【 အားကစား 】 အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့ကျဆုံးမှုများ

【 အားကစား 】 အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့ကျဆုံးမှုများ

လွန်ခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာတော့ အာဆင်နယ်အသင်းဟာ ကစားသမား ၆ ဦးအတွက် ပေါင် သန်း ၁၆၀ အသုံးပြုခဲ့ပါတယ်။

လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာတော့ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုများဟာ ကျဆုံးလျက်ရှိနေပါတယ်။

အာဆင်နယ်အသင်း နည်းပြ အာတီတာအနေနဲ့ ဗဟိုနောက်ခံလူတစ်ဦးကို ခေါ်ယူလိုနေပြီး၊ အာဆင်နယ်အသင်းဟာလည်း တိုက်စစ်မှူးပြဿနာကို ရေရှည်ဖြေရှင်းရန်အတွက် ဖီအိုရင်တီးနား တိုက်စစ်မှူး ဒူဆန် ဗယ်လ်ဟိုဗစ် ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။အာဆင်နယ်အသင်းနဲ့ သတင်းများထွက်ပေါ်နေစဉ်မှာပဲ ဆားဘီးယားလက်ရွေးစင် တိုက်စစ်မှူးဟာ ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီး အာဆင်နယ်အသင်းအတွက် လွဲချော်ခဲ့တဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ဗယ်လ်ဟိုဗစ် တစ်ဦးတည်းကိုပဲ အာဆင်နယ်အသင်းဘက်က လွဲချော်ခဲ့တာမဟုတ်ပါဘူး၊ ယခု နယူးကာဆယ်အသင်းကို ရောက်ရှိသွားခဲ့ပြီဖြစ်တဲ့ လိုင်ယွန်အသင်း ကွင်းလယ်ကစားသမား ဘရူနို ဂွီမာရေးစ်ဟာလည်း အာဆင်နယ်အသင်းဘက်က ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့ ကျဆုံးခန်းမတိုင်မီမှာ အာဆင်နယ်အသင်းဘက်က ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့်လည်း အခြားသောအသင်းတွေကို ရောက်ရှိသွားခဲ့တဲ့ ကြယ်ပွင့်ကစားသမားအများအပြားလည်းရှိခဲ့ဖူးပါသေးတယ်။ထိုကစားသမားတွေကတော့ ....

ဂီယန်လီဂီ ဘူဖွန် (ပါးမား)

ကမ္ဘာ့အကောင်းဆုံး ဂိုးသမားကြီးတွေထဲက တစ်ဦးဖြစ်တဲ့ ဘူဖွန် ကို ၁၉၉၈ ခုနှစ်မှာ အာဆင်နယ်အသင်းဘက်က စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ဒေးဗစ် ဆီမန်းနဲ့ ယန်းစ် လေးမန်းတို့လို ဂိုးသမားတွေရှိနေတဲ့အတွက် ဘူဖွန် ကို ခေါ်ယူရေး လက်လျှော့ခဲ့ပါတယ်။

လီယွန်နယ် မက်ဆီနဲ့ ဂျရတ် ပီကေး (ဘာစီလိုနာ အကယ်ဒမီ)

အာဆင်နယ်အသင်းဘက်က ဘာစီလိုနာ အကယ်ဒမီကစားသမားများဖြစ်တဲ့ မက်ဆီ၊ ဖာဘရီဂတ်စ်နဲ့ ပီကေးတို့ ၃ ဦးလုံးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ဖာဘရီဂတ်စ်ကိုသာ အာဆင်နယ်အသင်း ရရှိခဲ့ပြီး၊ မက်ဆီကတော့ ဘာစီလိုနာမှာ ဆက်လက်ကစားကာ ပီကေးကတော့ မန်ယူအသင်းဆီကို ရောက်ရှိသွားခဲ့ပါတယ်။

ဗင်းဆင့် ကွန်ပနီ (အန်ဒါလက်ခ်ျ)

မန်စီးတီးအသင်းနဲ့ အောင်မြင်မှုတွေ စိုက်ထူနိုင်ခဲ့တဲ့ ကွန်ပနီ ကို အန်ဒါလက်ခ်ျအသင်းမှာကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ ဟမ်းဘတ်အသင်းကိုသာ ကွန်ပနီ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ရာဖယ်လ် ဗာရာနီ (လန်းစ်)

