【 ဆောင်းပါး 】 “လုယူခံရသော ကော်ဖီတစ်ခွက်”

【 ဆောင်းပါး 】 “လုယူခံရသော ကော်ဖီတစ်ခွက်”

ကျွန်တော့်ရှေ့ချထားသော အငွေ့ပြယ်ကော်ဖီခွက်ထဲမှာ ကျွန်တော်မသိသော ဘ၀တစ်ခု၏ အဓိပ္ပါယ်ရှိသည်။ဒီလို အချည်းအနှီးမဲ့ နေထိုင်ရှင်သန်ရသော လူနေမှုပုံစံထဲတွင် ဘာအတွက်မှန်းရှင်သန်နေရသော ကျွန်တော့်အဖို့ ကိုယ့်ဘ၀ကိုယ် ကိုယ်မကျေနပ်ခဲ့တာ ကြာခဲ့ပြီ။တစ်ခါတစ်လေ ကံငါးပါးလုံခြုံဖို့ ဘုရားကို ထပ်ခါထပ်ခါ ကတိပြုနေရသည့်အဖြစ်ကို တွေးမိသည့်အခါ စိတ်ထဲ ကိုယ့်ကိုယ်ကို မသဒီ၊ မနှစ်မြို့မိ။လူသည် ကော်ဖီတစ်ခွက်ဆို ကျွန်တော်ကား ယင်တစ်ကောင်ပြုတ်ကျနေသည့် ကော်ဖီခွက်ဖြစ်မည်ထင်သည်။
 
(၁)
 
‘သာယာသော နေခြည်နွေးနွေးအောက်တွင် ’ ဆိုသော ဖတ်ဖူးသည့် ၀တ္တုတစ်ပုဒ်၏ အဖွင့်စာမျက်နှာကို သတိရမိသည်။ထိုထဲမှ ဇာတ်ကောင်၏ သက်ဝင်လှုပ်ရှားမှုမျိုးဖြင့် နေ့တစ်ခုအစကို ကျွန်တော်နိုးထချင်သည်။သို့သော် မိုးမလင်းခင်ကတည်းက နိုးထနေသည့် စျေးသည်များ၊ လုပ်ချင်တာလုပ်ပြီး အသိဝင်လာသည့်အခါ နောင် လာမည့်ဘေးကိုကြောက်ပြီး ဆွမ်းလောင်းဖို့ ဆော်ဩသူများကြောင့် ကျွန်တော့်မနက်ခင်းက အုံခဲကိုက်ငြီးခြင်း ဖြင့် အစပျိုးလာချည်းသည်ပဲဖြစ်သည်။
 
တစီစီမြည်သော ခြင်များ၊ လိုအပ်သည်ထက်ပိုသော ခိုအုပ်များ၊ အဆိပ်ချကျွေးသတ်၍ မကုန်နိုင်သော ခွေးလေခွေးလွင့်များ၏ ကိုက်ခဲဟောင်သံများနှင့် အလိုက်ကမ်းဆိုးမသိသော အလှူခံအသံများက ကျွန်တော်၏ မနက်ခင်းတေးသံများဖြစ်သည်။ထိုတေးသံများကြားတွင် ဒယီးဒယိုင်ဖြင့် ကျွန်တော့်မနက်ခင်းက အနာယဉ်းနေသည့် သတ္တဝါတစ်ကောင်လို နိုးထလာရသလို။
 
အေးစက်စက်လေထုရှိနေသည့်အခန်း၊ ငွေထည့်မှ ရယ်ပြပြုံးပြ နွေးထွေးဖော်ရွေပြနိုင်သော မနုဇီ၀များ၊ အကြားအလပ်မရှိ လုံခြုံမှုကင်းမဲ့သော အရပ်ဒေသများ။ဤသို့သောအရပ်တွင် လူတစ်ယောက်၏အသက်ရပ်တည်မှု၊ ခြေဆန့်လက်ဆန့် အသက်မွေးမှုဆိုသည်မှာ ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲဆိုတာ ကျွန်တော်မသိ။တစ်ကယ်ဆို ကျွန်တော်မငယ်တော့ "သုံးဆယ်ခြောက်ကောင်ဆိုသော" လောင်းကစားနည်းကိုပင် ကျော်လွန်ခဲ့တာ အခါလည်ပေါင်းမနည်းတော့။ဒီအချိန်အထိ အတိတ်ဆိုသည်မှာ ဝါးတားတား၊ ပစ္စုပ္ပန်သည် မှုန်တုံတုံ၊ အနာဂတ်သည် နှင်းမကွဲသေးသည့်‌ မနက်ခင်းလား၊ မိုးသည်းထန်နေသည့် မနက်ခင်းလား။
 
(၂)
 
