【 ဆောင်းပါး 】 “တစ်ဦးခြင်း စွမ်းဆောင်ရည်အား ဖော်ပြခြင်း”

【 ဆောင်းပါး 】 “တစ်ဦးခြင်း စွမ်းဆောင်ရည်အား ဖော်ပြခြင်း”

မော်တန် တီ ဟန်ဆန်ဟာ ယခုလို သီအိုရီအသစ်ဖြစ်တဲ့ “ဉာဏ်ပါပါ အလုပ်လုပ်ခြင်း အလေ့အကျင့် ပုံစံသစ် ခုနစ်မျိုး” ကို ရှာဖွေဖော်ထုတ်ပြီးတဲ့နောက်မှာ အဲဒီသီအိုရီက တကယ်အလုပ်ဖြစ်၊ မဖြစ်နဲ့ ဘယ်နည်းဘယ်ပုံ အသုံးချရင် ပိုအစွမ်းထက်တယ်ဆိုတာတွေကို သိနိုင်ဖို့ စမ်းသပ်မှုကို နိုင်ငံတစ်လွှားက ဝန်ထမ်းအဆင့်အမျိုးမျိုး ဦးရေ ၅၀၀၀ နဲ့  ဆက်စမ်းသပ်ခဲ့ပါတယ်။

အမေရိက တစ်နံတစ်လျားမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းအမျိုးအစားအမျိုးမျိုးထဲက အလုပ်အကိုင်အမျိုးအစား အများကြီးမှာ လုပ်ကိုင်နေတဲ့ မန်နေဂျာနဲ့ ဝန်ထမ်းပေါင်း ၅၀၀၀ နဲ့ စမ်းသပ်ခဲ့တယ်။ဝန်ထမ်းတွေကိုချည်း မေးမြန်းစစ်တမ်းကောက်ယူပြီး ကိုယ့်ဖာသာကိုယ်ဖြေထားတဲ့ အဖြေမျိုးတွေချည်းပေါ်မှာပဲ အားထားနေရတာမျိုး မဖြစ်အောင် အကြီးအကဲတွေနဲ့ သူတို့ကို တိုက်ရိုက်အစီရင်ခံရသူတွေပါ ထပ်ဆောင်းထားပါတယ်။

အ‌ရောင်းကိုယ်စားလှယ်တွေ၊  ရှေ့နေတွေ၊ သင်တန်းဆရာတွေ၊ အာမခံငွေတွက်ချက်သူတွေ၊ ပွဲစားတွေ၊ ဆရာဝန်တွေ၊ ဆော့ဖ်ဝဲလ်ရေးသူတွေ၊ အင်ဂျင်နီယာတွေ၊ စတိုမန်နေဂျာတွေ၊ စက်ရုံဖိုမင်တွေ၊ ဈေးကွက်ထိုးဖောက်သူတွေ၊ လူသားရင်းမြစ်ရှာဖွေသူတွေ၊ အကြံပေးပုဂ္ဂိုလ်တွေ၊  သူနာပြုတွေအပြင် လာ့စ်ဗီးဂတ်စ်က ကက်စီနိုထောင်ထားသူတွေကိုပါ ထည့်သွင်းစစ်တမ်းကောက်ယူထားပါတယ်။

ဒီတွေ့ရှိချက်တွေက ဘာကိုဆိုလိုသလဲ တွေးကြည့်ပါ။ပါရမီနဲ့ ကြိုးစားအားထုတ်မှုတို့က တစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့နေရာမှာ အရေးပါတဲ့အနေအထားမှာ ရှိနေဆဲပါ။ဒါပေမဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်ရဲ့ တကယ့်သော့ချက်က “ဉာဏ်ပါပါ အလုပ်လုပ်ခြင်း အလေ့အကျင့် ခုနစ်မျိုး” ပဲ ဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ကျွန်တော်တို့ အခုဆိုရင် နက်တလီက အဲဒီစတားရတဲ့ အလုပ်တွေကို တကယ် ဘယ်လိုလုပ်နိုင်ခဲ့သလဲဆိုတာတော့ ကျွန်တော် ဘယ်တော့မှ အတိအကျမသိခဲ့ရပေမယ့်၊ တချို့လူတွေက ဘာလို့ပိုစွမ်းဆောင်နိုင်သလဲဆိုတဲ့ “နက်တလီ ပ‌ဟေဠိ” ကို အဖြေသိပါပြီ။

