【 ဆောင်းပါး 】 “စိတ်နဲ့တောင်မပြစ်မှားနဲ့”

【 ဆောင်းပါး 】 “စိတ်နဲ့တောင်မပြစ်မှားနဲ့”

“မောင်လေးနော် သူများစကားနားယောင်ပြီး အမေ့အပေါ် မပြစ်မှားနဲ့။သူက ဒို့မောင်နှမနှစ်ယောက်လုံးရဲ့အမေပဲ”

“မမဘာသာမမ ဘယ်လိုသဘောထားထားလေ ကျွန်တော်အတွက်တော့ မိထွေးက မိထွေးပဲ”

“သူက ဒို့အပေါ် သူ့သားသမီးအရင်းလို သဘောထားတာလေ။သူ့အပေါ် မကောင်းစိတ်ထားရင် နင်ငရဲကြီးလိမ့်မယ်”

“အမလေးဗျာ မိထွေးကို အမေလိုသဘောမထားတာနဲ့ဘဲ ငရဲကြီးရမယ်လို့”

“သူက မိထွေးပေမယ့် ငါတို့အပေါ် အမေရင်းတစ်ယောက်လို စေတနာထားတာတော့ နင်ထည့်မပြောဘူးလား”

“လူမြင်ကောင်းအောင် ဟန်ဆောင်နေတာပါဗျာ”

“တကယ်လား ဟန်ဆောင်တာလား အသိသာကြီးကို။ဟိုတစ်ခါ နင်နေမကောင်းလို့ သတိလစ်နေတုန်းကဆို နင့်အတွက် သူဘယ်လောက်သောကရောက်ခဲ့လဲ ဘယ်လောက်ပင်ပန်းခဲ့လဲ နင်အသိဆုံးပဲ။ငါတို့အမေသေပြီး သူနဲ့အဖေယူတော့ နင်ကသုံးနှစ်သား ငါကငါးနှစ်ပဲရှိသေးတာ နင်တောင် အခုဆယ့်ခြောက်နှစ်ရှိနေပြီ။အဲဒီကာလတစ်လျှောက်လုံး အဖေက သူ့အလုပ်နဲ့သူ အပတ်တောင်မလည်ဘူး။သူပဲ တို့မောင်နှမနှစ်ယောက်ကို ပြုစုခဲ့ရတာ။နင်တလွဲတွေတွေးပြီး သူ့စေတနာကို စော်ကားလို့ကတော့ နင့်အတွက်အပြစ်ကြီးမှာနော်”

“ဒါဆို သူ့ကို ကျွန်တော်က နည်းနည်းလေးတောင်ခံပြောလို့မရတော့ဘူးပေါ့”

“အေး ဟုတ်တယ်။နင် သူ့ကို စိတ်နဲ့တောင်မပြစ်မှားနဲ့”

“မမကလဲ ဒါတော့နည်းနည်းများသွားပြီ”

“ဘာများတာလဲ။အဲဒီလိုစိတ်နဲ့ မကြာခဏပြစ်မှားရင်း စကားနဲ့ ခွန်းတုံ့မခံပြန်ပြောလာမယ် နောက် နင့်အမူအရာတွေပါ ရိုင်းစိုင်းလာတော့မယ်။အဘ ဒီမှာကွမ်းယာရပြီ”

ကျွန်တော်လည်း ကောင်မလေးပေးသည့် ကွမ်းယာထုပ်ကို လှမ်းယူရင်း ပိုက်ဆံငါးရာပေးလိုက်သည်။

မနက်ခင်း လမ်းလျှောက်ပြီးအပြန်မှာ ထုံးစံအတိုင်း ကွမ်းယာဝင်ဝယ်သည်။ကွမ်းယာရောင်းသည့် ကောင်မလေးက ကွမ်းယာနေရင်း သူ့မောင်လေးနှင့် စကားပြောနေသည်ကို ကြားခဲ့ရတာပါ။အမေအရင်းမဟုတ်သော်လည်း မိခင်စိတ်ရှိသော မိထွေးတော်သူအပေါ် စိတ်နှင့်တောင်မပြစ်မှားရန် အမဖြစ်သူက သူ့မောင်လေးကို ရှင်းပြနေတာပါ။