ကျွန်တော်ရှေ့တွင် ကော်ဖီတစ်ခွက်ချထားသည်။ကော်ဖီထဲတွင် ခိုကိုးရာမဲ့သွားသည့် ယင်ကောင်တစ် ကောင်။ကျွန်တော့်စိတ်ကရော ယင်ကောင်ထက်ပို၍ပင် ခိုကိုးရာမဲ့နေခဲ့သည်။လူ့ဘ၀ဆိုတာ ရခဲလှတယ်၊ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းသာ ထိလွယ်မယ် လူဖြစ်ဖို့မလွယ်ဘူးဆိုသော်လည်း လမ်းပေါ်ကစားနေသည့် များလှသည့် ကလေးငယ်များနှင့် သေနိုင်ခဲ့လွန်းသည့် လူတွေ အဖြစ်က ထိုအချက်ကို မေးငေါ့ထိုးနေသလို။
 
ကျွန်တော်တို့ လူဖြစ်တာ ဗြဟ္မာ့ပြည်ကနေ မိုးလုံးပြည့် အပ်တွေပစ်ချလိုက်လို့ ဖြစ်လာရတာလား တွေးမိသည့်အခါ ကျွန်တော့်ဘာသာ အူလှိုက်သဲလှိုက် ရယ်မောမိသည်။
 
ဘာကြောင့်များ လူ့သက်တမ်းက နှစ် ၁၀၀ နှစ် ၆၀ ဖြစ်နေရပါသလဲ။ခြင်များလို တစ်ရက်သာရှင်သန်ရ သည်ဆို ယခုလို တစ်ယောက်နဲ့ တစ်ယောက် ဖိချေတာတွေ၊ မတန်တာတွေ၊ လုတာယက်တာတွေ၊ ပိုင်ဆိုင်မှုတွေ လုပ်စရာမလို။ဘာမှသင်ယူစရာမလိုသလို ဘာမှကိုးကွယ်ဖို့လည်း လိုမည်မဟုတ်။
 
သို့သော် ဒီလိုတွေးမိတိုင်း နတ်ပြည်က တစ်ရက်က လူ့သက်တမ်းတစ်ခုလို့ဆိုသည့်အခါ ကုသိုလ်ကောင်းမှု တင်းကြမ်းလုပ်ပြီး နတ်ပြည်ရောက်တဲ့သူတွေကို သနားမိသွားသည်။
 
(၃)
 
ကျွန်တော် ဘာကိုစိုးရိမ်နေသလဲ၊ ကျွန်တော် ဘာကို စိတ်အစာမကျေဖြစ်နေသလဲဆိုတာ .. ဒါ ခင်ဗျားသိချင်နေသည့် မေးခွန်းဖြစ်ကောင်း ဖြစ်နိုင်သည်။ကျွန်တော်လည်း ဖြေချင် ဖြေနိုင်သည်။ဒါပေမယ့် ကျွန်တော့် စိတ်အဇ္ဇုတထဲ နက်နက်ရှိုင်းရှိုင်းရှိနေသည့်အရာကို ကျွန်တော်တောင်မသိရတာ ဘယ်အရာလို့ ကျွန်တော်ဝန်ခံရမည်နည်း။နေ့စဉ် လူနေမှုပုံစံထဲမှာ ထပ်ခါတလဲလဲ တွေ့ကြုံနေရသည့်အရာတွေ၊ ပို၍ပို၍ဆိုးလာသည့် လူမှုဆက်ဆံရေးတွေ၊ မရေရာသည့် ရှင်သန်မှုတွေ။တကယ်တော့ နေ့တစ်နေ့ နေ့တစ်နေ့ဆိုသည်မှာ ကျွန်တော်တို့ ခင်ဗျားတို့ကိုယ်တိုင်က လေးဘက်လေးတန် ပိတ်ဆို့ကာရံထားတဲ့ အခန်းထဲကနေ ဒီထက်ပို၍ပို၍ကျဉ်းသော အခန်းထုနံရံနားကို တရွေ့ရွေချည်းကပ်သွားခြင်းတစ်မျိုးသာဖြစ်သည်။ဒါက ကျွန်တော်တို့ နားလည်ထားသည့် တိုးတက်မှုဆိုသော ‘သိမှတ်မှားမှု’ ပင် ဖြစ်သည်။
 
ကော်ဖီခွက်ထဲတွင် ကျွန်တော်က မနက်ခင်းကို ထည့်ဖျော်ထားသည်။ထိုမနက်ခင်းထဲ ကျွန်တော့်စိတ်ကူးတွေ အများကြီးမရှိ။ကျွန်တော်မြင်သည့်အရာတွေကို ဆေးမခြယ်ထားရသည့် ပန်းချီကားတွေလို အရောင်လေးတွေ လိုက်ထည့်ကြည့်နေရုံ။
 
သို့သော် ကျွန်တော့်ကော်ဖီခွက်ထဲ ယင်တစ်ကောင်ရှိနေသည်။ယင်တစ်ကောင်အတွက်တော့ ကျွန်တော့်ကော်ဖီခွက်က သူ့ရဲ့နောက်ဆုံးပန်းချီကားဖြစ်ခဲ့သည်။
 
တကယ်လို့ ကျွန်တော်တို့သာ ယင်ကောင်တစ်ကောင်ဆိုလျှင် ကမ္ဘာမြေကြီးက သောက်လို့မကုန် နိုင်သည့် ကော်ဖီခွက်အတော်ကြီးကြီး ဖြစ်ပေလိမ့်မည်။
 
လင်းနိုင်ကျော်စိုး
စက်တင်ဘာ - ၉