ဒါပေမဲ့ ကျွန်တော်က စွမ်းဆောင်ရည်ကို မြှင့်တင်တဲ့နေရာမှာ စနစ်တကျနဲ့ လက်တွေ့စူးစမ်း လေ့လာထားတဲ့ နည်းလမ်းတွေက ဘယ်အလုပ်အကိုင်မျိုးအတွက်မဆို အလုပ်ဖြစ်တယ်ဆိုတဲ့  ပိုအရေးကြီးတဲ့အချက်ကို သိခဲ့ရတယ်။သင်သာ ဒီဉာဏ်ပါပါ အလုပ်လုပ်ခြင်း အလေ့အကျင့် ခုနစ်မျိုးကို မွမ်းမံပြီး အသုံးချမယ်ဆိုရင် ပါရမီ၊ ကံကောင်းမှု ဒါမှမဟုတ် အလုပ်ချိန်ကြာကြာလုပ်တာတွေအပေါ် အားကိုးလုပ်နေတာထက်စာရင် ကိုယ့်စွမ်းဆောင်ရည်ကို ပိုတိုးတက်အောင် လုပ်နိုင်မှာဖြစ်တယ်။

ကျွန်တော်တို့ တွေ့ရှိချက်အရ လူတစ်ယောက်က သူအလုပ်လုပ်တဲ့နေရာမှာ အလေ့အကျင့် ခုနစ်မျိုးကို အသုံးပြုရင် အသုံးပြုသလောက် သူတို့ရဲ့ စွမ်းဆောင်ရည်ပိုတက်လာပြီး ပိုကောင်းအောင် လုပ်လာနိုင်တဲ့ တွေ့ရှိချက်ကို အောက်ကဇယားမှာ ဖော်ပြထားတာဖြစ်ပါတယ်။အကယ်၍ သင်ဟာ အလုပ်လုပ်ခြင်း အလေ့အကျင့် ၇ မျိုး ကျင့်သုံးတာ အဆင့် ၂၁ လောက်ပဲရှိတယ် ဆိုပါတော့။သင်ဟာ စွမ်းဆောင်ရည်နိမ့်သေးတဲ့ အောက်ခြေကနေရေတွက်ရင် အဆင့် ၂၁ (ဇယားထဲက အမှတ် A နေရာ) မှာပဲ ရှိနေသေးပြီး၊ တကယ်လို့ သင်က သင့်ကျွမ်းကျင်မှု အရည်အသွေးကို အသုံးပြုပြီး မြှင့်တင်ပါက အဆင့် ၉၀ အထိ ခုန်တက်သွားနိုင်ပြီး သင့်စွမ်းဆောင်ရည်အဆင့်က အဆင့် ၈၉ (ဇယားထဲက အမှတ် B နေရာ) ကို ခုန်ပျံကျော်လွှား ရောက်ရှိသွားနိုင်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ ခန့်မှန်း တွက်ချက်မှုများအရ သိရပါတယ်။အဲဒါဆို အဆင့်မြင့် ထိပ်တန်းစွမ်းဆောင်ရှင်ဖြစ်ပါပြီ။

          သင့်အနေနဲ့ အကောင်းဆုံး ဘယ်လိုအလုပ်လုပ်မလဲ

ကျွန်တော်သိသလောက်တော့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ရေးသားကြတဲ့ စာအုပ်တွေမှာ ဘယ်စာအုပ်ကမှ အပြည့်အဝနားလည်လွယ်ပြီး တစ်ဦးချင်းအနေနဲ့ မိမိရဲ့စွမ်းဆောင်ရည်ကို ဘယ်လိုမြှင့်တင်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို သက်သေနဲ့တကွ တင်ပြတာမျိုး မရှိသေးပါဘူး၊ အခု ဒီစာအုပ် Great at Work (“အစွမ်းပြ၍ အလုပ်လုပ်ခြင်း”) က အဲဒီဟာကွက်ကို ဖြည့်ပေးလိုက်ပါပြီ။ကိုယ့်လုပ်ငန်းခွင်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်မယ့် ရိုးစင်းပြီး လက်တွေ့အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကို လမ်းညွှန်ပေးမှာဖြစ်ပါတယ်။ဒါကို ဒီနေ့ မျက်မှောက်ကာလ အလုပ်အကိုင်ပုံစံတွေကို ထင်ဟပ်ခေတ်မီစေပြီး အရင်ကမသိခဲ့ဖူးတဲ့ စစ်တမ်းခွဲခြမ်းစိတ်ဖြာ ကိန်းဂဏန်းများနဲ့ ဖော်ပြပေးခဲ့တဲ့ စတီဗင် ကိုဗေးရဲ့ အဆင့်မြင့်ထိရောက်‌အောင် စွမ်းဆောင်နိုင်သူများရဲ့ အလေ့အကျင့် ၇ မျိုးကို ဖြည့်စွက်မွမ်းမံထားတာလို့ သိလိုက်ပါ။