စိတ်ဆိုတာ အတော်ထိန်းရခက်ပါသည်။အလွန်လျင်မြန်ပါသည်။တွယ်မိတွယ်ရာ တွယ်တတ်ပါသည်။တစ်ခုခုကိုတွယ်ကာ စွဲလမ်းမိပြီဆိုလျှင်လည်း ထိုစိတ်အစွဲက တော်တော်နှင့်မပျောက်ပျက်သွားသည့်အပြင် သေသည့်တိုင်စွဲလမ်းသွားတာမျိုးအထိ ရှိတတ်ပါသည်။

ကျွန်တော့်ဆရာတစ်ယောက်က အစွဲတစ်လုံး ကျွဲရုန်းလို့မရ အထင်တစ်လုံး ဆင်ရုန်းလို့မရဟု ပြောဖူးတာကို အမှတ်ရမိပါသည်။အတွင်းစိတ်ကစွဲထင်နေသည့် အကြောင်းအရာတစ်ခုကို အလွယ်တကူတော့ ဖျောက်ဖျက်၍မရနိုင်ပါ။သို့သော်လည်း ထိုအတွင်းစိတ်၏ခိုင်းစေမှုအရ ပြောမှားဆိုမှား လုပ်မှားကိုင်မှားတွေ ဖြစ်ပေါ်လာတတ်တာမို့ အစွဲမှားအထင်မှားတွေကို အချိန်မီပြုပြင်ဖို့တော့လိုပါသည်။ကောင်းမှုကုသိုလ်လုပ်လုပ် မကောင်းမှုအကုသိုလ်လုပ်လုပ် ကိုယ်ဖြင့်ပြုလုပ်သည့်ကာယကံမှု နှုတ်ဖြင့်ပြောဆိုသည့်ဝစီကံမှု စိတ်ဖြင့်ကြံစည်သည့်မနောကံမှုဟူ၍ ကံသုံးပါးရှိသည်ကို အားလုံးအသိဖြစ်ပါသည်။

ကျွန်တော်တို့လူသားအများစုသည် ကာယကံအမှုကိုသာ အဓိကထားတတ်ကြသည်။ဝစီကံအမှုကိုတောင် သိပ်အလေးအနက်မထားချင်ကြပါ။အလွယ်တကူလိမ်ပြောကြသည်။သူများမကောင်း ကြောင်းကို အေးအေးဆေးဆေးပင်ပြောလေ့ရှိသည်။မနောကံအမှုကိုတော့ လုံးဝလောက်ကို ထည့်မစဉ်းစားတတ်ကြပါ။

တကယ်တော့ မနောကံသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးဖြစ်သည်။မနောကံစိတ်အတွေးကသာ ဘဝတစ်ခုလုံးကို ချုပ်ကိုင်ထားတာပါ။စိတ်အတွေးမှာ မှားသောအကြံအစည်များရှိလာလျှင် နှုတ်မှ မဟုတ်မမှန်တွေပြောလာပါသည်။သည်ထက်ပို၍ အတွေးတွေမှားလာခဲ့လျှင် ကိုယ်အမူအရာတွေကပါ အမှားတွေကျူးလွန်လာတတ်ပါသည်။အတွေးမှန်မှ အပြောမှန်မှာပါ။အတွေးမှန်မှ အလုပ်မှန်မှာပါ။အတွေးမှားလျှင် အမှားတွေပြောမိပါလိမ့်မည်။အမှားတွေလုပ်မိပါလိမ့်မည်။အတွေးတစ်ချက်မှားရုံနှင့် ဘဝတစ်သက်မှာ ထိုအမှား၏ဆိုးကျိုးကို ရင်ဆိုင်ရတတ်ပါသည်။

