【 ဆောင်းပါး 】 “ဆပ်ပြာတစ်တုံး”

【 ဆောင်းပါး 】 “ဆပ်ပြာတစ်တုံး”

“ဒီနားမှာထားတဲ့ ဆပ်ပြာ ဘယ်ရောက်သွားလဲ။ယူတိုက်ပြီးရင် ယူတိုက်တဲ့နေရာ ထားပေါ့။စည်းကမ်းမရှိဘူး။ဆပ်ပြာခွက်လည်းထားပေးနေတာ။ထားရမယ့်နေရာကို မထားဘူး”

မနက်စောစော ရေချိုးသည့် အိမ်ရှေ့အုတ်ကန်ဘက်ကနေထွက်လာသည့် မိန်းမဖြစ်သူ အသံကြောင့် ကျနော်လန့်နိုးလာသည်။အိမ်က မိန်းမဖြစ်သူက ဒီရက်ပိုင်း ဘာတွေဖြစ်နေသည်လဲမသိ။စိတ်ကအရမ်းတိုသည်။စကားပြောရတာမကောင်း။အမေ့အိမ်မှာက ကျနော်တို့က အမေနှင့်အတူနေသဖြင့် အမေစောစောထပြီး ဘုရားရှိခိုးနေချိန် စိတ်အနှောင့်အယှက်ဖြစ်မှာစိုးသဖြင့် ဟန့်ရန် ကျနော်ထလိုက်သည်။
သို့သော် ဘယ်ကနေ ဆပ်ပြာကို တွေ့သွားသည်မသိ။အသံထပ်ထွက်မလာတော့သဖြင့် ကျနော်လည်း အိပ်ယာထဲ ပြန်လှဲနေလိုက်သည်။   

ဒီရက်ပိုင်း အိမ်မှာ ဝင်ငွေလျော့လာစရာတွေရှိသဖြင့် အသုံးစရိတ်တွေလျှော့ချရန် မိန်းမနှင့် အမေ ပြောနေသည်ကို တွေ့ရသည်။နောက်တော့ ကျနော့်အသုံးစရိတ်တွေကို လျှော့ခိုင်းသည်။ထိုအကျိုးဆက်က ယခင်က မနက်ဆို လဘက်ရည်ဆိုင်ထိုင်လေ့ရှိသည့် ကျနော်မှာ တစ်ရက်ခြားသာ ထိုင်ခွင့်ရှိတော့သည်။လဘက်ရည်တစ်ခွက် ၆၀၀၊ ပုံမှန် ၄၀၀၊ ကော်ဖီပလိန်း ၃၀၀ ဖြစ်သည့်အချိန်မှာ ကျနော့်ဝင်ငွေက မရှိသလောက်။ဆောင်းပါးလေး တစ်ပတ် တစ်ပုဒ်နှင့် ကလေးအချို့ကို စာသင်ပေးရသည့် ကျူရှင်ခနှင့်ဆို တစ်လမှ နှစ်သိန်းကျော်ကျော်လောက်သာ။ဒီဝင်ငွေနှင့် ကျနော်တို့လင်မယား စားမလောက်။ဒါတောင် နေစရာက အမေ့အိမ်မှာနေနေရလို့ဖြစ်သည်။အိမ်ခွဲနေသည့် အမတို့မိသားစုက အမေ့အတွက် ထောက်ပံ့သည့်ငွေမှာ တစ်ခါတစ်လေ အိမ်စရိတ်ထဲ ရောက်သွားခဲ့သည်။တစ်ခါတစ်ရံ အမေက သူခြေစောင့်လက်စောင့်ထားသည့် ပိုက်ဆံထဲကနေ ကျနော့်ကို လဘက်ရည်ဆိုင်သွားဖို့ လာပေးသည့်အခါ ကျနော့်မှာ အမေ့ကို အားနာရသည်။သို့သော် အမြဲတမ်းတော့မယူ။ဆယ်ခါ တစ်ခါသာ။