အခန်းတိုင်းမှာ “ကျွမ်းကျင်လိမ္မာ”တဲ့ အလေ့အကျင့်များနဲ့ ခိုင်မာတဲ့ အကြံဉာဏ်များကို သင်ကိုယ်တိုင် အလုပ်လုပ်ရာမှာ ဘယ်လိုနည်းယူကျင့်သုံးနိုင်မယ်ဆိုတာကို တင်ပြထားတာ ဖြစ်ပါတယ်။ “အလေ့အကျင့်” ဆိုတဲ့ စကားကို သုံးရခြင်းမှာ ကျွန်တော်က သင့်အနေနဲ့ ဒီအကြံဉာဏ်တွေကို သင်နေ့စဉ်အလုပ်လုပ်ရာမှာ မနက်ကော်ဖီသောက်တာ၊ အီးမေးလ်စစ်တာ၊ လေ့ကျင့်ခန်းလုပ်တာတို့လို သင်နေ့စဉ်ပြုမူနေကျ အမူအကျင့်တစ်ခုသဖွယ် ဖြစ်လာအောင် ထည့်သွင်းကျင့်သုံးနိုင်တယ်ဆိုတာကို အလေးအနက်ဖော်ထုတ် ပြောပြချင်လို့ပါ။အစပိုင်းမှာ လွယ်တာလေးတွေနဲ့ နည်းနည်းချင်းလေ့ကျင့်ယူပြီး တဖြည်းဖြည်းချင်း တိုးမြှင့်လုပ်သွားရင်းနဲ့ ကိုယ်ပိုင်ပြုမူနေကျ အမူအကျင့်တစ်ခုသဖွယ် ပိုင်နိုင်ကျွမ်းကျင်အောင် လုပ်ယူရမှာဖြစ်ပါတယ်။

ထိုစိတ်ကူးများကို မည်သို့အကောင်အထည်ဖော်မယ်ဆိုတာကို သင်လုပ်ချင်လာအောင် လမ်းပြသည့်အနေဖြင့် ကျွန်တော်က ဒီအလေ့အကျင့်ထဲကတစ်မျိုး (သို့မဟုတ်) ထိုထက်ပိုတဲ့ အလေ့အကျင့်ကို ကျင့်သုံးခြင်းဖြင့် ထူးကဲတဲ့ရလဒ်တွေရရှိခဲ့တဲ့ ဘဝလမ်းကြောင်း အလုံးစုံက လူတချို့အကြောင်းကို ပြောပြထားပါတယ်။

