【 အားကစား 】 ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကို ကန့်ကွက်ခဲ့ကြတဲ့ ဘောလုံးလောက

【 အားကစား 】 ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကို ကန့်ကွက်ခဲ့ကြတဲ့ ဘောလုံးလောက

ရုရှားမှ ယူကရိန်းအပေါ် ယမန့်နေ့က စတင်ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။

ထိုကျူးကျော်တိုက်ခိုက်မှုကို ကမ္ဘာတစ်ဝန်းမှ ဘောလုံးကလပ်အသင်းတွေနဲ့ ဘောလုံးသမားတွေဟာလည်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

ဂျာမန်ကလပ် ဒေါ့မွန်အသင်းကတော့ အသင်းရဲ့ တရားဝင်လူမှုကွန်ရက်တွေပေါ်မှာ "ဥရောပမြေပေါ်မှာ စစ်ပွဲစတင်ခဲ့တဲ့အတွက် အံ့အားသင့်မိပါတယ်၊ ရုရှားရဲ့ အမျိုးသားရေးဥပဒေကို ဆန့်ကျင်တဲ့ ချိုးဖောက်မှုအပေါ် ရှုတ်ချပါတယ်၊ ယူကရိန်းပြည်သူတွေအတွက် ဆုတောင်းပေးနေပါတယ်" ဟု ပို့စ်များတင်ကာ ရုရှားက ယူကရိန်းအပေါ်ကျူးကျော်မှုကို ဆန့်ကျင်ခဲ့ပါတယ်။

ယနေ့ နံနက်အစောပိုင်းက ကစားခဲ့တဲ့ နာပိုလီအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ယူရိုပါလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်မှာလည်း နှစ်သင်းကစားသမားတွေဟာ စစ်ပွဲကိုရပ် (Stop War) စာသားပါ ဗီနိုင်းကို ကိုင်ဆောင်ပြီး စစ်ပွဲကိုဆန့်ကျင်ခဲ့ပါတယ်။

ယူကရိန်းလက်ရွေးစင်ဟောင်းနဲ့ အေစီမီလန်အသင်း ဂန္တဝင်တိုက်စစ်မှူးကြီး ရှဖ်ချန်ကိုကတော့ ၎င်းရဲ့ တွစ်တာလူမှုကွန်ယက်ပေါ်မှာ "လွန်ခဲ့တဲ့ အစောပိုင်းတွေမှာ ရုရှားက စစ်ပွဲကို စတင်ခဲ့တယ်၊ ကျနော်တို့ပြည်သူတွေနဲ့ ကျနော့်မိသားစုဟာ တိုက်ခိုက်ခံနေရတယ်၊ ယူကရိန်းနဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းရေးနဲ့ နယ်မြေစိုးမိုးရေးကိုသာ လိုလားပါတယ်၊ ကျွန်ုပ်တို့နိုင်ငံကို ကူညီပံ့ပိုးပေးရန်နဲ့ ရုရှားအစိုးရရဲ့ ရန်လိုမှုနဲ့ နိုင်ငံတကာဥပဒေများကို ချိုးဖောက်မှုများ ရပ်တန့်ဖို့ တောင်းဆိုပေးကြပါ၊ ကျနော်တို့ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်၊ စစ်ပွဲက အဖြေမဟုတ်ပါဘူး" ဟု ရေးသား ဆန့်ကျင်ခဲ့ပါတယ်။

ယူကရိန်းလက်ရွေးစင်နဲ့ မန်စီးတီးအသင်း ကစားသမားဖြစ်သူ ဇင်ချန်ကိုကတော့ ရုရှားသမ္မတ ပူတင် ကို ပြင်းထန်တဲ့စကားလုံးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး၊ "ဗလာဒီမာ ပူတင် နာကျင်စွာသေဆုံးဖို့ မျှော်လင့်ပြီး၊ ယူကရိန်း‌ပြည်သူတွေ စည်းလုံးကြဖို့ လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။

ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဆလားဗီယားပရဂ်အသင်းနဲ့ ဒိုင်နမိုဇာဂရက်အသင်းတို့ဟာလည်း စစ်ကိုဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသခဲ့ကြပြီး၊ အတ္တလန်တာအသင်းရဲ့ ယူကရိန်းလက်ရွေးစင် ကွင်းလယ်ကစားသမား မီလင်နော့ဗ်စကီးကတော့ ဂိုးသွင်းပြီးချိန်ကို အင်္ကျီကိုလှန်တင်ပြီး စစ်ပွဲဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒေါ့မွန်ကဲ့သို့ ဂျာမန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရှော်ကေးအသင်းကတော့ အဓိကစပွန်ဆာဖြစ်တဲ့ ရုရှားဓာတ်ငွေ့ကုမ္ပဏီ Gazprom နဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပြီး စစ်ပွဲကို ဆန့်ကျင်ခဲ့ပါတယ်။

မန်ယူအသင်းကလည်း ရုရှားလေကြောင်းလိုင်း Aeroflot နဲ့ စပွန်ဆာစာချုပ်ကို ဖျက်သိမ်းမှာဖြစ်ပြီး၊ ဒိုင်နမိုမော်စကိုအသင်းမှာ ကစားနေတဲ့ ရုရှားဘောလုံးသမား ဆမိုလော့ဗ်ကလည်း ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကို အလိုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ဆမိုလော့ဗ်ဟာ ရုရှားဘောလုံးသမားများထဲ ရုရှားရဲ့ ကျူးကျော်မှုကို ပထမဆုံးဆန့်ကျင်တဲ့ ကစားသမားဖြစ်ပါတယ်။

Linko
ဖေဖော်ဝါရီ - ၂၅