အမေနှင့် မိန်းမဖြစ်သူတို့ ပြောသည့်အထဲ ရေချိုးရာတွင် ကိုယ်တိုက်ဆပ်ပြာရည်ကို မသုံးရန်လည်းပါသည်။အိမ်မှာ လက်ရှိသုံးနေသည့် Lifeboy ဆပ်ပြာရည်က စျေးတက်သွားသည်။ထိုအခါ ပိုသက်သာသည့် ကိုယ်တိုက်အမွှေးဆပ်ပြာတုံးကိုသာ ပြောင်းသုံးရန်လည်းပါသည်။အမေက နဂိုကတည်းက ရေပိုသုံးရသည့် ဆပ်ပြာရည်ကိုမကြိုက်။ဆပ်ပြာတုံးနှင့် တိုက်ရတာကိုသာ သဘောကျသူဖြစ်သည်။သို့သော် အမရဲ့သမီး အမေ့မြေးတွေက “ဖွားဖွားရယ် ဆပ်ပြာနဲ့တိုက်တာ ခေတ်မမီဘူး။သမီးတို့ဝယ်ပေးတဲ့ ဆပ်ပြာရည်က ပိုပြီးသန့်တာ” ဘာညာဆိုပြီး အတင်း၀ိုင်းတိုက်တွန်းသဖြင့် နောက်ပိုင်းမှာ အမေက ဆပ်ပြာရည်ကိုသာ သုံးလာခြင်းဖြစ်သည်။ဘယ်လောက်ပဲ ဆပ်ပြာရည်သုံးသုံး ဆပ်ပြာတုံးနှင့် ကိုယ်တိုက်ရတာလောက် အားမရဘူးဟု အမေတစ်ခါတစ်လေပြောလေ့ရှိသည်။အခု အိမ်အသုံးစရိတ်လျှော့သည်အထဲ ဆပ်ပြာရည်လည်းပါသွားတော့ အမေ့အကြိုက်ဖြစ်သွားမည် ထင်သည်။

ယခု ကိုယ်တိုက်ဆပ်ပြာရည် ဘယ်လောက်ရှိပြီ ထင်သနည်း။မကြာခင်က လမ်းကြုံသဖြင့် အိမ်နားက ဆိုင်မှာ ကျနော်ဝင်ဝယ်သည့်အခါ တစ်ဗူးကို ၃,၄၀၀ တဲ့။ယခင်က ဆပ်ပြာရည်တစ်ဗူးကို ၂,၈၀၀ သာ ရှိသည်။ဗူးကြီးဆို ၄,၇၀၀ ကနေ ၅,၂၀၀ အထိ တက်သည်။ဘယ်လောက်တက်သွားသည်ဖြစ်သနည်း။ကိုယ်တိုက်ဆပ်ပြာစျေးကလည်း ယခင်က ၄၅၀ သာရှိသည်။ယခု ၅၅၀။ဆပ်ပြာခဲအကြီးတွေဆို ၇၇၀ ကနေ ၈၅၀ အထိ ဖြစ်ကုန်သည်။ဆပ်ပြာမှုန့်ကလည်း တစ်ထုပ်ကို ၈၀၀၊ ၉၀၀ တက်သည်။အရင်ကဆို ယိုးဒယားဆပ်ပြာမှုန့် အထုပ်ကြီး ၅,၅၀၀ သာရှိသည်။ယခု ၆,၂၀၀ ပေးနေရပြီ။ဒီတော့ တစ်နှစ်အတွင်း တကယ်ကို စျေးတွေ ရာခိုင်နှုန်းဖြင့်ဆို သုံးလေးဆယ်လောက် တချို့ဆို  ငါးဆယ်ခြောက်ဆယ်လောက် တက်သွားသည်။ငွေအားဖြင့် တစ်ထောင် တစ်ထောင့်ငါးရာ။တခြားသော လူအသုံးအဆောင်ပစ္စည်းတွေလည်း ကြောက်ခမန်းလိလိ စျေးတွေကတက်သည်။

