကိုလည်း ထိုမိန့်ခွန်းနှစ်ခုလုံးက အလေးပေးရန်လည်း ကြိုးစားကြသည်။ထိုနည်းလမ်းသည် အမေရိကန် သေနင်္ဂဗျူဟာ၏ အနှစ်သာရဖြစ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ဝါရှင်တန်သည် ဒေသခံအင်အားကြီးနိုင်ငံမဟုတ်ပဲ ၎င်းတို့ဒေသတွင်းတည်ရှိမှုတွင် စစ်အင်အားသည် အဓိကဖြစ်သည်ဟု မြင်သောကြောင့် ထိုသို့လိုအပ်ရခြင်းဖြစ်သည်။

ယခင်သမ္မတ ဒေါ်နယ်ထရမ့် က ထိုသို့သောအစီအစဉ်များကို လှောင်ပြောင်သော်လည်း ယခုပေးလိုသော သတင်းစကားမှာ မဟာမိတ်နှင့် မိတ်ဆွေများ၏ တန်ဖိုးများကို ထပ်မံအတည်ပြုပြောကြားခြင်းသာဖြစ်သည်။တရုတ်ကို သွယ်ဝိုက်ဝေဖန်ပြီး အမေရိကန်ပြည်ထောင်စုတွင် မိတ်ဆွေများ၊ မိတ်ဖက်များ အစုံရှိနေချိန်တွင် တရုတ်တွင် မြောက်ကိုရီးယား တစ်နိုင်ငံတည်းသာ ရှိနေသည်ဆိုသည့် အချက်ကိုလည်း အလေးထားသည်။

လာမည့်နှစ်များအတွင်း ဝါရှင်တန်က တရုတ်ကို မည်သို့ကိုင်တွယ်ရန် ရည်ရွယ်သည်ကို ဟားရစ်နှင့် အော်စတင်တို့က ရှင်းပြရန် ကြိုးစားသည်။ထရမ့်အပ အမေရိကန်ခေါင်းဆောင်များကို တရုတ်ကို တိုက်ရိုက်ဝေဖန်ခြင်းအား ရှောင်ရှားကြပြီး သွယ်ဝိုက်ကြသော်လည်း ဟားရစ်နှင့် အော်စတင်တို့ကမူ ဘေဂျင်းသည် ဒေသတွင်းတွင် အနှောက်အယှက် ပြဿနာရှာသူအဖြစ် အပြစ်တင်ကြသည်။

ဝါရှင်တန်သည် တရုတ်၏ အပြုအမူကို ပြောင်းလဲပစ်စေလိုသော်လည်း ၎င်းတို့နှစ်ဦးလုံးက ၎င်းတို့၏နည်းလမ်းသည် ယှဉ်ပြိုင်မှုကိုသာ အာရုံစိုက်ပြီး ထိပ်တိုက်တွေ့ ခြင်းမဟုတ်ကြောင်း ပြောကြားကြသည်။

ထိုသို့သော မြင်ကွင်းကျယ်၏ နောက်ကွယ်တွင် အော်စတင်၏ မိန့်ခွန်းက အမေရိကန်နိုင်ငံသည် အမြဲတမ်းမမှန်ကန်ကြောင်း ဆိုးကျိုးအချို့ကိုဖြစ်စေကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံပြီး ဒီမိုကရေစီ၏အင်အားကို သရုပ်ဖေါ်သောကြောင့် မှတ်သားစရာဖြစ်သည်။အပြစ်အနာအဆာကို ပွင့်လင်းခြင်းနှင့် လမ်းကြောင်းမှန်အောင်ပြင်ဆင်ခြင်းတို့ကို သူ၏မိန့်ခွန်းက ဖေါ်ပြနေသည်။

ထိုသို့သော မှတ်ချက်မျိုးကို အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်သည်ဆိုသည့် အချက်သည် ထိုမှတ်ချက်ကို ပိုမိုသက်ရောက်မှုရှိစေသည်။အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားများသည် အမေရိကန်အစိုးရ၏ ပျက်ကွက်မှုများကို ကောင်းစွာခံစားဖူးသော လူမှုအသိုက်အဝန်းဖြစ်သည်။ထို့ကြောင့် အထိမခံသော ရှီကျင့်ဖျိန် တရုတ်နိုင်ငံ၏ အာဏာရှင်စနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

အသိရှိရှိပြောခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ထိုမိန့်ခွန်းများ၏လေသံသည် ယုံကြည်မှုရှိသည်၊ ချိန်ဆသည်၊ စကားအရ ကြီးကြီးကျယ်ကျယ်မဟုတ်ပဲ မှန်ကန်သောလေသံကို ဖေါ်ပြသည်။လွန်ခဲ့သော ၄ နှစ်က လေကြီးလေကျယ်များနှင့် သမိုင်းပြောင်းပြန်ဖြစ်မှုများသည် စိန်ခေါ်မှုများစွာရှိနေပြီးဖြစ်နေသည့် ဒေသတွင်းအခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်ခြင်းမရှိတော့ပေ။

အင်ဒို-ပစိဖိတ်ဟု ဖေါ်ပြသော အာရှဒေသသည် ဘိုင်ဒင်အစိုးရ၏ သေနင်္ဂဗျူဟာ စစ်မျက်နှာဖြစ်သည်။အဆင့်မြင့်အရာရှိများက ကြေညာချက်များ အကြိမ်ကြိမ်ထုတ်ပြန်နေသည့်ကြားမှပင် အမေရိကန်ပြည်ထောင်စု၏ စကားနှင့် အလုပ် ညီအောင်လုပ်နိုင်သည့် စွမ်းရည်ကို သံသယရှိကြသည်။အမေရိကန်အစိုးရအတွင်းမှ အာရှကျွမ်းကျင်သူများ၏ အမြင်အရ အစိုးရယန္တရားကြီးအနေဖြင့် မြောက်အတ္တလန်တိတ်နှင့် အရှေ့အလယ်ပိုင်းမှ အာရုံစိုက်မှု ပြောင်းနိုင်၊ မပြောင်းနိုင်ဆိုသည့် အချက်သည် စိန်ခေါ်မှုဖြစ်နေသေးသည်။