ဘုရားရှင်ပွင့်တော်မူစဉ်အခါကဖြစ်သည်။သောရေယျသူဌေးသားသည် ငွေကြေးလွန်စွာချမ်းသာ၏။အရွယ်ရောက်သောအခါ အိမ်ထောင်ကျပြီး သားနှစ်ယောက်ရသည်။တစ်နေ့တွင် သူငယ်ချင်းများနှင့်အတူ ရေချိုးရန် မြစ်ဆိပ်သို့သွားသည်။ရေချိုးနေစဉ် အရှင်မဟာကစ္စည်း ရဟန္တာမထေရ်ကို လှမ်းမြင်လိုက်သည်။ရဟန္တာမထေရ်သည် အသားအရေစိုပြည်၍ ရုပ်ရည်အဆင်းကလည်း အလွန်လှပတင့်တယ်လေသည်။သောရေယျသူဌေးသားသည် မထေရ်အပေါ် စိတ်ထဲမှပြစ်မှားမိသည်။  

“လှပချောမွေ့တဲ့ ဒီမထေရ်သာ မိန်းကလေးဖြစ်ပြီး ငါ့ရဲ့ဇနီးမယားအနေနဲ့ ပေါင်းဖက်လိုက်ရရင် ဒီကမ္ဘာမှာ ငါ့လောက်ကံကောင်းတဲ့သူ ရှိမှာမဟုတ်တော့ဘူး”

ထိုသို့စိတ်ကူးစဉ်ခဏမှာပင် သောရေယျ ပိုင်ဆိုင်ထားသော ယောင်္ကျားလေးအင်္ဂါအစိတ်အပိုင်းများမှာ မိန်းကလေးအင်္ဂါအစိတ်အပိုင်းများအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားလေ၏။သောရေယျလည်း သူ့အဖြစ်သူရှက်လွန်းသဖြင့် သူငယ်ချင်းများနှင့်လည်းမတွေ့ရဲ အိမ်ကိုလည်းမပြန်ရဲတော့ချေ။ထို့ကြောင့် သူ့ပတ်ဝန်းကျင်နှင့် ဝေးလျှင်ပြီးရောဟုတွေးကာ ခြေဦးတည့်ရာထွက်ခဲ့သည်။လမ်းခရီးတွင် လှည်းကြုံတစ်စီးနှင့်လိုက်ပါရင်း တခြားတိုင်းပြည်တစ်ခုသို့ရောက်ခဲ့သည်။ထိုလှည်းတွင်ပါရှိသောသူများသည် မိန်းကလေးသောရေယျ၏ ရုပ်ရည်အဆင်းတင့်တယ်လှပမှုကိုကြည့်ပြီး သူတို့၏သူဌေးနှင့် လိုက်ဖက်သည်ဟု တိုင်ပင်ကြပြီး သူဌေးဆီကို အကြောင်းကြားသည်။သူဌေးကလည်း သောရေယျ ကို မြင်မြင်ချင်း မေတ္တာသက်ဝင်ကာ လက်ထပ်ပေါင်းသင်းလေသည်။သောရေယျသည် မိန်းကလေးဘဝနှင့် သားနှစ်ယောက် မွေးဖွားပြန်သည်။တစ်နေ့တွင် သောရေယျ၏ ငယ်သူငယ်ချင်းတစ်ယောက်သည် ကုန်ရောင်းကုန်ဝယ်လုပ်ရင်း လက်ရှိ သောရေယျ နေထိုင်သော တိုင်းပြည်သို့ရောက်လာသည်။သောရေယျနှင့် အမှတ်တမဲ့တွေ့ဆုံသောအခါ ထို သူငယ်ချင်းက သောရေယျ ကို လုံးဝမမှတ်မိပေ။သောရေယျ က ထိုသူငယ်ချင်းကိုမြင်တော့ ဝမ်းသာဝမ်းနည်းဖြစ်မိသည်။နောက်ဆုံးတွင် မနေနိုင်တော့ဘဲ သူသည် သောရေယျဖြစ်ကြောင်း သူတို့သူငယ်ချင်းနှစ်ယောက်၏ ငယ်ဘဝအဖြစ်အပျက်တချို့နှင့်တကွ နောက်ဆုံး သူတို့သူငယ်ချင်းတွေ မြစ်ဆိပ်မှာရေချိုးသွားရင်း ရှင်မဟာကစ္စည်းမထေရ်အပေါ် ပြစ်မှားမိ၍ ယောင်္ကျားဘဝမှ မိန်းမဘဝသို့ ပြောင်းသွားပြီးနောက် ရှက်ရှက်နှင့်ထွက်လာသည့်အကြောင်း ရှင်းပြတော့ သူငယ်ချင်းဖြစ်သူမှာ အတော်အံ့အားသင့်သွားသည်။