ကျနော်တို့ လူပျိုပေါက်တုန်းကဆိုလျှင် ထိုစဉ်က သမဝါယမဆိုင်ကနေပေးသည့် ရွှေဝါဆပ်ပြာကိုသာ အကောင်းထားပြီး သုံးရသည်။တစ်ခါတစ်လေ စိတ်ပေါက်သည့်အခါ သမဝါယမဆိုင်ကနေ ကာဘော်လိပ်ဆပ်ပြာလေးတုံးပါ တစ်တောင့်၊ တစ်ခါတစ်လေ နှစ်တုံးပါ တစ်ပိုင်းကို ရတတ်သည်။ဒီတော့ ရွှေဝါဆပ်ပြာသာ သုံးရတာများသည်။ကိုယ်တိုက်လည်း ဒါ၊ အဝတ်လျှော်လည်း ဒါ။တချို့ဆို ရွှေဝါဆပ်ပြာတောင် မသုံးနိုင်။ ဆင်ချေးတုံးဆပ်ပြာလို့ခေါ်သည့် ဆပ်ပြာမည်းမည်းညစ်ညစ်ကြီးတွေနှင့် လျှော်ရသည်။ကျနော်တို့ခေတ်တွင် အဝတ်လျှော်ရန် တခြားသူကိုငှားရာတွင် ရွှေဝါဆပ်ပြာကို ဓားနှင့်လှီးပြီး တိုင်းထွာပေးရသည်အထိ ဆပ်ပြာရှားပါးလှသည်။  

ဒီလိုဆိုတော့ အပိုတွေပြောသည်ဟု ထင်ကြမည်။ကျနော်တို့ ရှင်သန်ကြီးပြင်းခဲ့ရာ နေရာဒေသနှင့် လူ့အဝန်း၀ိုင်းမှာ အာဖရိကနှင့် အသားအရောင်ကွဲလွဲသည်ကလို အတူတူပင်ဖြစ်သည်ဟု ဆိုရမလေလား။တစ်လောက ဖေ့စ်ဘွတ်တွင် သီးထပ်သီးညှပ် အောင်မြင်အောင်စိုက်ပျိုးလို့ ရေဒီယိုနှင့် နိုင်လွန်တစ်ဝက်စာ ရောင်းပေးရန်ဆိုသည်လား သတင်းစာဖြတ်ပိုင်းလေးတစ်ခု ဖတ်လိုက်ရသည်။ဒါကိုတွေ့ရတော့ ထိုခေတ်ကအကြောင်းတွေ ခေါင်းထဲမတွေးဘဲ ဆက်ဝင်လာသည်။ဘာမဆို ပိုက်ဆံရှိရင် အရင်းရှင်ဆိုပြီး ပါတီကောင်စီက သိမ်းသည်။ဘယ်လောက်ပိုက်ဆံရှိရှိ အိမ်ကောင်းကောင်းမဆောက်ရဲ။မှတ်မိသေးသည်။အိမ်ပြင်ရန်အတွက် ရပ်ကွက်ကောင်စီရုံးကနေ ဆင်းစစ်သည်။တကယ်ပျက်စီးနေတာ ဟုတ်၊ မဟုတ်။တကယ်ပျက်စီးမှ ပြင်ခွင့်ပေးသည်။

သည်လိုခေတ်တွင် ကြီးပြင်းအရွယ်ရောက်လာရသည့် ကျနော်တို့အဖို့ ဆပ်ပြာကို ရွေဝါလောက်သာ ကောင်းကောင်းကန်းကန်း ထားသုံးရတာကို ကိုယ့်ရဲ့ဆုံးရှုံးမှုအဖြစ် မမြင်နိုင်လောက်အောင် ဉာဏ်မျက်စိကန်းခဲ့သည်။ယိုးဒယားကနေဝင်လာသည့် အချိုမှုန့်ဆိုတာကို မှောင်ခိုသွင်းပြီး သုံးရသည့်ခေတ်တွင် ရပ်ကွက်တွင်းဆိုင်တွေမှာ ဆီတစ်ဆယ်သားမဝယ်နိုင်လို့ ငါးကျပ်သား၊ နှစ်ကျပ်ခွဲသား စသည့် ခွက်ချင်လေးတွေနှင့် ဝယ်ကာသုံးရသည့် ခေတ်တွေကို ပြန်သတိရမိသည်။အခု အိမ်က မိန်းမက ဆီပုလင်းကိုကြည့်နေပြီ။ယခင်ကလို လဘက်စားသည့်အခါ ဆီမရွှဲတော့။ဘာချက်ချက် ယခင်လိုမဟုတ်ဘဲ စျေးနှုန်းတွေကိုသာ ရွတ်နေတော့သည်။