သင်ဟာ လုပ်ငန်းပုံစံသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဆော့ဖ်ဝဲလ်ကုမ္ပဏီ SAP ရဲ့ အကြီးတန်းမန်နေဂျာ စတီဗင် ဘာဆယ်ဆိုသူနဲ့‌ တွေ့ရမယ်။ သင်ဟာ ဂျနဗီဂေဆိုတဲ့ သူ့အလုပ်ထဲမှာ စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်ကောင်းမွန်မှု တွဲဖက်ထည့်သွင်း အလုပ်လုပ်တဲ့ ဟိုတယ်ဧည့်ကြိုအမျိုးသမီးတစ်ဦးကိုလည်း တွေ့ရမှာဖြစ်တယ်။ကျွန်တော်က သင့်ကို ဂရက်ဂရင်းဆိုတဲ့ သူ့ရဲ့ကျဆုံးလုဆဲဆဲ အထက်တန်းကျောင်းကို ဘယ်လိုမှသက်ဆိုင်ခြင်းမရှိတဲ့ အရင်းအမြစ်ကရတဲ့ စိတ်ကူးနဲ့ အလှည့်အပြောင်း အကြီးကြီးအဖြစ် အောင်မြင်သွားစေတဲ့ ကျောင်းအုပ်ကြီးတစ်ဦးနဲ့လည်း မိတ်ဆက်ပေးဦးမှာဖြစ်ပါတယ်။သင်ဟာ အလုပ်နည်းနည်းပဲလုပ်ပြီး သူမရဲ့ဌာနက နှလုံးရောဂါဝေဒနာရှင်တွေကို ကယ်တင်နိုင်တဲ့နည်းကို တွေ့ရှိခဲ့တဲ့ အရေးပေါ်ဌာနက သူနာပြုတစ်ယောက်ကိုလည်း တွေ့ရမှာပါ။အဖွဲ့နဲ့ သမရိုးကျမဟုတ်တဲ့နည်းနဲ့ အစည်းအဝေးလုပ်ရင်းက ၁ ရာခိုင်နှုန်းသာရှိတဲ့ ထိပ်တန်းစွမ်းဆောင်ရှင် စာရင်းဝင်ဖြစ်သွားတဲ့ စားသုံးကုန်ပစ္စည်း အလုပ်အမှုဆောင်ချုပ်နဲ့လည်း တွေ့ဆုံရမှာဖြစ်ပါတယ်။သင်ဟာ လုပ်ငန်းငယ်ပိုင်ရှင်၊ ဇီဝဓာတုအင်ဂျင်နီယာ၊ ဆရာဝန်၊ စီမံခန့်ခွဲရေးအကြံပေး၊ ဆူရှီစားဖိုမှူး၊ အရောင်းသမား၊ စက်ရုံထုတ်လုပ်ရေးလိုင်းတာဝန်ခံ စသူတို့နဲ့ အလေ့အကျင့် ခုနစ်မျိုးအနက်က တစ်မျိုးမျိုးကို ကျင့်သုံးပြီး သူတို့ရဲ့လုပ်ငန်းစွမ်းရည်ကို မြှင့်တင်နိုင်ခဲ့တဲ့ အခြားသူများစွာကိုလည်း တွေ့ဆုံရမှာဖြစ်ပါတယ်။

          (ဤဆောင်းပါးများထဲမှာ ဖော်ပြတဲ့ ကျွန်တော်တို့ အင်တာဗျူးထားတဲ့ အချက်အလက်အစုံများမှ အများစုသောလူတွေရဲ့ နာမည်နဲ့ အခင်းအကျင်းများကို လွှဲပြောင်းထားပါတယ်။)

          လူမှုဘဝအရည်အသွေးကိုပါ တိုးတက်စေ

ကျွန်တော်က လုပ်ငန်းစွမ်းဆောင်ရှင်များအဖြစ် ဖော်ပြပေးမယ့် ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့အလုပ်မှာ ပျော်မှပျော်ပါ့မလားလို့ သင်တွေးကောင်းတွေးနေလိမ့်မယ်။ရှေးရိုးစဉ်လာ “အလုပ်ကြိုးစားလုပ်ပါ” နည်းနာအောက်က ထိပ်တန်းစွမ်းဆောင်ရှင်တွေဟာ စိတ်ပင်ပန်းပြီး ခြေကုန်လက်ပမ်းကျတတ်လေ့ရှိကြပါတယ်။သင်အလုပ်ကြိုးစားလေ သင့်စွမ်းဆောင်ရည်က တက်လေဖြစ်ပေမယ့်၊ သင့်လူမှုဘဝကတော့ ထိုးဆင်းကျလာမှာဖြစ်ပါတယ်။ကျွန်တော် BCG မှာ နာရီပေါင်းများစွာ မရပ်မနားအလုပ်လုပ်ခဲ့တဲ့ပုံစံက ဒီလိုမို့လို့ ကျွန်တော်သိနေတာပါ၊၊ကျွန်တော်တို့ရဲ့ လေ့လာတွေ့ရှိမှုကတော့ အံ့အားသင့်စရာဖြစ်ပါတယ်။အဲဒီ “ဉာဏ်ပါပါ အလုပ်လုပ်ခြင်း” အလေ့အကျင့် ခုနစ်မျိုးက အလုပ်စွမ်းရည်ကိုပဲ တိုးတက်စေတာမဟုတ်ပဲ လုပ်ငန်းခွင်တွင်း လူမှုဘဝအရည်အသွေးကိုပါ တိုးတက်စေတာကို တွေ့ရပါတယ်။

ကျွန်တော်တို့ရဲ့ လေ့လာချက်မှာ တွေ့ရတဲ့ ဉာဏ်ပါပါအလုပ်လုပ်တဲ့သူများဟာ လုပ်ငန်းခွင်နဲ့ လူမှုဘဝ ဟန်ချက်ညီခြင်း၊ အလုပ်အပေါ် စိတ်ကျေနပ်မှုမြင့်မားခြင်းနဲ့ အလုပ်ပမ်းမှုနည်းပါးခြင်းတို့ကို တွေ့ကြုံရတယ်ဆိုတာကို  ရှေ့လာမယ့် ဆောင်းပါးတစ်ခုခုမှာ တင်ပြပေးမှာဖြစ်ပါတယ်။

