【 အားကစား 】 ကိုဗစ်ကာကွယ်ဆေးမထိုးထားသည့် ကစားသမားများ ချန်ပီယံလိဂ်တွင် ကစားခွင့်ရမည်ဟု ချဲလ်ဆီးနည်းပြ တူချယ်လ် ယုံကြည်နေ

【 အားကစား 】 ကိုဗစ်ကာကွယ်ဆေးမထိုးထားသည့် ကစားသမားများ ချန်ပီယံလိဂ်တွင် ကစားခွင့်ရမည်ဟု ချဲလ်ဆီးနည်းပြ တူချယ်လ် ယုံကြည်နေ

ချဲလ်ဆီးအသင်းရဲ့ နည်းပြကြီး သောမတ်စ် တူချယ်လ်မှ ချဲလ်ဆီးအသင်းမှ ကိုဗစ်ကာကွယ်‌ဆေးထိုးနှံထားခြင်းမရှိသေးတဲ့ ကစားသမားများဟာ လာမယ့်လအတွင်း ပြင်သစ်နိုင်ငံသို့ သွားရောက်ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ကစားခွင့်ရရှိနိုင်မယ်လို့ ယုံကြည်လျက်ရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့်လအတွင်း ပြင်သစ်ကလပ် လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံရဲ့ တင်းကြပ်တဲ့ ကိုဗစ်စည်းမျဉ်းများကြောင့် ပြင်သစ်လီဂူးချန်ပီယံအသင်းကို ရင်ဆိုင်ရာမှာ ပြဿနာများရှိနိုင်တယ်လို့ ချဲလ်ဆီးနည်းပြ တူချယ်လ် က လွန်ခဲ့သောလက ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ မကြာသေးမီက စည်းမျဉ်းများကို ဖြေလျှော့လိုက်ခြင်းကြောင့် ချဲလ်ဆီးအသင်းရဲ့ ကာကွယ်ဆေးမထိုးရသေးတဲ့ ကစားသမားများဟာ ကင်းလွတ်ခွင့်ရရှိပြီး ခရီးသွားနိုင်ဖွယ်ရှိလာတာဖြစ်ပါတယ်။

မတ်လ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်အတွက် ‌ကာကွယ်ဆေးမထိုးရသေး‌သော ကစားသမားများ မပါဝင်ဘဲ ကစားရန် ပြင်ဆင်နေသလားဟု မေးမြန်းတဲ့အခါ ချဲလ်ဆီးအသင်း နည်းပြကြီး တူချယ်လ်မှ "မဟုတ်ဘူး၊ ကျနော်မထင်ပါဘူး၊ လောလောဆယ် စည်းမျဉ်းစည်းကမ်းတွေက လူတိုင်းနဲ့ ခရီးသွားနိုင်မယ်လို့ ထင်ပါတယ်၊ ပြီးတော့ ငါတို့ လူတိုင်းကို လိုအပ်တယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးအသင်းရဲ့ အဓိက ညာနောက်ခံကစားသမား ရိစ် ဂျိမ်းစ်ဟာ ဒီဇင်ဘာလကုန်ကတည်းက တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေခဲ့ရာမှ ယခုရက်သတ္တပတ်မှာ ပြန်လည်ကစားနိုင်ဖွယ်ရှိနေပါတယ်။

ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းဟာ ယမန်နှစ် မေလက ပေါ်တိုမှာ မန်စီးတီးအသင်းကို အနိုင်ယူပြီး ရရှိထားခဲ့တဲ့ ချန်ပီယံလိဂ်ဆုဖလားကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်လျက်ရှိနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ပြင်သစ်ကလပ် လိုင်လီအသင်းနဲ့ ဖေဖော်ဝါရီ ၂၃ ရက် နံနက်အစောပိုင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Linko
Ref - dailymail
ဖေဖော်ဝါရီ - ၂၁