ဆပ်ပြာတစ်တုံးကနေ တွေးမိလိုက်သည့် အတွေးတွေက ၁၉၈၈ မတိုင်ခင်ခေတ်တွေအထိ ၁၉၈၀ မတိုင်ခင် ခေတ်တွေအထိ ရောက်ကုန်သည်။ ၈၈ နောက်ပိုင်း အနည်းငယ် တိုင်းပြည်စီးပွားရေးကိုဖွင့်ပေးသည့်အခါ ဆပ်ပြာမွှေးမွေးလေးတွေ သုံးလာရတော့ ရွှေဝါဆိုတာကို မေ့စပြုလာသည်။ထိုစဉ်က LUX ဆပ်ပြာကို အနံ့အမျိုးမျိုးနှင့် သုံးရသည့်အခါ ရေကြာကြာချိုးမိကြသည်အထိပင်။ဒီတော့မှ အမွှေးအကြိုင်ကို နေ့စဉ်သုံးစွဲခွင့်ရသည့် အချိန်ကာလကိုရောက်သည်။ထိုအချိန်တွင် ကျနော့်အသက်က ၃၀ နား ကပ်နေလေပြီ။သို့သော် ကလေးတစ်ယောက်လို ဆပ်ပြာကို နှာခေါင်းနားထားကာ မွှေးကြည့်နေတုန်း။

ယခု အိမ်က မိန်းမက ဆပ်ပြာရည်မွှေးမွှေးကနေ နောက်တစ်ဆင့်ဆုတ်ကာ ဆပ်ပြာတုံး သုံးခိုင်းနေလေပြီ။ဆပ်ပြာတုံးတစ်တုံးဆို ရက် ၂၀ လောက်တော့ အသာလေးခံသည်။ဆပ်ပြာရည်ဆို တစ်ဗူးကို တစ်လ။တစ်ခါတစ်လေ အိမ်ကို အမေ့မြေးတွေ ညအိပ်ညနေလာသည့်အခါ ရက် ၂၀ လောက်နှင့် ပြတ်သည်။တစ်ဗူးကို ၃,၄၀၀ နှင့် တစ်တုံးကို ၅၅၀။အကွာကြီးကွာလေစွ။
သုံးရတာလည်းကွာလေစွ။သို့သော် လက်ရှိတွင် အိမ်ဝင်ငွေဆိုသည်မှာ ကျနော်ရှာသည့် သိန်းခုဂဏန်းတစ်ခုကျော်ကျော် နှစ်ခုလောက် ဝင်ငွေလေးတစ်ခုသာ။

စိတ်ပျက်အားလျော့စွာ အိပ်ရာကနေ ထလိုက်သည်။နောက် .. အိမ်ရှေ့ အုတ်ကန်ဘေးထိုင်ကာ  သွားပွတ်တံပေါ် သွားတိုက်ဆေးညှစ်ရင်း စရိတ်တွေလျှော့ရင်း လျှော့ရင်းက ဘယ်နေ့ ဆားနှင့်သွားတိုက်ရသည့်အချိန် ရောက်လာတော့မလဲဆိုတာ စိတ်မသက်မသာနှင့် ငယ်စဉ်က သမဝါယမဆိုင်မှာ ဆန်ထုတ် ဆီတိုးရသည့် အရာရာချို့တဲ့သည့် ခေတ်ကာလကို  ပြေးမြင်ယောင်မိနေလေတော့သည်။

မောင်ဦးလွင်
ဒီဇင်ဘာ - ၂၂