အလုပ်မှာ အောင်မြင်တာနဲ့ ဘဝမှာ ပျော်ရွှင်မှုရရှိတာကို လဲလို့ရရင် လဲပစ်လိုက်ချင်တယ်ဆိုတဲ့သူတွေ အများကြီးနဲ့ ကျွန်တော်တွေ့ခဲ့ဖူးပါတယ်။အဲဒီလူတွေဟာ သူတို့ဘဝကို အလုပ်ထဲမှာနစ်မြှုပ် စတေးပြီး နာရီပေါင်းများစွာ အလုပ်ကို အင်ပြည့်အားပြည့် ကြိုးစားလုပ်ကိုင်ပြီး ထိပ်တန်းစွမ်းဆောင်ရှင်ဖြစ်အောင် လုပ်ခဲ့ကြတယ်။လူသားသန်းပေါင်းများစွာဟာ ဒီနည်းနဲ့ စွန့်လွှတ်အနစ်နာခံပြီး အလုပ်လုပ်ကြရတယ်၊ ဘာလို့လဲဆိုတော့ အလုပ်ကို ဘယ်လိုနည်းလမ်းပြောင်းလုပ်ရမယ်ဆိုတာ မသိကြလို့ပါ။သူတို့က အလုပ်ကို ဉာဏ်ပါပါ ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြပါဘူး။ခုတော့ ဒါအတွက် ရှင်းလင်းတဲ့အဖြေရှိခဲ့ပါပြီ။ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ တွေ့ခဲ့သလို သင်ဟာ အလုပ်မှာ အရမ်းထူးချွန်ပြောင်မြောက်အောင် အစွမ်းပြနိုင်သလို အလုပ်ထက် ကိုယ်ပိုချစ်မြတ်နိုးတဲ့ မိမိမိသားစု၊ သူငယ်ချင်းတွေအတွက် အချိန်ပေးနိုင်တာလိုမျိုး ကိစ္စတွေအတွက်လည်း အချိန်အများကြီးပေးနိုင်လာတာ တွေ့ရပါတယ်။အလုပ်မှာ ထူးချွန်တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ အလုပ်လုပ်ရာမှာ သင့်စိတ်အားထက်သန်ပျော်ရွှင်မှုကို ကောင်းကျိုးရရှိစေဖို့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ပေါင်းစပ်အလုပ်လုပ်ရင်း လူမှုဘဝလည်း အဆင်ပြေတာကို ဆိုလိုတာဖြစ်ပါတယ်။ဘယ်လောက်‌တောင် ကောင်းလိုက်သလဲဗျာ။

သင်ဟာ ကောလိပ်ကျောင်းပြီးကာနီး ကျောင်းသားပဲဖြစ်ဖြစ်၊ အလုပ်ဝင်လုပ်နေတာပဲဖြစ်ဖြစ်၊ သင့်အလုပ်မြဲဖို့နဲ့ သင့်အလုပ်ကို ပိုပြောင်မြောက်အောင် လုပ်ချင်တာပဲဖြစ်ဖြစ်၊ သင့်ရဲ့အလုပ်နဲ့ပတ်သက်ပြီး သိထားသမျှတွေကို ဘေးချိတ်ထားခဲ့ပြီး၊ ကျွန်တော်နည်းလမ်းဝေမျှပေးမယ့် ဉာဏ်ပါပါ အလုပ်လုပ်နည်း နိဿရည်းကို လာရောက်လေ့လာလှည့်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ကျွန်တော်တို့က ကိုယ့်အလုပ်မှာ ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ဖို့ အလေ့အကျင့်လေးမျိုးနဲ့ စတင်ပြီး၊ သူတပါးနဲ့ အလုပ်လုပ်ရာမှာ ထူးချွန်ပိုင်နိုင်စေမယ့် အလေ့အကျင့်သုံးမျိုးကို တစ်ဆက်တည်း ဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်။

          (ဆက်လက်ဖော်ပြပါမည်)

          အစွမ်းပြပြီး အလုပ်လုပ်ကိုင် အောင်မြင်သူများ ဖြစ်ကြပါစေ .....။

သက်ထွန်း (သျှမ်း)