ရီးရဲလ်မက်ဒရစ် နောက်ခံလူဟောင်း လက်ရှိ မန်ယူနောက်ခံလူ ဗာရာနီ ကို အာဆင်နယ်အသင်းက လန်းစ်အသင်းက‌နေ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့ အပြောင်းအရွှေ့ဟာ ဖြစ်မလာခဲ့ပါဘူး။

ဂါရက် ဘေးလ် (ဆောက်သမ်ပတန်)

ဆောက်သမ်ပတန်မှာ ကစားနေခဲ့တဲ့ ဘေးလ် ကို အာဆင်နယ်အသင်း ခေါ်ယူနိုင်ဖို့ အခွင့်အရေးရခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပြိုင်ဘက် စပါးအသင်းထံ လက်လွှတ်ခဲ့ရပါတယ်။

ယာယာတိုရေး

အစ်ကိုဖြစ်သူ ကိုလိုတိုရေး ကို အာဆင်နယ်အသင်း ခေါ်ယူနိုင်ခဲ့ပေမယ့် ယာယာတိုရေးကိုတော့ လက်လွှတ်ခဲ့ရပါတယ်။အာဆင်နယ် နည်းပြကြီး အာစင်ဝင်းဂါးကတော့ ကျနော့်ရဲ့ နောင်တရမှုမှာ ယာယာ ကို မခေါ်နိုင်လို့ နောင်တရတာ ထိပ်ဆုံးကပဲလို့ ဆိုခဲ့ပါတယ်။

အန်ဂိုလို ကန်တေ (လက်စတာ)

ကန်တေ ကို ပထမဆုံး ခေါ်ယူခွင့်ရရှိခဲ့တာ အာဆင်နယ်အသင်းဖြစ်ပါတယ်။ဒါပေမဲ့ အေးဂျင့်ခ ညှိနှိုင်းလို့မရခဲ့တာကြောင့် ခါးသီးပြိုင်ဘက် ချဲလ်ဆီးအသင်းထံ လက်လွှတ်ခဲ့ရပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒို (စပို့တင်းလစ္စဘွန်း)

စီရော်နယ်လ်ဒို ကို အာဆင်နယ်အသင်း ပိုင်ဆိုင်ခွင့်ရဖို့ နီးစပ်ခဲ့ပါသေးတယ်။ဒါပေမဲ့ မန်ယူအသင်းက လျင်လျင်မြန်မြန် လှုပ်ရှားကာ အာဆင်နယ်အသင်းထက် ပြောင်းရွှေ့ကြေး ပိုပေးပြီး ခေါ်ယူသွားခဲ့ပါတယ်။

လူးဝစ်ဆွာရက်ဇ် (လီဗာပူးလ်)

လီဗာပူးလ်က ထွက်တော့မယ့် ဆွာရက်ဇ် ကို အာဆင်နယ်အသင်းဘက်က ခေါ်ယူခွင့်ရရှိခဲ့ပါတယ်။လီဗာပူးလ်အသင်းဘက်က ပေါင် သန်း ၄၀ ထက် ‌ပိုတောင်းခဲ့တာကြောင့် အာဆင်နယ်အသင်းဘက်က ပေါင် သန်း ၄၀ ထက် တစ်ပေါင်တိုးပေးရာမှာ လီဗာပူးလ်အသင်းဘက်က ဒေါသပုန်ထပြီး ဘာစီလိုနာအသင်းဆီကို ရောင်းထုတ်ခဲ့ပါတယ်။

ဇလာတန် အီဗရာဟီမိုဗစ်(မယ်လ်မို)

အသက် ၁၇ နှစ်သာရှိသေးတဲ့ ဇလာတန် ကို အာစင်ဝင်းဂါး ကိုယ်တိုင် စိတ်ဝင်စားခဲ့ပါတယ်။ဒါပေမဲ့ ဇလာတန်ဘက်က ငြင်းပယ်ခဲ့ပါတယ်။

ကိုင်လီယန် အမ်ဘက်ပီ (မိုနာကို)

မိုနာကို လူငယ်လေး အမ်ဘက်ပီ ကို ဝင်းဂါးဘက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ စာချုပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။လက်ရှိအချိန်မှာတော့ အမ်ဘက်ပီရဲ့ တန်ကြေးဟာ ပေါင် သန်း ၂၀၀ နီးပါး တန်ကြေးရှိ‌နေခဲ့ပါပြီ။

Linko
Ref - Mirror
ဇန်နဝါရီ - ၃၁