သူငယ်ချင်းက သောရေယျ ပြစ်မှားမိသော ရှင်မဟာကစ္စည်းမထေရ် ကို ဝန်ချတောင်းပန်သင့်ကြောင်းပြောသဖြင့် မထေရ်ရှိရာကို စုံစမ်းပြီးနောက် သွားရောက်၍ ဝန်ချတောင်းပန်စဉ်ခဏမှာပင် သောရေယျတစ်ယောက် မူလအတိုင်း ယောင်္ကျားဘဝပြန်လည်ရရှိခဲ့သည်။သောရေယျတစ်ယောက် ကိုယ်တိုင်ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကြောင့် သူ့အတွေးတွေ ပြောင်းလဲသွားသည်။ထို့ကြောင့် လောကီရေးရာများကိုစိတ်ကုန်ပြီး  ရဟန်းဝတ်လိုက်သည်။သူသည် မကြာမီမှာပင် အာသဝေါကုန်ခမ်းသည့် ရဟန္တာဖြစ်သွားလေသည်။

လူတစ်ယောက်၏ အတွေးတစ်ချက်သည် သူ၏ဘဝကို မထင်မှတ်သည့်အပြောင်းအလဲများ ဖြစ်သွားစေနိုင်ကြောင်း သာဓကတစ်ခုပင်ဖြစ်သည်။ကိုယ်တိုင်က သူတော်စင်တစ်ယောက် မဟုတ်သေးသည့်အတွက် ရှိချင်ဖြစ်ချင်သော လောဘစိတ်သည် အတွေးထဲရောက်လာမည်သာဖြစ်သည်။သို့သော်လည်း ကိုယ့်လောဘစိတ်အတွေးသည် မှန်ကန်မှု ရှိ၊ မရှိကိုတော့ ကြိုတင်စဉ်းစားရမည်ဖြစ်၏။အထူးသဖြင့် ကိုယ့်အတွေး ကိုယ့်အကြံသည် အခြားတစ်ယောက်ယောက် သို့မဟုတ် အများစုကို ထိခိုက်နစ်နာစေနိုင်သလားဆိုတာကို အသေအချာစိစစ်ဖို့လိုပါသည်။ကိုယ့်အတွေးတစ်ချက်မှားလျှင် အခြားသူများ၏ စည်းစိမ်တွေ အသက်တွေ ဘဝတွေ ပျက်စီးသွားနိုင်တာကို သတိပြုသင့်ပါသည်။အထူးသဖြင့် ကိုယ်ပြစ်မှားတော့မည့်သူသည် ရဟန်းသံဃာ မိဘဆရာ သီလစင်ကြယ်သူ ရိုးသားဖြူစင်သူ ကိုယ်ကျိုးစွန့်၍ အများအကျိုးဆောင်ရွက်သူနှင့် အပြစ်မဲ့ကလေးသူငယ်များဆိုလျှင်တော့ စိတ်နှင့်တောင်မပြစ်မှားသင့်ပါ။

အကယ်၍သာ ထိုသူမျိုးကို စိတ်စေတနာရော နှုတ်မစောင့်စည်းမှုရော ကိုယ်ဖြင့်ထိထိရောက်ရောက် ကျူးလွန်မှုတွေရော များစွာပြုလုပ်မိပါက ရရှိလာမည့်ဆိုးကျိုးများကား အလွယ်တကူရေတွက်၍ပင် ရနိုင်မည်မထင်ပေ။

ရိုက်မောင်း
နိုဝင်ဘာ - ၂