ဝါရှင်တန်သည် နောက်ဆုံးတွင် တရုတ်စိန်ခေါ်မှု၏ အတိုင်းအတာကို နားလည်လာပုံရပြီး အဓိကနိုင်ငံများအကြား ဘုံသဘောတူညီချက်ရလာသော်လည်း အာရှကို အမေရိကန် သေနင်္ဂဗျူဟာ၏ ဗဟိုချက်အဖြစ်သတ်မှတ်ရန် များစွာလုပ်ဆောင်ရန် လိုနေသေးသည်။ထိုသို့ဖြစ်သမျှကာလပတ်လုံး တရုတ်သည် ၎င်းတို့တည်နေရာကြောင့် စနစ်ပိုင်းအရ အားသာမှုရရှိနေဦးမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ဘိုင်ဒင်အစိုးရက ထူထောင်ထားသည့် ယှဉ်ပြိုင်မှုနှင့် ထိပ်တိုက်တွေ့မှုအကြား ကွာခြားချက်ကို ထိန်းသိမ်းနိုင်မည်၊ မနိုင်မည်ကိုလည်း ရှင်းလင်းစွာမသိရသေးပေ။ထိုသို့ခွဲခြားခြင်းကို ကုန်သွယ်ရေး၊ စက်မှုမူဝါဒနှင့် နည်းပညာတီထွင်ဆန်းသစ်မှုတွင် ထိန်းသိမ်းရန် နှိုင်းယှဉ်ချက်အားဖြင့် လွယ်ကူသော်လည်း ကာကွယ်ရေးနှင့် သေနင်္ဂဗျူဟာပိုင်းတွင် စိန်ခေါ်မှုများပြားလှသည်။ရည်မှန်းချက်ကြီးမားသော နိုင်ငံတစ်နိုင်ငံကို ရင်ဆိုင်နေရသည့် အင်အားကြီးနိုင်ငံတစ်ခုအနေဖြင့် ထိုသို့အပြန်အလှန်ဆက်ဆံမှုကို ထိပ်တိုက်တွေ့ ခြင်း၏ ပူးပေါင်းမှုဖြင့် မသုံးသပ်ပဲ ယှဉ်ပြိုင်မှုဖြင့် သွေးအေးအေးစဉ်းစား သုံးသပ်ပုံဖေါ်ရမည်ဆိုသည့် အချက်သည်လည်း ခက်ခဲသောအချက်ဖြစ်သည်။

အော်စတင်၏ မိန့်ခွန်းသည် ဆန့်ကျင်ဘက်များကို နှိုင်းယှဉ်လေ့လာမှုဖြစ်သည်။

ပထမနှိုင်းယှဉ်လေ့လာမှုမှာ အမေရိကန်ပြည်ထောင်စု၏ ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်၏ တစ်နိုင်ငံတည်းလုပ်ရပ်အကြား လေ့လာခြင်းဖြစ်သည်။

ဒုတိယနှိုင်းယှဉ်လေ့လာမှုမှာ ဝါရှင်တန်၏ ပွင့်လင်းသည်းခံပြီး အမှားပြင်သည့်စနစ်နှင့် ဘေကျင်း၏ ပွင့်လင်းမြင်သာမှုမရှိ ထိခိုက်လွယ် မလုံခြုံသော စနစ်အကြား နှိုင်းယှဉ်လေ့လာခြင်းဖြစ်သည်။

အော်စတင် က ယခုအစိုးရနှင့် ယခင်အစိုးရအကြား ခွဲခြားပြောဆိုခဲ့သော်လည်း ထရမ့်နှင့် ဘိုင်ဒင်တို့၏ အာရှမူဝါဒသည် ယခင်အတိုင်းဆက်သွားမည်ဖြစ်ပြီး အပြောင်အလဲနည်းမည်ဖြစ်သည်။အမေရိကန် သေနင်္ဂဗျူဟာ၏ ရည်မှန်းချက်နှင့် နည်းလမ်းတွင် ကြီးမားသောပြောင်းလဲမှုမရှိပေ။တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံခြင်းကို အာရှတွင် သြဇာရှိရေးအတွက် ပထဝီနိုင်ငံရေးယှဉ်ပြိုင်မှုနှင့် အစားထိုးလိုက်ခြင်းသာဖြစ်သည်။

ဘိုင်ဒင်သည် ထရမ့်လုပ်ခဲ့သည့်အတိုင်း ပြည်တွင်းရေးကို ရှေ့တန်းမှအာရုံစိုက်သည့် သမ္မတသာဖြစ်သည်။အဓိကကျသည့်မေးခွန်းမှာ တရုတ်သြဇာအာဏာကို ထိန်းချုပ်ပြီး အမေရိကန်သည် ထရမ့်ခေတ်ကထက် အချက်အခြာကျအောင် ဘိုင်ဒင် က ပိုမိုအောင်မြင်မည်၊ မအောင်မြင်မည်ဆိုသည့် မေးခွန်းသာဖြစ်သည်။

(Nick Bisley သည် La Trobe University လူမှုဗေဒဌာနဌာနမှူးနှင့် နိုင်ငံတကာဆက်ဆံရေးပါမောက္ခဖြစ်သည်။

Linko
Ref : East Asia Forum: More continuity than change in Biden’s Asia strategy
အောက်တိုဘာ - ၈